လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် အင်ဒိုနီးရှားနိုင်ငံ၊ ဂျာကာတာမြို့တွင် (၂၉-၉-၂၀၁၆) ရက်နေ့နှင့် (၃၀-၉-၂၀၁၆) ရက်နေ့များတွင် ကျင်းပပြုလုပ်သည့် (၉) ကြိမ်မြောက် အာဆီယံလူမှုဝန်ထမ်းနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ဝန်ကြီးများအဆင့်အစည်းအဝေးနှင့် (၅) ကြိမ်မြောက် အာဆီယံ +၃ လူမှုဝန်ထမ်းနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ဝန်ကြီးများအဆင့် အစည်းအဝေးသို့ တက်ရောက်ခဲ့ပါသည်။
ပြည်ထောင်စုဝန်ကြီးသည် (၂၉-၉-၂၀၁၆) ရက်နေ့၊ နံနက်ပိုင်းတွင် လူမှုဝန်ထမ်းဆိုင်ရာ အာဆီယံနိုင်ငံများ၏ ဝန်ကြီးများအလွတ်သဘောဆွေးနွေးပွဲသို့ တက်ရောက်ခဲ့ပြီး အာဆီယံဒေသတွင်းကလေးသူငယ်များ၊ မသန်စွမ်းသူများ၊ လူငယ်များ၊ အမျိုးသမီးများ၊ သက်ကြီးရွယ်အိုများနှင့် ထိခိုက်လွယ်သောအုပ်စုများအတွက် လူမှုဝန်ဆောင်မှုနှင့်ကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများနှင့်စပ်လျဉ်း၍ ဆွေးနွေးပြောကြားခဲ့ပါသည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် (၉) ကြိမ်မြောက် အာဆီယံလူမှုဝန်ထမ်းနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ဝန်ကြီးအဆင့်အစည်းအဝေးသို့တက်ရောက်၍ အာဆီယံလူမှုကာကွယ်စောင့်ရှောက်မှုမြှင့်တင်ရေးကြေငြာချက်အား အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး၊ မြန်မာနိုင်ငံအနေဖြင့် လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ မဟာဗျူဟာစီမံချက်ရေးဆွဲကာ စတင်အကောင်အထည်ဖော် ဆောက်ရွက်လျက်ရှိကြောင်း၊ အာဆီယံဒေသတွင်း အမျိုးသမီးနှင့်ကလေးသူငယ်များအား အကြမ်းဖက်မှု ပပျောက်ရေးဆိုင်ရာစီမံချက်၊ ရှေးဦးအရွယ်ကလေးသူငယ်ပြုစုစောင့်ရှောက်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အရည်အသွေးစံသတ်မှက်ချက် ရေးဆွဲချမှတ်နိုင်ခြင်းများအတွက် ဂုဏ်ယူပါကြောင်း၊ အာဆီယံ သက်ကြီးရွယ်အိုများဆိုင်ရာ ကြေငြာချက်နှင့် မသန်စွမ်းသူများဆိုင်ရာ ဘာလီကြေညာချက်များအား အာဆီယံ+၃ နိုင်ငံများနှင့် ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားခဲ့ပါသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် (၃၀-၉-၂၀၁၆) ရက်နေ့တွင် ကျင်းပပြုလုပ်သည့် (၅) ကြိမ်မြောက် အာဆီယံ+၃ လူမှုဝန်ထမ်းနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ဝန်ကြီးများအဆင့်အစည်းအဝေးသို့ ဆက်လက်တက်ရောက်၍ မြန်မာနိုင်ငံအနေဖြင့် အာဆီယံ+၃ မိတ်ဖက်နိုင်ငံများဖြစ်သည့် တရုတ်နိုင်ငံ၊ ဂျပန်နိုင်ငံနှင့် တောင်ကိုရီးယားနိုင်ငံများအား လူမှုဝန်ထမ်းဆိုင်ရာ လုပ်ငန်းကဏ္ဍများတွင် ပံ့ပိုးကူညီမှုများအား ကျေးဇူးတင်ရှိပါကြောင်းပြောကြားပြီး ဆက်လက်ပူးပေါင်း ဆောင်ရွက်နိုင်ရေးကိစ္စရပ်များကို အဆိုပါ (၃) နိုင်ငံ၏ လူမှုဝန်ထမ်းဆိုင်ရာဝန်ကြီးများနှင့် ဆွေးနွေးညှိနှိုင်း ခဲ့ပါသည်။
အဆိုပါဝန်ကြီးအဆင့်အစည်းအဝေးများနှင့် ဆက်စပ်သည့် (၁၂) ကြိမ်မြောက် အာဆီယံလူမှုဝန်ထမ်းနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများအစည်းအဝေးနှင့် (၁၁) ကြိမ်မြောက် အာဆီယံ+၃ အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးသို့ လူမှုဝန်ထမ်းဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် ကိုယ်စားလှယ်များ တက်ရောက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။