အာဆီယံပြန်လည်ထူထောင်ရေးအစီအစဉ်ရေးဆွဲရေးအတွက် အာဆီယံနိုင်ငံများမှ တာဝန်ပေးအပ်ထားသော အဖွဲ့ဝင်များနှင့် ညှိနှိုင်းဆွေးနွေးသည့် ပထမအကြိမ်အစည်းအဝေးဖွင့်ပွဲအခမ်းအနားကို ဖေဖော်ဝါရီလ (၅) ရက်နေ့၊ နံနက် (၀၉:၀၀) နာရီအချိန်တွင် နေပြည်တော်ရှိ သင်္ဂဟဟိုတယ်၌ ကျင်းပပြုလုပ်ရာ အမျိုးသားသဘာဝဘေးကာကွယ်စောင့်ရှောက်ရေးစီမံခန့်ခွဲမှုလုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာမြတ်မြတ်အုန်းခင် တက်ရောက်အဖွင့်အမှာစကားပြောကြားရာတွင် ၂၀၁၀ ခုနှစ်မှ ၂၀၁၅ ခုနှစ်အထိ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုနှင့် အရေးပေါ်တုံ့ပြန်မှုဆိုင်ရာ အာဆီယံသဘောတူညီချက် (ASEAN Agreement on Disaster Management and Emergency Response – AADMER) အား အာဆီယံအဖွဲ့ဝင်နိုင်ငံတွေက ဝိုင်းဝန်းအကောင်အထည်ဖော်ဆောင်ရွက်လျက် ရှိပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် အာဆီယံပြန်လည်ထူထောင်ရေးလုပ်ငန်းအစီအစဉ်ရေးဆွဲရေးတွင် ဦးဆောင်အဖြစ် ဆောင်ရွက်လျက်ရှိပါကြောင်း၊ “ဒေသတစ်ခု၊ ပြန်လည်ထူထောင်ရေးတစ်ခု” ဆိုတဲ့ရည်မှန်းချက်ကို ရောက်ရှိစေရေးအတွက် တက်ရောက်လာကြသူများအနေနဲ့ တက်ညီလက်ညီ ပူးပေါင်းဆောင်ရွက်စေလိုပါကြောင်း စသည်ဖြင့် ပြောကြားခဲ့ပါသည်။
ထို့နောက် အာဆီယံအတွင်းရေးမှူးချုပ်ရုံး၏ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုနှင့် လူသားချင်းစာနာမှုဆိုင်ရာအကူအညီ ပေးရေးဌာနမှ ဌာနမှူး Ms.Adelina Dwl Ekawati က ပြန်လည်ထူထောင်ရေးလုပ်ငန်းအဖွဲ့၏ လုပ်ငန်းတိုးတတ်မှုအခြေအနေများနှင့် ဆောင်ရွက်ရန်ရှိသည်များကို ပြောကြားခဲ့ပါသည်။
(၂) ရက်ကြာကျင်းပမည့် ဆွေးနွေးပွဲသို့ အာဆီယံနိုင်ငံများမှ ကိုယ်စားလှယ် (၅၀) ဦးတက်ရောက်ခဲ့ကြပြီး အာဆီယံပြန်လည်ထူထောင်ရေးအစီအစဉ် (မူကြမ်း) အပေါ် ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးကြမည်ဖြစ်ပါကြောင်း သိရှိရပါသည်။