လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြတ်မြတ်အုန်းခင်သည် တာဝန်ရှိသူများလိုက်ပါလျက် မြန်မာနိုင်ငံ၏ ပထမဆုံးတစ်ခုတည်းသော ဟင်္သာတမြို့၊ သဘာဝဘေးစီမံခန့်ခွဲမှုသင်တန်းကျောင်းအား အမြန်ဆုံးဖွင့်လှစ်နိုင်ရေးအတွက် ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခြင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြတ်မြတ်အုန်းခင်သည် တာဝန်ရှိသူများလိုက်ပါလျက် ဇန်နဝါရီလ (၂၄) ရက်နေ့၊ နံနက်ပိုင်းတွင် ရန်ကုန်ပညာရေးတက္ကသိုလ်လေ့ကျင့်ရေးကျောင်း၊ ဘက်စုံပညာဆုနှင်းသဘင်အခမ်းအနားသို့ တက်ရောက်အားပေးပြီး ဆုရရှိသူများကို ဆုချီးမြှင့်ပေးပါသည်။ ထို့နောက် လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ လုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီးသည် ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့သို့ရောက်ရှိပြီး သုံးပင်ကွင်းရပ်ကွက်နေ အဘွား ဒေါ်မြရှင်၊ (၁၀၀) နှစ်ထံသို့ သွားရောက်၍ နိုင်ငံတော်သမ္မတကြီး ကိုယ်တိုင်လက်မှတ်ရေးထိုးထားသော ဂုဏ်ပြုလွှာနှင့် နိုင်ငံတော်သမ္မတ၊ ဒုတိယသမ္မတများ၊ ပြည်ထောင်စုဝန်ကြီးများနှင့် ဒုတိယဝန်ကြီးများ၏ ချီးမြှင့်ငွေ (၂၅) ရာခိုင်နှုန်းစုဆောင်းငွေမှ ထောက်ပံ့ငွေ (၂၀) သိန်းကျပ်နှင့် ဝန်ကြီးဌာနမှ အသုံးအဆောင်ပစ္စည်းများအား ပေးအပ်ပြီး မိသားစုဝင်များကို ဂုဏ်ယူဝမ်းမြောက်ကြောင်း ပြောကြားပါသည်။ ထို့နောက် ခရိုင်ကယ်ဆယ်ရေးဂိုဒေါင်အား ကြည့်ရှုစစ်ဆေးပါသည်။
ဇန်နဝါရီလ (၂၅) ရက်နေ့၊ နံနက်ပိုင်းတွင် အမျိုးသားသဘာဝဘေးစီမံခန့်ခွဲမှုလုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီးသည် မြန်မာနိုင်ငံ၏ ပထမဆုံးတစ်ခုတည်းသော ဟင်္သာတမြို့ သဘာဝဘေးစီမံခန့်ခွဲမှုသင်တန်းကျောင်းအား အမြန်ဆုံးဖွင့်လှစ်နိုင်ရေးအတွက် ဗဟိုသင်တန်းခန်းမ၊ သင်တန်းသား/သင်တန်းသူအိပ်ဆောင်၊ အုပ်ချုပ်ရေးမှူးအဆောင်၊ စားဖိုဆောင်၊ အရာထမ်း၊ အမှုထမ်းအဆောင်များအား လှည့်လည်ကြည့်ရှုစစ်ဆေးပြီး ကန်ထရိုက်များကို စံချိန်စံညွှန်းပြည့်မီစွာ အချိန်မီပြီးစီးနိုင်ရေး ကြပ်မတ်ဆောင်ရွက်ရန် လမ်းညွှန်မှာကြားပါသည်။ ထို့နောက် မအူပင်မြို့သို့ ရောက်ရှိပြီး ခရိုင်ကယ်ဆယ်ရေးဂိုဒေါင်နှင့် မူကြိုကျောင်းတည်ဆောက်မည့် မြေနေရာများအား ကြည့်ရှုပါသည်။ ၎င်းနောက် ကျိုက်လတ်မြို့သို့ ရောက်ရှိပြီး ငပွေးတန်းကျေးရွာနေ အသက် (၁၀၀) နှစ်ရှိ အဘွား ဒေါ်ချစ်ထံသို့ သွားရောက်ပြီး ဂုဏ်ပြုလွှာ၊ ထောက်ပံ့ငွေ (၂) သိန်းကျပ်နှင့် အသုံးအဆောင်ပစ္စည်းများအား နိုင်ငံတော်ကိုယ်စား ပေးအပ်ပါသည်။
ဇန်နဝါရီလ (၂၆) ရက်နေ့တွင် ဖျာပုံမြို့နယ်အတွင်းရှိ အကြီးဝကျေးရွာနေ ဦးစိန်မောင် အသက် (၁၀၆) နှစ်၊ (၇) ရပ်ကွက်နေ ဒေါ်မာရီ အသက် (၁၀၄) နှစ်၊ (၈) ရပ်ကွက်နေ ဒေါ်ညွန့် အသက် (၁၀၄) နှစ်၊ (၁၇) ရပ်ကွက်နေ ဦးရှူးရှဲမူတူး အသက် (၁၀၀) နှစ်၊ (၁၈) ရပ်ကွက် ကန်တော်မင်္ဂလာဘိုးဘွားရိပ်သာနေ ဒေါ်သင် အသက် (၁၀၀) နှစ်၊ ကွန်ဒိုင်းကျေးရွာနေ ဒေါ်သန်းလှ အသက် (၁၀၂) နှစ်နှင့် လက်ပံကျေးရွာနေ ဒေါ်အေး အသက် (၁၀၄) နှစ် တို့ထံသို့ ကိုယ်တိုင်ကွင်းဆင်း၍ ဂုဏ်ပြုလွှာ၊ ထောက်ပံ့ငွေ (၂) သိန်းကျပ်စီနှင့် အသုံးအဆောင်ပစ္စည်းများအား နိုင်ငံတော်ကိုယ်စား ပေးအပ်ပါသည်။ ဆက်လက်၍ ဘိုကလေးမြို့သို့ ရောက်ရှိပြီး ဝဲကြီးကျေးရွာနေ ဦးညိုသာအောင် အသက် (၁၀၀) နှစ်နှင့် (၆) ရပ်ကွက်နေ ဒေါ်နှင်းမေ အသက် (၁၀၀) နှစ်ထံသို့ သွားရောက်ကာ ဂုဏ်ပြုလွှာ၊ ထောက်ပံ့ငွေ (၂) သိန်းကျပ်စီနှင့် အသုံးအဆောင်ပစ္စည်းများအား ကိုယ်တိုင် ပေးအပ်ပါသည်။ ထို့နောက် ခရိုင်အထွေ္ထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ အမျိုးသမီးရေးရာနှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့ဝင်များနှင့် တွေ့ဆုံပြီး မြန်မာနိုင်ငံလုံးဆိုင်ရာအမျိုးသမီးရေးရာကော်မတီ၏ အမျိုးသမီးများဘဝဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်နေမှုများနှင့် မြန်မာနိုင်ငံကလေးများနေ့အား စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးလုပ်ငန်းများအား ဆွေးနွေးမှာကြားပြီး ကျုံကျိုက်ကျေးရွာနေ ဒေါ်စောလှိုင် အသက် (၁၀၀) နှစ်အတွက် ဂုဏ်ပြုလွှာ၊ ထောက်ပံ့ငွေ (၂) သိန်းကျပ်နှင့် အသုံးအဆောင်ပစ္စည်းများအား ပေးအပ်ပါသည်။ ထို့နောက် အိမ်တွင်းမှုလုပ်ငန်း ပညာသင်ကျောင်းတည်ဆောက်နေမှုအား ကြည့်ရှုစစ်ဆေးပါသည်။
ဇန်နဝါရီလ (၂၇) ရက်နေ့တွင် ဖျာပုံမြို့နယ်၊ ကျုံကဒွန်းကျေးရွာနှင့် အမာမြို့များသို့ ကွင်းဆင်း၍ မူကြိုကျောင်းတည်ဆောက်မည့် မြေနေရာများအား ကြည့်ရှုစစ်ဆေးပါသည်။
ဇန်နဝါရီလ (၂၈) ရက်နေ့တွင် ဒေးဒရဲမြို့နယ်၊ အမှတ် (၁) ရပ်ကွက်သို့ ရောက်ရှိပြီး ကျုံဒါးချောင်းကျေးရွာနေ ဦးလှရှိန် အသက် (၁၀၀) နှစ်၊ လှည်းဆိပ်ချောင်းကြီးကျေးရွာနေ ဒေါ်အုန်းခင် အသက် (၁၀၀) နှစ်နှင့် ကျုံသင်ကျေးရွာနေ ဦးပိန် အသက် (၁၀၁) နှစ်တို့အတွက် ဂုဏ်ပြုလွှာ၊ ထောက်ပံ့ငွေ (၂) သိန်းကျပ်စီနှင့် အသုံးအဆောင်ပစ္စည်းများအား နိုင်ငံတော်ကိုယ်စား ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။

Sign Up

Upcoming Events