မြန်မာနိုင်ငံ သက်ကြီးရွယ်အိုများဆိုင်ရာ ကော်မတီညှိနှိုင်းအစည်းအဝေး (၁/၂၀၂၁) ကျင်းပ

မြန်မာနိုင်ငံ သက်ကြီးရွယ်အိုများဆိုင်ရာကော်မတီ ညှိနှိုင်းအစည်းအဝေး (၁/၂၀၂၁)ကို ယနေ့မွန်းလွဲပိုင်းက နေပြည်တော်ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ဝန်ကြီးရုံးစုပေါင်းအစည်းအဝေးခန်းမ၌ လူကိုယ်တိုင် တက်ရောက်၍လည်းကောင်း၊ Online မှတက်ရောက်၍လည်းကောင်း ပုံစံ (၂) မျိုးဖြင့် ပေါင်းစပ်ကျင်းပပြုလုပ်ခဲ့ရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင် တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားခဲ့ပါ သည်။

ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကား ပြောကြားရာတွင် မြန်မာနိုင်ငံ သက်ကြီးရွယ်အို များဆိုင်ရာကော်မတီသည်  ၂၀၁၆ ခုနှစ်တွင် ထုတ်ပြန်ခဲ့သည့် သက်ကြီးရွယ်အိုများဆိုင်ရာ ဥပဒေ အရ  သက်ကြီးရွယ်အိုဆိုင်ရာ အရေးကိစ္စနှင့် ပတ်သက်၍ ဖွဲ့စည်းထားသည့် ကော်မတီဖြစ်ပါ ကြောင်း၊ သက်ကြီးရွယ်အိုများ၏ အခွင့်အရေးများကို ကာကွယ်ရေးနှင့် သက်ကြီးရွယ်အိုများအား ကြည့်ရှုစောင့်ရှောက်ရေးအတွက်  မူဝါဒများနှင့် လမ်းညွှန်ချက်များကို  ချမှတ်အကောင်အထည် ဖော်နိုင်ရန်ရည်ရွယ်၍ ကော်မတီကို ဖွဲ့စည်းခဲ့ခြင်းဖြစ်ပါကြောင်း၊ ကော်မတီကို (၃၁.၈.၂၀၁၇) ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၆၉/၂၀၁၇)ဖြင့် စတင်ဖွဲ့စည်းခဲ့ပြီး နိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီ၏ (၂၁.၃.၂၀၂၁) ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၆၄/၂၀၂၁) ဖြင့် ပြင်ဆင်ဖွဲ့စည်း ခဲ့ပါကြောင်း၊ ကော်မတီသည် ဥပဒေက အပ်နှင်းပေးအပ်ထားသည့် တာဝန်နှင့် ဝတ္တရားများ အတိုင်း သက်ကြီးရွယ်အိုများ၏ဘဝ ဖွံ့ဖြိုးတိုးတက်ရေးနှင့် အခွင့်အရေးများအား ဖော်ဆောင်ပေး နိုင်‌ရေးတို့အတွက် အရေးကြီးသည့် အခန်းကဏ္ဍမှ ဦးဆောင်မှုပေးသွားရမှာဖြစ်ကြောင်း၊ သက်ကြီးရွယ်အိုများဆိုင်ရာ ဥပဒေ အခန်း(၈)၊ ဥပဒေပုဒ်မ (၂၅)တွင် ဖော်ပြထားချက်အရ သက်ကြီးရွယ်အိုများ ဝင်ငွေပုံမှန်ရရှိရေးအတွက် ရည်ရွယ်၍ လူမှုရေးပင်စင်ထောက်ပံ့မှု အစီ အစဉ်အနေဖြင့်  ၂၀၁၇-၂၀၁၈ ခု၊ ဘဏ္ဍာရေးနှစ်မှစတင်ပြီး တစ်လတွင် တစ်ဦးလျှင် ကျပ် တစ်သောင်းနှုန်းဖြင့် သုံးလတစ်ကြိမ် ထောက်ပံ့လျက်ရှိပါကြောင်း၊ လက်ရှိလူမှုရေးပင်စင် အကျိုးခံစားခွင့်ရရှိသည့် သက်ကြီးရွယ်အို (၂၄၈,၉၁၁) ဦးရှိပါကြောင်း၊ လက်ရှိအခြေအနေများ ကြောင့် လူမှုရေးပင်စင် အကျိုးခံစားခွင့်ရှိသူ အဘိုး၊ အဘွားများလက်ဝယ် ထောက်ပံ့ကြေး ရောက်ရှိရေး ဆောင်ရွက်ရာတွင် အခက်အခဲအချို့ရှိသော်လည်း အဘိုး၊ အဘွားများ၏ အကျိုး စီးပွားအတွက် ဝိုင်းဝန်းညှိနှိုင်းဆွေးနွေး၍ ဆက်လက်ဆောင်ရွက်ပေးသွားရမည် ဖြစ်ပါကြောင်း၊ လူမှုရေးပင်စင်ထောက်ပံ့မှုအပြင် COVID -19 ဒုတိယလှိုင်းကာလတွင်   ထပ်ဆောင်း ထောက်ပံ့ ခြင်းအနေဖြင့် သက်ကြီးရွယ်အို (၂၀၀,၃၀၁)ဦးကိုလည်းကောင်း၊ CERP အစီအစဉ်ဖြင့် အသက် (၈၀-၈၄)နှစ်နှင့်အထက် ဘိုးဘွား (၂၉၃,၄၅၇) ဦးကိုလည်းကောင်း၊ လူမှုရေးပင်စင် အကျိုး ခံစား ခွင့်ရရှိသည့် အသက် (၁၀၀) နှစ်နှင့်အထက် သက်ကြီးရွယ်အို (၅,၀၄၈)ဦးကိုလည်းကောင်း၊  ဘိုးဘွားရိပ်သာများရှိ ဘိုးဘွား (၁,၃၀၈) ဦးကို တစ်ဦးလျှင် ကျပ်သုံးသောင်းနှုန်းဖြင့် ထောက်ပံ့ ခြင်းတို့ကိုလည်းကောင်း  ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ ယခုလက်ရှိတွင်လည်း COVID-19 တတိယ လှိုင်းစတင်ဝင်ရောက်လာပြီဖြစ်သည့်အတွက် သက်ကြီးရွယ်အိုများအတွက် အသိပညာပေး လုပ်ငန်းများကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်သွားဖို့ လိုအပ်မည်ဖြစ်ပါကြောင်း၊ နည်းဥပဒေ ထုတ်ပြန်ပြီးပါက သက်ကြီးရွယ်အို သက်သေခံကတ်ပြားကို ထုတ်ပေးနိုင်ရေး ‌ဆောင်ရွက်သွား ရန်ရှိပါကြောင်း၊ အရေးပေါ်ကာလအခြေအနေတွင် သက်ကြီးရွယ်အိုများ၏ ကျန်းမာရေး စောင့်ရှောက်မှု၊ သက်ကြီးရွယ်အိုများ လူမှုပတ်ဝန်းကျင်အတွင်း ဂုဏ်သိဏ္ခာရှိစွာ ရပ်တည်နိုင် ရေးအတွက် အစည်းအဝေး  တက်ရောက်လာသူများမှ ဝိုင်းဝန်းဆွေးနွေးပေးကြစေလိုပါကြောင်း ပြောကြားခဲ့ပါသည်။

ဆက်လက်၍ ကော်မတီဝင် ဒုတိယ ဥက္ကဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအောင်ထွန်းခိုင်က သက်ကြီးရွယ်အိုဥပဒေပါ သက်ကြီးရွယ်အို အခွင့်အရေးများအား ထိရောက်စွာအကောင်အထည်ဖော်နိုင်ရေး၊ ရပ်ရွာအတွင်း အိမ်အခြေပြု သက်ကြီးရွယ်အိုများအား ပြုစုစောင့်ရှောက်ရေး ကဏ္ဍများကိုလည်းကောင်း၊ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးက သက်ကြီးရွယ်အိုကဏ္ဍနှင့်ပတ်သက်ပြီး ဘဝတစ်သက် တာ သင်ခန်းစာများတွင်ပါဝင်မှုအခြေအနေ၊ သက်ကြီးရွယ်အိုအခွင့်အရေးများဆိုင်ရာ နည်းဥပ ဒေတွင် ပြင်ဆင်ရန်လိုအပ်ချက်များကို ဆွေးနွေးသွားပါသည်။

ဆက်လက်၍ လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က လက်ရှိဆောင်ရွက် လျက်ရှိသော သက်ကြီးရွယ်အိုများဘဝ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ လုပ်ငန်းများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ပြီး ဘာသာရပ်ဆိုင်ရာ ညွှန်ကြားရေးမှူးက သက်ကြီးရွယ်အိုများ နည်းဥပဒေ (မူကြမ်း) ရေးဆွဲပြီးစီးမှုနှင့် ပတ်သက်၍လည်းကောင်း တင်ပြဆွေးနွေးခဲ့ပါသည်။

အဆိုပါ အစည်းအဝေးသို့ မြန်မာနိုင်ငံ သက်ကြီးရွယ်အိုများဆိုင်ရာ ကော်မတီ ဥက္ကဋ္ဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ မြန်မာနိုင်ငံ သက်ကြီးရွယ်အိုများဆိုင်ရာကော်မတီ ဒုတိယဥက္ကဋ္ဌ၊ လူမှုဝန်ထမ်း၊ကယ်ဆယ်ရေး နှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန  ဒုတိယဝန်ကြီး၊ ပညာရေးဝန်ကြီးဌာန  ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဌာနကြီးမှူး၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ ကော်မတီဝင်၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူး၊ မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ၊ ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံအမျိူသမီးရေးရာအဖွဲ့ချုပ်၊ ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ သဘာပတိ၊ မြန်မာနိုင်ငံယုဝတီ ခရစ်ယာန်အသင်းတို့ အပါအဝင်  မြန်မာနိုင်ငံသက်ကြီးရွယ်အိုများဆိုင်ရာ ကော်မတီဝင်များနှင့် တာဝန်ရှိသူများ တက်ရောက်ဆွေးနွေးခဲ့ကြပြီး ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကား ပြောကြားကာ အစည်းအဝေးကို ရုတ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။

#hl1

#npw_jul2021

Source: MOSWRR

 

Sign Up

Upcoming Events