မေလ ၂၀ ရက်၊ နေပြည်တော်
တိုင်းဒေသကြီး/ပြည်နယ်များက တင်ပြထားသည့် အမျိုးသားသဘာဝဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေဖြင့် ဆောင်ရွက်လိုသောလုပ်ငန်းများနှင့်စပ်လျဉ်း၍ အမျိုးသား သဘာဝဘေး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီသို့ တင်ပြနိုင်ရန်အတွက် ကြိုတင်ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည် နေရာချထားရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်၊ ဒုတိယဝန်ကြီး ဦးအောင်ထွန်းခိုင်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ လက်ထောက်အတွင်းဝန်နှင့် ညွှန်ကြားရေးမှူးများ တက်ရောက်ခဲ့ ကြသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက တိုင်းဒေသကြီး/ ပြည်နယ်အသီးသီးတွင် အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုရန်ပုံငွေဖြင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုလုပ်ငန်းများ ဖြစ်သည့် ကြိုတင်ပြင်ဆင်ခြင်း၊ ကြိုတင်ကာကွယ်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ရေး တင်ပြ တောင်းခံခဲ့သောလုပ်ငန်းများအနက် လတ်တလော မဖြစ်မနေ ဆောင်ရွက်ပေးသင့်သည့် လုပ်ငန်း များကို ဦးစားပေးရွေးချယ်နိုင်ရေးနှင့် မကြာမီကာလတွင် မုတ်သုံရာသီ ကျရောက်တော့မည် ဖြစ်သည့်အတွက် သဘာဝဘေးအန္တရာယ်နှင့် ပတ်သက်၍ ကြိုတင်ပြင်ဆင်ထားရှိရန်နှင့် ကြိုတင် ပြင်ဆင်ရေးဆောင်ရွက်ထားရှိမှု အခြေအနေကို သိရှိလိုပါကြောင်း ပြောကြားခဲ့ပါသည်။
ဆက်လက်ပြီး ဒုတိယဝန်ကြီး၊ ဦးအောင်ထွန်းခိုင်က Covid-19 နှင့် လတ်တလောကြုံတွေ့ နေရသည့် ငွေကြေးအခက်အခဲများကြောင့် Shelter အပါအဝင် တည်ဆောက်ရေးလုပ်ငန်းများ နှောင့်နှေးခဲ့မှုများကို အကောင်းဆုံးနည်းလမ်းစဉ်းစားပြီး ဆောင်ရွက်စေလိုပါကြောင်း၊ မုတ်သုကာလ နီးနေပြီဖြစ်၍ ယခင်အတွေ့အကြုံများကိုအခြေခံပြီး ဘေးအန္တရာယ်ကြိုတင် ကာကွယ်သည့်အနေဖြင့် မိုးလေဝသအခြေအနေနှင့် ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်းများကို ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ တိုင်းဒေသကြီး/ ပြည်နယ်ဦးစီးမှူးရုံးများအနေဖြင့် သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ အထူးအလေးပေးဆောင်ရွက်စေလိုကြောင်း ပြောကြားခဲ့ပါသည်။
ထို့နောက် အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများက အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေဖြင့် ဆောင်ရွက်ပေး နိုင်ရေးတင်ပြထားသည့် လုပ်ငန်းများကို ရှင်းလင်းတင်ပြပြီးနောက် ဦးစားပေးရွေးချယ်နိုင်ရေး လမ်းညွှန်မှုခံယူကာ ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးတို့က လိုအပ်သည်များ ဖြည့်စွက် ဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။
#hl1
#npw_may2021
Source: MOSWRR