၂၃.၆.၂၀၂၁၊ နေပြည်တော်
သင်တန်းကျောင်းများရှိ ပြစ်ဒဏ်ချမှတ်ခြင်းခံရသော ကလေးသူငယ်များစိစစ်ရေးလုပ်ငန်း လမ်းညွှန်(မူကြမ်း)ဒုတိယ အကြိမ်နှင့်ပတ်သက်၍ သုံးသပ် ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက်ပိုင်းက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန၌ အစည်းအဝေးခန်းမ၌ ကျင်းပရာ ၊ ဒုတိယ ဝန်ကြီး၊ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ဘာသာရပ်ဆိုင်ရာညွှန်ကြားရေးမှူးများ၊ သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ် လူမှုဝန်ထမ်းဦးစီးမှူးများနှင့် သင်တန်းကျောင်းအသီးသီးက တာဝန်ခံများ၊ ကျောင်းအုပ်များ Online ဖြင့် တက်ရောက်ခဲ့ကြပါသည်။
ပြည်ထောင်စုဝန်ကြီးက သင်တန်းကျောင်းများရှိပြစ်ဒဏ် ချမှတ်ခြင်းခံရသော ကလေးသူငယ်များ စိစစ်ရေးဗဟိုကော်မတီနှင့် သက်ဆိုင်ရာ သင်တန်းကျောင်းများအလိုက် ပြစ်ဒဏ် ချမှတ်ခြင်းခံရသော ကလေးသူငယ်များစိစစ်ရေးကော်မတီများကို ဖွဲ့စည်းထားရှိပြီး ဖြစ်ပါကြောင်း၊ ထိုသို့ ဆောင်ရွက်ရာတွင် ကလေးသူငယ်များ၏ အကောင်းဆုံး အကျိုးစီးပွားကိုရှေးရှု၍ သင်တန်းကျောင်းများ အားလုံးအနေဖြင့် တပြေးညီဆောင်ရွက်နိုင် စေရန် လုပ်ငန်းလမ်းညွှန် ချမှတ်ရေးဆွဲခဲ့ခြင်းဖြစ်ပါကြောင်း၊ လုပ်ငန်းလမ်းညွှန်(ပထမမူကြမ်း) အပေါ် ကလေးသူငယ်တစ်ဦး ချင်းစီအလိုက် စိစစ်ရေးပုံစံများ ထည့်သွင်းရန် မူဝါဒချမှတ်ပြီး ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါကြောင်း၊ သင်တန်းကျောင်းသို့ ရောက်ရှိသော ကလေးသူငယ်အများစု၏ အဓိကအခြေခံ အကြောင်းရင်း သည် မိသားစုတွင်းပြဿနာ၊ စားဝတ်နေရေး၊ စီးပွားရေးအခက်အခဲနှင့် ပညာသင်ကြားမှုအခွင့်အလမ်းတို့ဖြစ်သည်ကို တွေ့ရှိရပါကြောင်း၊ ဗဟိုကော်မတီ အစည်းအဝေးကို ကျင်းပနိုင်ရေးနှင့် သင်တန်း ကျောင်းများအနေဖြင့် လုပ်ငန်းများဆောင်ရွက်ရာတွင် Standardized ဖြစ်စေရေးအတွက် အတည်ပြုနိုင်ရေး ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း၊ ယခုလုပ်ငန်းလမ်းညွှန် ဒုတိယမူကြမ်းအပေါ် တက်ရောက်လာသူအသီးသီးမှ ဝိုင်းဝန်းဖြည့်စွက် အကြံပြု ပေးစေလိုကြောင်း၊ ပြောကြားခဲ့ပါသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးက ကလေးသူငယ်အခွင့်အရေးများ ဆိုင်ရာဥပဒေအရ သင်တန်းကျောင်းများတွင် ကလေးသူငယ်များကို တိုးမြှင့်လက်ခ ံခဲ့ရပါကြောင်း၊ ကလေးသူငယ် တစ်ဦးချင်းစီ အလိုက်ပြစ်မှုကျူးလွန်ရခြင်း အကြောင်းအရင်းများရှိပါကြောင်း၊ သင်တန်းကျောင်းများရှိ ကလေးသူငယ်များ အနက်မှ စည်းကမ်း လိုက်နာ၍ ပြစ်မှုကျူးလွန်ရခြင်း အကြောင်းအရင်း အပေါ်မူတည်ပြီး ပြစ်ဒဏ်ကာလလျှော့ပေါ့ရေးအတွက်ဦးတည်၍ စဉ်းစား ရန်လိုအပ် သကဲ့သို့ သင်တန်းကျောင်းများရှိ ဝန်ထမ်းများ၏ တာဝန်ထမ်း ဆောင်စဉ်ကာလအတွင်း အပြစ်ပေးအရေးယူမှုများ မရှိစေရေး အတွက်လည်း ကလေးသူငယ် အခွင့်အရေးများ ဆိုင်ရာ ဥပဒေတွင်ပြင်ဆင်ရန်သော်လည်းကောင်း၊ သင်တန်းကျောင်း ဆိုင်ရာလုပ်ငန်း လမ်းညွှန်တွင်သော်လည်းကောင်း ထည့်သွင်း ပြဋ္ဌာန်းရန် လိုအပ်ပါကြောင်း၊ ကလေးသူငယ်များအတွက် အခွင့်အရေးကိုဦးတည်ဆောင်ရွက်ရာတွင် ပြုစုစောင့်ရှောက် သူများအပါအဝင် ရပ်ရွာပတ်ဝန်းကျင်နှင့် ရေရှည် အကျိုးစီးပွားကို ထည့်သွင်းစဉ်းစားရမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။
ထို့နောက် လူမှုဝန်ထမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က လုပ်ငန်းလမ်းညွှန် (ဒုတိယမူကြမ်း) ရေးဆွဲထားရှိမှုအခြေအနေနှင့် သင်တန်းကျောင်း များရှိပြစ်ဒဏ်ချမှတ်ခြင်း ခံရသောကလေး သူငယ်များစိစစ်ရေး ဗဟိုကော်မတီ၊ သက်ဆိုင်ရာသင်တန်း ကျောင်းများအလိုက် ကော်မတီများဖွဲ့စည်း ဆောင်ရွက် ထားရှိမှုအခြေအနေများကို တင်ပြဆွေးနွေးခဲ့ပြီး ဒုတိယ ညွှန်ကြားရေးမှူးချုပ်(လုပ်ငန်း)က လုပ်ငန်းလမ်းညွှန် (ဒုတိယမူကြမ်း)နှင့်ပတ်သက်၍ အတည်ပြုနိုင် ရေး ပြင်ဆင်၊ ဖြည့်စွက်ရမည့်အချက်များအား တင်ပြဆွေးနွေးခဲ့ပါသည်။
ဆက်လက်၍ တက်ရောက်လာသော သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်ဦးစီးမှူးများနှင့် သင်တန်းကျောင်း အသီးသီး၏ တာဝန်ခံများ၊ ကျောင်းအုပ်များက ပြင်ဆင်၊ ဖြည့်စွက် ရမည့်အချက်များအပေါ် ဝိုင်းဝန်းဆွေးနွေးအကြံပြုခဲ့ကြပါသည်။ ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးတို့က လုပ်ငန်းလမ်းညွှန် (ဒုတိယမူကြမ်း)အပေါ် အတည်ပြုနိုင်ရေးလိုအပ်သည်များ ဖြည့်စွက်ဆွေးနွေးခဲ့ပြီး သင်တန်းကျောင်းများ၏ လိုအပ်ချက် များအပေါ် ပေါင်းစပ်ညှိနှိုင်းဆွေးနွေးခဲ့ကြောင်း သိရပါသည်။
#hl1_otr
#npw_jun2021
Source: MOSWRR