လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး အရေးပေါ်အခြေအနေစီမံခန့်ခွဲမှုဗဟိုဌာန (EOC)၏ လုပ်ငန်းဆောင်ရွက်နေမှုများ ရှင်းလင်းတင်ပြသည့် အခမ်းအနားသို့ တက်ရောက်ခြင်းနှင့် Video Conferencing ဖြင့် ကျင်းပပြုလုပ်သည့် လူသားချင်းစာနာမှု အကူအညီအထောက်အပံ့ပေးရေးနှင့် ပြန်လည်နေရာချထားရေး၊ လုပ်ငန်းကော်မတီ၏ (၁/၂၀၂၁) လုပ်ငန်းညှိနှိုင်းအစည်းအဝေး သို့တက်ရောက် အဖွင့်အမှာစကားပြောကြား 

နေပြည်တော်၊ ၂၀၂၁ ခုနှစ်၊ ဇူလိုင်လ (၁၃) ရက်

လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ အရေးပေါ်အခြေအနေစီမံခန့်ခွဲမှု ဗဟိုဌာန (EOC) အဆောက်အအုံတွင် အရေးပေါ်အခြေအနေစီမံခန့်ခွဲမှုဗဟိုဌာန၏ လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများ ရှင်းလင်းတင်ပြခြင်း အခမ်းအနား ကို ယနေ့နံနက်ပိုင်း၌ ကျင်းပခဲ့ရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်၊ ဒုတိယဝန်ကြီးဦးအောင်ထွန်းခိုင်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့်တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်က အမှာစကားပြောကြားရာတွင် ဝန်ကြီးဌာနရဲ့မူဝါဒဖြစ်တဲ့ ထိရောက်သော ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုလုပ်ငန်းစဉ်များ ချမှတ်ဆောင်ရွက်ခြင်းဖြင့် ဘေးအန္တရာယ်များကို ကြံ့ကြံ့ခံရင်ဆိုင်တုံ့ပြန်နိုင်စွမ်း ရှိသော လူ့အသိုက်အဝန်းဖြစ်ပေါ် စေရေးနှင့် ဘေးဒဏ်ခံစားရသောပြည်သူများအတွက် ပိုမိုကောင်းမွန်သည့် လူနေမှုဘဝရရှိစေရေးဆိုတဲ့မူဝါဒနှင့်အညီ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု လုပ်ငန်းများ ဆောင်ရွက်ရာတွင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုစက်ဝန်းပါကြိုတင်ပြင်ဆင်ခြင်း၊ ကြိုတင်ကာကွယ်ခြင်း၊ အရေးပေါ်တုံ့ပြန်ခြင်း၊ ပြန်လည်ထူထောင်ခြင်း လုပ်ငန်းများကို ဆောင်ရွက်နိုင်ရေးအတွက် ဘေးအန္တရာယ်အလိုက်စီမံချက်များ ရေးဆွဲထားရှိရမှာဖြစ်ကြောင်း၊ ဘေးဖြစ်ပွားနေသည့် အရေးပေါ်အခြေအနေ များအတွက်လည်း ကြိုတင်ပြင်ဆင်နိုင်စေရေး စားပွဲဝိုင်းလေ့ကျင့်ခန်းများလည်း ဆောင်ရွက်ထားရှိဖို့လိုအပ်ပါကြောင်း၊ သဘာဝဘေးဖြစ်ပွားနေချိန်တွင် တုံ့ပြန် ဆောင်ရွက်မှုလုပ်ငန်းများအတွက် ထိရောက်တဲ့ သတင်းအချက်အလက်များ ရရှိစေဖို့ EOC သည်နိုင်ငံတော်အဆင့် Disaster Management Centre တစ်ခုဖြစ်လာမှာဖြစ်ပါကြောင်း၊ ဘေးမဖြစ်ပွားမီ ကြိုတင်သတိပေးခြင်း၊ အရေးပေါ်တုံ့ပြန်ရေး လုပ်ငန်းစဉ်များနှင့် ဘေးဖြစ်ပွားပြီးနောက် ပြန်လည်ထူထောင်ရေး လုပ်ငန်းများတွင် နည်းပညာရပ်ကျွမ်းကျင်သူများ ဖြစ်လာစေဖို့ လူ့စွမ်းအားအရင်းအမြစ်များ ရရှိစေဖို့လည်းဆောင်ရွက်ရမှာဖြစ်ပါကြောင်း အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။

ဒုတိယဝန်ကြီး ဦးအောင်ထွန်းခိုင်က မြန်မာနိုင်ငံ၌သဘာဝဘေးဖြစ်ပွားရာတွင် ထိခိုက်ဆုံးရှုံးမှုလျှော့ချနိုင်စေရေး EOC သည် အရေးပါသည့်အခန်းကဏ္ဍက နေပါဝင်နေပါကြောင်း၊ ကြိုတင်ကာကွယ်ရေးလုပ်ငန်း၌လည်း EOC ကနေရရှိလာမည့် သတင်းအချက်အလက်များမှာ လွန်စွာအရေးကြီးသည်ကို သိရှိနားလည် ထားရမှာဖြစ်ကြောင်း၊ အရေးပေါ်အခြေအနေစီမံခန့်ခွဲမှုဗဟိုဌာန (EOC) ၏ လုပ်ငန်းဆောင်ရွက်မှုအရ ဝန်ကြီးဌာန၏ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု လုပ်ငန်းများအတွက် မျက်စိနှင့်နားသဖွယ်ဖြစ်ပါကြောင်း၊ လုပ်ငန်းပိုင်း၊ နည်းပညာရပ်ပိုင်းဆိုင်ရာကျွမ်းကျင်မှုရှိသည့် လူ့စွမ်းအားအရင်းအမြစ်ဖြစ်စေရေး စဉ်ဆက်မပြတ် ကြိုးစားလေ့လာနေရန်နှင့် လက်ဆင့်ကမ်းလေ့ကျင့်သင်ကြားရန် လိုအပ်ပါကြောင်းမှာကြားခဲ့ပါသည်။

ဆက်လက်၍ EOC ၏ လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေ၊ ဘေးတုံ့ပြန်မှုလုပ်ငန်းစဉ်များတွင် လုပ်ငန်းစဉ်သတ်မှတ်ချက် (SOP) နှင့် လက်တွေ့လုပ်ငန်း ဆောင်ရွက်နိုင်ရေး သဏ္ဍာန်တူဇာတ်တိုက်စားပွဲဝိုင်းလေ့ကျင့်ခန်းဆောင်ရွက်ခြင်းတို့နှင့်ပတ်သက်၍ အရေးပေါ်အခြေအနေစီမံခန့်ခွဲမှုဗဟိုဌာန(EOC)က ဌာနကြီးမှူးနှင့်တာဝန်ရှိသူများက ရှင်းလင်းတင်ပြခဲ့ပါသည်။

ဆက်လက်၍ အမြဲတမ်းအတွင်းဝန်က EOC နှင့်ပတ်သက်၍ ဆောင်ရွက်ရန်လျာထားမှုများ၊ မြင်ကွင်းအထောက်အကူ (Visual Aid) ဖြစ်စေရန် ယခုနှစ် တွင် Video Wall ဝယ်ယူတပ်ဆင်နိုင်ရေးအတွက်လည်း စီမံထားရှိပါကြောင်း၊ ဘေးဖြစ်ပွားချိန်တွင် ရိုက်ကူးထားသည့် အရည် အသွေးမြင့်ဂြိုဟ်တုပုံများ ဝယ်ယူနိုင်ရေးလည်း နှစ်စဉ်ဘဏ္ဍာငွေလျာထား ဆောင်ရွက်ထားပါကြောင်း ဖြင့်ဖြည့်စွက်တင်ပြခဲ့ပါသည်။

ထို့နောက်ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့်တကွ တက်ရောက်လာကြသူများက အရေးပေါ်အခြေအနေစီမံခန့်ခွဲမှုဗဟိုဌာန(EOC)၏ လက်တွေ့ လုပ်ငန်းဆောင်ရွက်နေမှုများကို ကြည့်ရှုလေ့လာခဲ့ပါသည်။

ဆက်လက်၍ မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် Video Conferencing ဖြင့် ကျင်းပပြုလုပ်သည့် “လူသားချင်းစာနာမှုအကူအညီ အထောက်အပံ့ ပေးရေးနှင့် ပြန်လည်နေရာချထားရေးလုပ်ငန်းကော်မတီ” ၏ (၁/၂၀၂၁) လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်ပြီး အစည်းအဝေးတွင် လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာ သက်သက်ခိုင်က အဖွင့်အမှာစကားပြောကြား ရာတွင် ရခိုင်ပြည်နယ်အတွင်း ကာလရှည်ကြာဖြစ်ပွားခဲ့သည့် ပဋိပက္ခများကြောင့် တည်ငြိမ်အေးချမ်းမှုပျက်ပြားခဲ့ရပြီး၊ ဖွံ့ဖြိုးတိုးတက်မှုနောက်ကျကျန်ခဲ့ရမှုများကို ဖြေရှင်းဆောင်ရွက်နိုင်ရန် အစိုးရအဆက်ဆက်က စီမံကိန်းများချမှတ်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ကြပါကြောင်း၊ “ရခိုင်ပြည်နယ်အတွင်း  လူသားချင်း စာနာမှုအကူအညီပေးရေး၊ ပြန်လည်နေရာချထားရေး၊ ဖွံ့ဖြိုးရေးကော်မတီ” (CHRD) ကို ပြီးခဲ့တဲ့မတ်လ (၁၆)ရက်နေ့က ဖွဲ့စည်းခဲ့ပါကြောင်း၊ ထို့အပြင် ရခိုင်ပြည်နယ်တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေး၊ ဖွံ့ဖြိုးတိုးတက်ရေး၊ ပြန်လည်နေရာချထားရေး၊ နေရပ်စွန့်ခွာသူများပြန်လည်လက်ခံရေး၊ လူသားချင်း စာနာထောက်ထားမှုအကူအညီများပေးအပ်ရေး၊ ပြန်လည်ထူထောင်ရေး၊ ရေရှည်ပဋိပက္ခကင်းဝေးရေးတို့ကို နိုင်ငံတော်အဆင့် အကောင်အထည်ဖော် ဆောင်ရွက် နိုင်ရန် “ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီ”ကို ဧပြီလ (၂၉) ရက်နေ့က ဖွဲ့စည်းခဲ့ပါကြောင်း၊ ဗဟိုကော်မတီရဲ့ လုပ်ငန်း တွေကို ကဏ္ဍအလိုက် အကောင်အထည်ဖော်နိုင်ရန် လုပ်ငန်း ကော်မတီ (၄) ခုကိုလည်းတပါတည်း ဖွဲ့စည်းပေးခဲ့ပါကြောင်း၊ အဆိုပါ လုပ်ငန်းကော်မတီ (၄) ခုတွင် “လူသားချင်းစာနာမှုအကူအညီပေးရေးနဲ့ ပြန်လည်နေရာချထားရေးလုပ်ငန်းကော်မတီ” ပါဝင်ပါကြောင်း၊ CHRD ကော်မတီနှင့် အခုဗဟိုကော်မတီအောက်မှာဖွဲ့တဲ့ လူသားချင်းစာနာမှု အကူအညီပေးရေးနဲ့ ပြန်လည်နေရာချထားရေးလုပ်ငန်းကော်မတီ  (၂)ခုကို ပေါင်းစည်းပြီး “လူသားချင်းစာနာမှုအကူအညီ အထောက် အပံ့ပေးရေးနဲ့ ပြန်လည်နေရာချထားရေးလုပ်ငန်းကော်မတီ” အဖြစ် ဇွန်လ (၁၉)ရက်နေ့မှာ ပြင်ဆင်ဖွဲ့စည်းခဲ့ပါကြောင်း၊ တည်ဆောက်ပြီး ပြန်လည်လက်ခံရေး စခန်း(၂)ခုနှင့် ယာယီကြားစခန်းရှိ အခြေခံအဆောက်အအုံတွေကို ထိန်းသိမ်းပြုပြင်ခြင်း၊ ပြန်လည်နေရာချထားရေးအတွက် တည်ဆောက်ထားခဲ့သည့် နေအိမ်များမှာ ပြန်လည်နေရာချထားရေး ဆောင်ရွက်ခြင်းနှင့်ထပ်မံ လိုအပ်သည့်နေအိမ်များ တည်ဆောက်ရေးလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်ကြရမှာ ဖြစ်ပါကြောင်း၊ ပြည်တွင်းနေရပ်စွန့်ခွာရသူများနှင့် တစ်ဖက်နိုင်ငံက ပြန်လည်ဝင်ရောက်လာမည့်သူများကို လူသားချင်းစာနာမှု အကူအညီများ ပေးအပ်နိုင်ရေး အတွက် လိုအပ်တဲ့စားနပ်ရိက္ခာနဲ့ ထောက်ပံ့ရေးပစ္စည်းများကို သက်ဆိုင်ရာလုပ်ငန်းကော်မတီများ၊ ဌာနများနှင့်ညှိနှိုင်းပူးပေါင်းပြီး ကြိုတင်ပြင်ဆင် ဆောင်ရွက်ခြင်း၊ စောင့်ရှောက်ရန်လိုအပ်သူများကို လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများ၊ လူမှုဝန်ထမ်းလုပ်ငန်းများနဲ့ ကူညီစောင့်ရှောက်ခြင်းတို့ကို အကောင်အထည် ဖော်ကြရမှာဖြစ်ပါကြာင်း၊ လုပ်ငန်းကော်မတီရဲ့ လုပ်ငန်းတာဝန်များကို အကောင်အထည်ဖော်ဆောင်ရွက်ရာမှာ မည်သည့်လုပ်ငန်းကို အကောင်အထည်ဖော် သည်ဖြစ်စေ လူမှုပေါင်းစည်းရေး၊ လူမှုသဟဇာတဖြစ်ရေးတို့အပြင် ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေး၊ နယ်မြေဒေသလုံခြုံမှုရှိရေး၊ လူမှုစီးပွားဖွံ့ဖြိုးရေးကို အထောက်အကူပြုနိုင်ရန် ထည့်သွင်းစဉ်းစားဆောင်ရွက်သွားကြရမှာဖြစ်ပါကြောင်း၊ လုပ်ငန်းကော်မတီ၏ လုပ်ငန်းတာဝန်များနှင့်စပ်လျဉ်းပြီး ဌာနအလိုက်၊ ကဏ္ဍအလိုက်လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများနှင့် ရှေ့ဆက်အကောင် အထည်ဖော်ဆောင်ရွက်နိုင်မည့်လုပ်ငန်းများနှင့်ပတ်သက်ပြီး ဆွေးနွေးပေးကြစေ လိုကြောင်း၊ မြေပြင်နဲ့အနီးကပ်ဆုံးဖြစ်တဲ့ ရခိုင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် လူသားချင်းစာနာမှုအကူအညီပေးရေးနှင့် ပြန်လည်နေရာချထားရေး ဆိုင်ရာ လိုအပ်ချက်များ၊ ညှိနှိုင်းပူးပေါင်းဆောင်ရွက်ပေးရမည့်ကိစ္စရပ်များကို ပွင့်ပွင့်လင်းလင်းဆွေးနွေးပေးစေလိုကြောင်း၊ ကော်မတီဝင်များအနေနှင့် ရခိုင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီ၏ လိုအပ်ချက်များအပေါ် သက်ဆိုင်ရာဌာနအလိုက်၊ ကဏ္ဍအလိုက်ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်မှု အခြေအနေများကို ဆွေးနွေးပေး စေလိုပါကြောင်း၊ ဆွေးနွေးရရှိချက်များအပေါ်မူတည်ပြီး လိုအပ်ချက်တွေရှိလာပါက “ရခိုင်ပြည်နယ်တည်ငြိမ်အေးချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ လုပ်ငန်းများ ညှိနှိုင်းပေါင်းစပ်ရေးကော်မတီ”ကို ဆက်လက်တင်ပြဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း၊ လုပ်ငန်းတာဝန်များ အကောင်အထည်ဖော်နိုင်ရေးအတွက် ဗဟို ကော်မတီ၏မူဝါဒ လမ်းညွှန်မှုခံယူရန် လိုအပ်သည့် ကိစ္စများ၊ အခြားသော လုပ်ငန်းကော်မတီ (၃) ခုနှင့်ညှိနှိုင်း ပေါင်းစပ်ဆောင်ရွက်ပေးရမည့် ကိစ္စရပ်များရှိလာပါ က တင်ပြညှိနှိုင်းပေါင်းစပ်ဆောင်ရွက် ပေးသွားမည်ဖြစ်ပါကြောင်းပြောကြားခဲ့ပါသည်။

ထို့နောက် လုပ်ငန်းကော်မတီဒုတိယဥက္ကဋ္ဌ ရခိုင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဒေါက်တာ အောင်ကျော်မင်းက ရခိုင်ပြည်နယ်အတွင်း မြေပြင်တွင် လုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေများကို ဆွေးနွေးခဲ့ပြီး၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထွန်းခိုင်က လုပ်ငန်းကော်မတီ ဖွဲ့စည်းဆောင်ရွက်မှုအဆင့်ဆင့်၊ လုပ်ငန်းကော်မတီ၏ လုပ်ငန်းတာဝန်များနှင့် လုပ်ငန်းတာဝန်များအပေါ် သက်ဆိုင်ရာ အဖွဲ့ဝင် ဝန်ကြီးဌာနများအလိုက်  အကောင်အထည်ဖော်ဆောင်ရွက်ရမည့် အစီအစဉ်များ၊ ဆောင်ရွက်ရမည့်လုပ်ငန်းများ၊ လုပ်ငန်းများဆောင်ရွက်ရာတွင် ထည့်သွင်းစဉ်းစားဆောင်ရွက်သင့်သည်များကို ပါဝါပွိုင့်ဖြင့် ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

ဆက်လက်၍ ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာမှုအကူအညီအထောက်အပံ့ ပေးရေး၊ ပြန်လည်နေရာချထားရေး၊ ဖွံ့ဖြိုးရေးကော်မတီ (Committee for Humanitarian Assistance, Resettlement and Development-CHRD) (ယခင်)၏ ရန်ပုံငွေဆိုင်ရာ ကိစ္စရပ်များ၊ ရန်ပုံငွေရရှိ၊ သုံးစွဲ၊ လက်ကျန် အခြေအနေများနှင့်စပ်လျဉ်း၍ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်လဲ့လဲ့အေး ကလည်းကောင်း၊ ရခိုင်ပြည်နယ်ရှိ နေရပ် စွန့်ခွာသူများ ပြန်လည်လက်ခံရေး လုပ်ငန်းစဉ်တွင် ASEANနှင့် ပူးပေါင်းဆောင်ရွက်မှုများနှင့်မြန်မာ-အိန္ဒိယ နှစ်နိုင်ငံအကြား လက်မှတ်ရေးထိုးခဲ့သော ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာအရ ပူးပေါင်းဆောင်ရွက် မှုများကိုလူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် ဒေါက်တာကိုကိုနိုင်ကလည်းကောင်း ပါဝါပွိုင့်များဖြင့် ရှင်းလင်းတင်ပြခဲ့ပါသည်။

ယင်းနောက် လုပ်ငန်းကော်မတီဝင် ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များနှင့် ရခိုင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ အတွင်းရေးမှူးတို့က ရခိုင် ပြည်နယ်အတွင်း လတ်တလောလုပ်ငန်းအကောင်အထည်ဖော်ဆောင်ရွက်နေမှုများ၊ သက်ဆိုင်ရာဝန်ကြီးဌာနများအလိုက်၊ ကဏ္ဍအလိုက်ရှေ့ဆက်ဆောင်ရွက်မည့် အစီအစဉ်များကို ဆွေးနွေးတင်ပြခဲ့ကြပြီး ကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီးက အကောင်အထည်ဖော်ဆောင်ရွက်မည့် အစီအစဉ်များနှင့်စပ်လျဉ်း၍ ဖြည့်ဆည်း ဆောင်ရွက်ပေးနိုင်မှုအခြေအနေများကို ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။

#otr

#npw_jul2021

Source:  MOSWRR

 

Sign Up

Upcoming Events