လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ လုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြတ်မြတ်အုန်းခင်သည် တာဝန်ရှိသူများလိုက်ပါလျက် ဖေဖော်ဝါရီလ (၆) ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့သို့ သွားရောက်ကာ လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများအား ကွင်းဆင်းဆောင်ရွက်ခြင်း

လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ လုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြတ်မြတ်အုန်းခင်သည် တာဝန်ရှိသူများလိုက်ပါလျက် ဖေဖော်ဝါရီလ (၆) ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့သို့ သွားရောက်ကာ ကျပ်ပြင်အုပ်စု၊ ပန်းမရွာသစ်ရပ်တွင် နေထိုင်သော အသက် (၁၀၁) နှစ်ရှိ အဘွား ဒေါ်လှရင်၊ ကသဲအလယ်ပိုင်းရပ်နေ အသက် (၁၀၁) နှစ်ရှိ အဘွား ဒေါ်ညိမ်း၊ တောင်ကချင်စုနေ အသက် (၁၀၀) နှစ်ရှိ အဘိုးဦးကံနှင့် အသက် (၁၀၂) နှစ်ရှိ အဘွားဒေါ်အလေးမီးတို့၏ နေအိမ်များသို့ သွားရောက်ပြီး နိုင်ငံတော်သမ္မတကြီးကိုယ်တိုင် လက်မှတ်ရေးထိုးထားသော ဂုဏ်ပြုလွှာနှင့် နိုင်ငံတော်သမ္မတ၊ ဒုတိယသမ္မတများ၊ ပြည်ထောင်စုဝန်ကြီးများနှင့် ဒုတိယဝန်ကြီးများ၏ ချီးမြှင့်ငွေ (၂၅%) စုဆောင်းငွေမှ ထောက်ပံ့ငွေ (၂) သိန်းကျပ်စီနှင့် ဝန်ကြီးဌာနမှ အသုံးအဆောင်ပစ္စည်းများနှင့် တိုင်းရင်းဆေးဝါးများအား ပေးအပ်ပြီး မိသားစုဝင်များကို ဂုဏ်ပြုဝမ်းမြောက်ကြောင်း ပြောကြားပါသည်။
ထို့နောက် ရှမ်းစုရပ်ရှိ ကိုယ့်အားကိုယ်ကိုးမူလတန်းကြိုကျောင်းသို့ သွားရောက်ကာ မူလတန်းကြိုကျောင်းရှိ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း နှစ် (၁၀၀) ပြည့်မွေးနေ့အထိမ်းအမှတ်နှင့် မြန်မာနိုင်ငံကလေးများနေ့ အကြိုလှုပ်ရှားနေမှုများအနေဖြင့် ကျင်းပသော “ချစ်စရာ့အရွယ် ကစားကြမည်” ပြိုင်ပွဲအား ကြည့်ရှုအားပေး၍ ဆုရရှိသူ မူကြိုကလေးများကို ဆုများချီးမြှင့်ပေးပါသည်။ ဆက်လက်၍ ကိုယ့်အားကိုယ်ကိုးမူလတန်းကြိုကျောင်းနှင့် မိခင်/ကလေးမူကြိုကျောင်းများအတွက် (၅) သောင်းကျပ်စီ ထောက်ပံ့ပေးခဲ့ပါသည်။
၎င်းနောက် ရှောလီဝိုင်အုပ်စု၊ အရှေ့ရွာ ဘုန်းတော်ကြီးကျောင်းသို့ ရောက်ရှိပြီး နယ်မြေလုံခြုံရေးအခြေအနေကြောင့် ပြောင်းရွှေ့အိမ်ထောင်စုများအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၂၂.၂၁၈) သိန်းကို သက်ဆိုင်သူများထံ ပေးအပ်ကာ အားပေးနှစ်သိမ့်ပေးခဲ့ပါသည်။
ထို့နောက် မိုးကုတ်မြို့ မင်းတံတားရပ်ကွက်ရှိ ဝန်ကြီးဌာန အသိအမှတ်ပြု ရတနာသိဒ္ဓိလူငယ်ပရဟိတဂေဟာသို့ သွားရောက်ကာ ရေတွင်းတူးရန် မတည်အလှူငွေ (၁) သိန်းကျပ်လှူဒါန်းပြီး မြန်မာနိုင်ငံကလေးများနေ့ အကြိုလှုပ်ရှားမှုအနေဖြင့် ကျင်းပသော စာပေဟောပြောပွဲအား ကြည့်ရှုအားပေးပါသည်။
ဖေဖော်ဝါရီလ (၇) ရက်နေ့တွင် သပိတ်ကျင်းမြို့နယ်၊ ပိုးဇာနွယ်ကျေးရွာသို့ ကွင်းဆင်းပြီး အသက် (၁၀၆) နှစ်ရှိ အဘွား ဒေါ်လချီးလု၏နေအိမ်သို့ သွားရောက်ကာ ဂုဏ်ပြုလွှာ၊ ထောက်ပံ့ငွေ (၂) သိန်းကျပ်နှင့် ဝန်ကြီးဌာနမှ အသုံးအဆောင်ပစ္စည်းများနှင့် တိုင်းရင်ဆေးဝါးများအား ပေးအပ်ပြီး မိသားစုဝင်များကို ဂုဏ်ယူဝမ်းမြောက်ကြောင်း ပြောကြားပါသည်။ ထို့နောက် စဉ့်ကူးမြို့နယ်၊ ရွှေလှကျေးရွာ၊ အဘွား ဒေါ်ကြိုင်၏နေအိမ်သို့ သွားရောက်ကာ ဂုဏ်ပြုလွှာနှင့် ထောက်ပံ့ငွေတို့အား နိုင်ငံတော်ကိုယ်စား ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။

Sign Up

Upcoming Events