Source: MSWRR
လူမှု၀န်ထမ်း ၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး၀န်ကြီးဌာန ၊ ပြည်ထောင်စု၀န်ကြီး ဒေါက်တာ ၀င်းမြတ်အေး လူမှုကာကွယ်စောင့်ရှောက်မှုလိုအပ်သော မိန်းခလေးငယ်နှစ်ဦးကို ကြည့်ရှု ထောက်ပံ့ခြင်းနှင့် ရခိုင်ပြည်နယ်ဒေသတွင်းပြန်လည်နေရာချထားရေးနှင့် လူမှုစီးပွားဘ၀ဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းကော်မတီ အစည်းအဝေးအမှတ်စဉ် (၃ / ၂၀၁၆) သို့ တက်ရောက်မှုသတင်း
လူမှု၀န်ထမ်း ၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ပြည်ထောင်စု ၀န်ကြီး ဒေါက်တာ၀င်းမြတ်အေးသည် ၂၀၁၆ ခုနှစ် ၊ စက်တင်ဘာလ (၂၄) ရက်နေ့ နံနက်ပိုင်းတွင် ရန်ကုန်မြို့၊ အထွေထွေရောဂါကုဆေးရုံကြီး၌ ဆေးကုသမှုခံယူလျှက်ရှိသော လူမှုကာကွယ်စောင့် ရှောက်မှုလိုအပ်သည့် မဆန်းကေခိုင်နှင့် မသဇင်တို့ (၂) ဦးအား သွားရောက်ကြည့်ရှု ထောက်ပံ့ရာ ဆေးရုံအုပ်ကြီး ဒေါက်တာအေးကိုကိုနှင့်တာ၀န်ရှိသူများက လိုက်လံရှင်းလင်းပြသကြပါသည်။ ထို့နောက် ပြည်ထောင်စု၀န်ကြီးနှင့်တာ၀န်ရှိသူများသည် ဆေးရုံအုပ်ကြီးရုံးခန်း၌ မိန်းခလေးငယ် (၂)ဦးနှင့်ပါတ်သက်၍ ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းစဉ်များ ဆွေးနွေးညှိနှိုင်းကြပါသည်။
ဆက်လက်၍ ပြည်ထောင်စု၀န်ကြီးသည် ရန်ကုန်မြို့ ၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချ ထားရေးဦးစီးဌာန (ဗဟိုသိုလှောင်ရုံ) တွင် ကျင်းပသည့် ရခိုင်ပြည်နယ်ဒေသတွင်းပြန်လည်နေရာ ချထားရေးနှင့် လူမှုစီးပွားဘ၀ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကော်မတီသို့ လှူဒါန်းသည့်အလှူငွေ၊ ဆေး နှင့်ဆေးပစ္စည်းများ လှူဒါန်းပွဲကိုတက်ရောက်ကာ မြန်မာနိုင်ငံဆေးနှင့်ဆေးပစ္စည်းကုန်သည်များနှင့် လုပ်ငန်းရှင်များအသင်းအလှူရှင် (၁၆) ဦးတို့ကငွေကျပ် (၃၀) သိန်းနှင့် (၇၃၂၁၉၁၈) ကျပ်တန်ဖိုးရှိ ဆေးနှင့် ဆေးပစ္စည်းများကိုလှူဒါန်းကြရာ ပြည်ထောင်စု၀န်ကြီးက လက်ခံရယူပြီး ကျေးဇူးတင် ဂုဏ်ပြုမှတ်တမ်းလွှာများကိုပြန်လည်ပေးအပ်ခဲ့ပါသည်။
ထို့နောက် ပြည်ထောင်စု၀န်ကြီးနှင့်အဖွဲ့သည် ရန်ကုန်မြို့မှ လေယာဉ်ဖြင့် ဆက်လက်ထွက်ခွာခဲ့ ရာ စစ်တွေမြို့သို့ မွန်းလွဲ ၂ နာရီ ၂၀ မိနစ်အချိန်တွင် ရောက်ရှိကြပါသည်။ ပြည်ထောင်စု ၀န်ကြီးနှင့်အဖွဲ့ကို ရခိုင်ပြည်နယ်၀န်ကြီးချုပ် ဦးညီပုနှင့်တာ၀န်ရှိသူများက ကြိုဆိုခဲ့ကြပြီး ပြည်နယ် ခန်းမတွင် ကျင်းပသည့် ရခိုင်ပြည်နယ် ဒေသတွင်းပြန်လည်နေရာချထားရေးနှင့် လူမှုစီးပွားဘ၀ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကော်မတီ အစည်းအဝေးအမှတ်စဉ် (၃ / ၂၀၁၆) သို့ တက်ရောက် အမှာစကားပြောကြားပါသည်။ ပြည်ထောင်စု၀န်ကြီးက ဒေသတွင်းပြန်လည်နေရာချထားရေးနှင့် လူမှုစီးပွားဘ၀ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ၀န်ကြီးဌာနအလိုက် တာ၀န်များခွဲဝေသတ်မှတ်ပြီး အကောင်အထည်ဖော် ဆောင်ရွက်ပေးနေမှုအခြေအနေ ၊ ရခိုင်ပြည်နယ်ရှိ လူမှုအသိုင်းအဝိုင်းနှစ်ခုတို့ ၏ လက်ရှိအခြေအနေနှင့်အားနည်းချက်၊ အားသာချက်များကိုကွင်းဆင်းဖော်ထုတ် လေ့လာထား ပြီး ဖြစ်၍ ဆက်လက်အချိန်ယူဆောင်ရွက်မည့်လုပ်ငန်းစဉ်များကို ပူးပေါင်းပါ၀င် အကြံပြုဆွေးနွေးကြ စေလိုပါကြောင်း ပြောကြားပါသည်။
ဆက်လက်၍ အစည်းအဝေးသို့ တက်ရောက်လာကြသူများမှ ဖြည့်စွက်ဆွေးနွေးရာတွင် လူမှု ၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ အမြဲတမ်းအတွင်း၀န် ဦးစိုးအောင်က ကော်မတီ၏ လုပ်ငန်းတာ၀န်များအလိုက် လုပ်ငန်းများဆောင်ရွက် ပြီးစီးမှုအခြေ အနေ၊ ၀န်ကြီးဌာနများ၏ ဆောင်ရွက်ပြီးစီးမှုအခြေအနေ၊ ၂၀၁၇ – ၂၀၁၈ ဘဏ္ဍာရေးနှစ်အတွင်း ဆောင်ရွက်ရန် လျာထားသည့်လုပ်ငန်းများနှင့် ပြည်နယ်အစိုးရ၏ လိုအပ်ချက်တောင်းခံမှုများ အပေါ် ပြည်ထောင်စုအစိုးရအနေဖြင့် ဆောင်ရွက်ပေးနိုင်မှုအခြေအနေနှင့် ကော်မတီအနေဖြင့် ညှိနှိုင်း ဆောင်ရွက်ပေးနိုင်မှုအခြေအနေများကိုဖြည့်စွက်ဆွေးနွေးခဲ့ပါသည်။
ထို့နောက် တက်ရောက်လာသည့် ပြည်နယ်၀န်ကြီးများ ၊ ဌာနဆိုင်ရာတာ၀န်ရှိသူများက မိမိတို့ ဆောင်ရွက်နေသည့်လုပ်ငန်းများနှင့်စပ်လျဉ်၍ တိုးတက်မှုအခြေအနေများ၊ လုပ်ငန်းများအလိုက် လိုအပ်ချက်များ၊ ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်ရမည့် လုပ်ငန်းများကိုအသီးသီးတင်ပြ ခဲ့ကြပါသည်။ ဆက်လက်၍ ဒေသတွင်းပြန်လည်နေရာချထားရေးနှင့် လူမှုစီးပွားဘ၀ဖွံ့ဖြိုးတိုးတက် ရေးလုပ်ငန်းကော်မတီ ဒုတိယဥက္ကဌ၊ နယ်စပ်ရေးရာ၀န်ကြီးဌာန၊ ဒုတိယ၀န်ကြီး ဗိုလ်ချုပ် သန်းထွဋ်က ဖြည့်စွက်ဆွေးနွေးရာမိမိတို့ ၀န်ကြီးဌာနအနေဖြင့် ရခိုင်ပြည်နယ်အတွင်း နယ်စပ်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်များဖွံ့ဖြိုးတိုးတက်ရေးကိုဆောင်ရွက်ပေးနိုင်မှု အခြေအနေ၊ ဘဏ္ဍာရေးနှစ်အလိုက် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းများအပေါ် ၀န်ကြီးဌာန အနေဖြင့် ဖြန့်ဝေဆောင်ရွက်ထားရှိမှုများကို ဖြည့်စွက်ဆွေးနွေးပါသည်။ ကော်မတီဒုတိယဥက္ကဌ ပြည်နယ်၀န်ကြီးချုပ် ဦးညီပုက ဖြည့်စွက်ဆွေးနွေးရာတွင် ပူးပေါင်းပါ၀င် ဆွေးနွေးပေးကြသည့် သူများကို ကျေးဇူးတင်ရှိပါကြောင်း၊ မိမိတို့ဒေသဖွံ့ဖြိုးရန်အတွက် အခက်အခဲတစ်ချို့ရှိပေမယ့်လည်း မကြာခင်မှာ အောင်မြင်ဖြတ်ကျော်နိုင်မည်ဟု ယုံကြည်ယူဆပါကြောင်း၊ နောင်တွင် အမှန်တကယ် လိုအပ်ချက်များကို အမြန်အကောင်အထည်ဖော်နိုင်ရေးအတွက် တင်ပြမည်ဖြစ်ပါကြောင်း၊ ဖွံ့ဖြိုးရေး နှင့်အတူ ဒေသတည်ငြိမ်အေးချမ်းရေးလုပ်ငန်းများကိုလည်း ဆက်လက်ဆောင်ရွက်ရန်ဖြစ်ပါကြောင်း ပြောကြားပါသည်။
ဆက်လက်၍ ဒေသတွင်းပြန်လည်နေရာချထားရေးနှင့် လူမှုစီးပွားဘ၀ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းကော်မတီဥက္ကဌ၊ ပြည်ထောင်စု၀န်ကြီးက နိဂုံးချုပ် အမှာစကားပြောကြားရာတွင် ယနေ့ အစည်းအဝေးတွင် ဆွေးနွေးညှိနှိုင်းမှုများသည် များစွားအကျိုးရှိပါကြောင်း ၊ မိမိတို့ကော်မတီသည် ရခိုင်ပြည်နယ်တည်ငြိမ်အေးချမ်းမှုနှင့် ဖွံ့ဖြိုးမှုတိုးတက်ရေးအကောင်အထည်ဖော်ရေးဗဟိုကော်မတီ ၏ လုပ်ငန်းကော်မတီတစ်ခု ဖြစ်သဖြင့် ကော်မတီ၏ လုပ်ဆောင်မှုများသည် ပိုမိုထူးခြား လေးနက်ပါကြောင်း ဆောင်ရွက်ရမည့်လုပ်ငန်းများအနေဖြင့် ၂၀၁၆- ၂၀၁၇ ဘဏ္ဍရေးနှစ်တွင် ဆောင်ရွက်ရမည့်လုပ်ငန်းများ၊ ဖြည့်စွက်ရန်ပုံငွေမှ ဆောင်ရွက် ရမည့် လုပ်ငန်းများ၊ ၂၀၁၇ – ၂၀၁၈ ဘဏ္ဍရေးနှစ်တွင် ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းများဟူ၍ (၃) မျိုးရှိပြီး အခြားအကျိုး ထူးရရှိစေမည့် ဆောင်ရွက်ရန်လုပ်ငန်းများရှိပါကလည်းပြည်နယ်အစိုးရမှတစ်ဆင့်တင်ပြပေးရန်၊ မိမိ တို့ကော်မတီမှတစ်ဆင့် ရခိုင်ပြည်နယ်တည်ငြိမ်အေးချမ်းမှုနှင့် ဖွံ့ဖြိုးမှုတိုးတက်ရေးအကောင် အထည်ဖော်ရေးဗဟိုကော်မတီသို့ ဆက်လက်တင်ပြပြီး အမြန်ဆုံးအကောင်အထည်ဖော်နိုင်ရေး အတွက် ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ၊ ယနေ့ရခိုင်ပြည်နယ်၊ စစ်တွေမြို့သို့ လာရောက်ပြီး ညှိနှိုင်း ဆောင်ရွက်မှုများကို မီဒီယာများမှတစ်ဆင့် ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရေးကိုဆောင်ရွက်ရန် လိုအပ်ပြီး ပြည်သူ့အစိုးရ၏ ဆောင်ရွက်ချက်ကိုပြည်သူများက သိရှိရန်အရေးကြီးပါကြောင်း၊ သို့မှ သာပြည်သူက ပူးပေါင်းပါ၀င် အကြံပြုကြပြီးရှေ့ဆက်ဆောင်ရွက်ရမည့်လုပ်ငန်းများကို ချမှတ်ဆောင် ရွက်နိုင်မည်ဖြစ်ကြောင်းနှင့် ပြည်နယ်အစိုးရ၏ ဆောင်ရွက်ချက်များကို ပြည်ထောင်စုအစိုးရက ပံ့ပိုး ပြီး ပိုမိုတိုးတက် ကောင်းမွန်သောဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း ပြောကြားပါသည်။ ထို့နောက် အမျိုးသားသဘာ၀ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ကော်မတီက ထောက်ပံ့သော တစ်စီးလျှင် (၂၂) သိန်းတန်ဖိုးရှိ စက်တပ်လှေ (၁၀) စီးနှင့် ဒေသတွင်း ပြန်လည်နေရာချထားရေးနှင့် လူမှုစီးပွားဘ၀ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကော်မတီက ထောက်ပံ့ သော ငွေကျပ် (၇၃၂၁၉၁၈) တန်ဖိုးရှိဆေးနှင့် ဆေးပစ္စည်းများကို ပြည်နယ်အစိုးရအဖွဲ့သို့ ပြည်ထောင်စု၀န်ကြီးက ထောက်ပံ့ပေးအပ်ရာ တာ၀န်ရှိသူများက လက်ခံရယူကြပါသည်။