ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်းအကောင်အထည်ဖော်မှု ပဉ္စမနှင့် ဆဋ္ဌမအကြိမ်နိုင်ငံအဆင့်ပူးတွဲအစီရင်ခံစာ(မူကြမ်း) ရှင်းလင်းတင်ပြခြင်းနှင့် လူကုန်ကူးခံရသူများ အား ပြန်လည်လက်ခံရေး၊ ပြန်လည်ဝင်ဆံ့ပေါင်းစည်းရေးနှင့် ပြန်လည်ထူထောင်ရေးဆိုင်ရာ အမျိုးသားအဆင့် စံလုပ်ငန်းအစီအစဉ် ရှင်းလင်းတင်ပြခြင်း အစည်းအဝေး ကျင်းပ


၂၀-၄-၂၀၂၁ ၊ နေပြည်တော်
ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်း အကောင်အထည်ဖော်မှု ပဉ္စမနှင့်ဆဋ္ဌမအကြိမ်နိုင်ငံအဆင့်ပူးတွဲအစီရင်ခံစာ(မူကြမ်း)နှင့်ပတ်သက်၍ ပြည်ထောင်စုဝန်ကြီး အား ရှင်းလင်းတင်ပြခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်က အဖွင့်အမှာစကားပြောကြားရာတွင် ကလေးသူငယ်အခွင့်အရေးများဆိုင် ရာကုလသမဂ္ဂကွန်ဗင်းရှင်း အကောင်အထည်ဖော်မှုနှင့် ပတ်သက်၍ မြန်မာနိုင်ငံအနေဖြင့် United Nations Convention on the Rights of the Child (UNCRC) တွင် ပါဝင်လက်မှတ်ရေးထိုး ထားရှိခဲ့ပြီးဖြစ်၍ သတ်မှတ်ချက်များနှင့်အညီ အစီရင်ခံစာများ တင်သွင်းရပါကြောင်း၊ ယခုလက်ရှိ တွင် ပဉ္စမနှင့်ဆဋ္ဌမအကြိမ် နိုင်ငံအဆင့် ပူးတွဲအစီရင်ခံစာအား တင်သွင်းနိုင်ရေး စီစဉ်ဆောင်ရွက် လျက်ရှိပါကြောင်း၊ Reportတင်သွင်းခြင်းသည် တိုင်းပြည်၏ ဂုဏ်သိက္ခာနှင့် သက်ဆိုင်နေသည့် အတွက် သတ်မှတ်ကာလအတွင်း အစီရင်ခံစာပေးပို့နိုင်ရေး ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊ အစီရင်ခံစာနှင့် ပတ်သက်၍ UNCRC ကော်မတီ၏ သုံးသပ်ချက်နှင့်အကြံပြုချက် များကိုလည်း အလေးထားရမည်ဖြစ်ပါကြောင်း၊ အမျိုးသားအဆင့်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီ အပါအဝင် အဆင့်ဆင့်သော ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီအစည်းအဝေးများကို လည်း ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေအား (၂၃-၇-၂၀၁၉)ရက်နေ့တွင် ပြဋ္ဌာန်းခဲ့ပြီး လက်ရှိတွင် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ နည်းဥပဒေအား ရေးဆွဲဆောင်ရွက်လျက်ရှိသည့် အခြေအနေကိုလည်း အမျိုးသားအဆင့်ကော်မတီဝင် များထံသို့ ချပြသွားမည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။ ဆက်လက်၍ ဒုတိယဝန်ကြီးမှလည်း ပဉ္စမနှင့်ဆဋ္ဌမအကြိမ် နိုင်ငံအဆင့်ပူးတွဲ အစီရင်ခံစာရေးသားရာတွင် အစိုးရမဟုတ်သော အဖွဲ့အစည်းများက တင်သွင်းမည့် အစီရင်ခံစာများကိုလည်း လေ့လာဖတ်ရှုရန် လိုအပ်ပါကြောင်းနှင့် လိုအပ်သည်များအားဖြည့်စွက် ပြောကြားခဲ့ပါသည်။
ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်း အကောင်အထည်ဖော်မှု ပဉ္စမနှင့်ဆဋ္ဌမအကြိမ် နိုင်ငံအဆင့်ပူးတွဲ အစီရင်ခံစာ (မူကြမ်း)နှင့်ပတ်သက်၍ ဘာသာရပ်ဆိုင်ရာ တာဝန်ခံ ညွှန်ကြားရေးမှူးက CRC အဖွဲ့ဝင်နိုင်ငံဖြစ်လာခြင်း၊ CRC ၏ အနှစ်သာရများ၊ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂသဘောတူစာချုပ်အခြေခံမူ(၄)ရပ်၊ လိုက်နာ ဆောင်ရွက်ရမည့် တာဝန်(၅)ရပ်၊ ဥပဒေနှင့် နည်းဥပဒေပြဋ္ဌာန်းချက်များအား ရှင်းလင်းတင်ပြခြင်း၊ လက်ရှိတွင် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာအမျိုးသားကော်မတီ၊ နေပြည်တော် ကောင်စီ၊ တိုင်းဒေသကြီး/ ပြည်နယ်ကော်မတီများ ဖွဲ့စည်းထားရှိပြီး ခရိုင်နှင့် မြို့နယ်ကော်မတီများ ဆက်လက်ဖွဲ့စည်းဆောင်ရွက်မည့်အခြေအနေ၊ ကလေးသူငယ်အခွင့်အရေး(၄)ရပ်အား အကောင် အထည်ဖော်ဆောင်ရွက်ခြင်း၊ စောင့်ကြည့်လေ့လာခြင်းနှင့် အကဲဖြတ်သုံးသပ်ခြင်း လုပ်ငန်းစဉ်များ၊ အစီရင်ခံစာရေးသားခြင်း၊ တင်သွင်းခြင်းများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ရာ ပြည်ထောင်စု ဝန်ကြီးက UNCRCကော်မတီမှ သတ်မှတ်ထားသည့် Reporting Guidelineများအတိုင်း ရေးသားရမည်ဖြစ်သော်လည်း အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် တွေ့ကြုံရသည့် အခက်အခဲများအား ထည့်သွင်းရေးသားရမည်ဖြစ်ပါကြောင်း၊ ဥပမာအားဖြင့် ဘတ်ဂျက်ရရှိမှု နည်းပါးခြင်းနှင့် ဖြစ်ရပ်စီမံခန့်ခွဲသူများ လုံလောက်စွာခန့်ထားနိုင်မှုမရှိခြင်းသည်လည်း စိန်ခေါ်မှုများ ဖြစ်ပါကြောင်း၊ ဆောင်ရွက်ရန်နည်းလမ်း၊ Recommendation များကိုလည်း ပေါ်လွင်အောင် ရေးသားရမည်ဖြစ်ပါကြောင်း မှာကြားခဲ့ပါသည်။
ဆက်လက်၍ မွန်းလွဲပိုင်းတွင် လူကုန်ကူးခံရသူများအား ပြန်လည်လက်ခံရေး၊ ပြန်လည် ဝင်ဆံ့ပေါင်းစည်းရေးနှင့် ပြန်လည်ထူထောင်ရေးဆိုင်ရာ အမျိုးသားအဆင့် စံလုပ်ငန်းအစီအစဉ် ပါလုပ်ငန်းစဉ်များအား ရှင်းလင်းတင်ပြခြင်းနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဆက်လက် ကျင်းပရာ ပြည်ထောင်စုဝန်ကြီးကမိမိတို့ဝန်ကြီးဌာနမှ တာဝန်ယူအကောင်အထည်ဖော် ဆောင်ရွက် နေသော ပြည်သူ့အကျိုးပြုလုပ်ငန်းများသည် ပြည်သူလူထုအတွင်း ထဲထဲဝင်ဆောင်ရွက်ရပြီး တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဆောင်ရွက်ရသော လုပ်ငန်းများဖြစ်သည့်အတွက် လေးနက်ခက်ခဲပါ ကြောင်း၊ မသန်းစွမ်းသူ ၊ မူးယစ်ဆေးဖြတ်ပြီးသူ လူကုန်ကူးခံရသူ စသည်ဖြင့် လူမှုရေးအကူအညီ လိုအပ်နေသူအားလုံး၏ ပြန်လည်ထူထောင်ရေး လုပ်ငန်းများမှာ အလွန်ပင်အရေးကြီးပါကြောင်း၊ ၎င်းတို့ကို မိသားစုအသိုင်းအဝိုင်း ရပ်ရွာလူထုအတွင်း ပြန်လည်ဝင်ဆံ့ပေါင်းစည်းပေးရာတွင် ရပ်ရွာပြည်သူလူထုနှင့် မိဘဆွေမျိုးသားချင်း မိသားစုဝင်များ၏ အမြင်သဘောထားများနှင့် ပံ့ပိုးကူညီမှုများသည် အလွန်ပင်အရေးကြီးပါကြောင်း၊ မိမိတို့ဝန်ကြီးဌာနအနေဖြင့် မပြီးပြတ်သေး သောလုပ်ငန်းများကို ထိရောက်အောင်မြင် အောင်ဆောင်ရွက်ရန် လိုအပ်သကဲ့သို့ ရှေ့ဆက် ဆောင်ရွက်ရမည့် လုပ်ငန်းများစွာကိုလည်း ပိုမိုအောင်မြင်အောင် ဆောင်ရွက်သွားရမှာဖြစ်ပါ ကြောင်း ပြောကြားခဲပါသည်။
ထို့နောက် ဒုတိယဝန်ကြီး၊ ဦးအောင်ထွန်းခိုင်က ဆွေးနွေးရာတွင် မိမိတို့ဝန်ကြီးဌာနမှ အကောင်အထည်ဖော်ဆောင်ရွက်နေသည့် လုပ်ငန်းရပ်များတွင် လူကုန်ကူးခံရသူများအား ပြန်လည် လက်ခံရေး၊ ပြန်လည်ဝင်ဆံ့ပေါင်းစည်းရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းရပ်သည်လည်း အရေးကြီးသောလုပ်ငန်းရပ်တစ်ခုဖြစ်ပါကြောင်း၊ လူကုန်ကူးမှုများသည် ရွှေ့ပြောင်း သွားလာခြင်းနှင့် ဆက်စပ်လျက်ရှိပြီး၊ ပုံမှန်ဝင်ငွေမရှိသူ ၊ ရပ်တည်ရန်ခက်ခဲသူများအပေါ် ပွဲစားများမှ မတရား အလွဲ သုံးစားပြု ခေါင်းပုံဖြတ်ခြင်းဖြစ်ကြောင်း၊ယခင်က အမျိုးသမီးများသာ လူကုန်ကူးခြင်းခံရသော်လည်း ယခုအခါ အမျိုးသားများပါ လူကုန်ကူးခြင်းခံရမှုများပြားလာတာကိုတွေ့ရမှာဖြစ်ကြောင်း၊ အမျိုးသား အများစုသည် ကျားဖောင်များပေါ်တွင် လူကုန်ကူးခံရကြောင်း၊ တရုတ်နိုင်ငံသို့ တရားမဝင်သွား ရောက် အလုပ်လုပ်ကိုင်ခြင်းကြောင့် လူကုန်ကူးမှုများ ဖြစ်ပွားလျက်ရှိသကဲ့သို့ အမျိုးသမီးအများစုမှာ အဓမ္မလက်ထပ်ခြင်းခံရကြောင်း၊ လူကုန်ကူးခံရသူများထဲတွင် မြန်မာနိုင်ငံ အလယ်ပိုင်းခြောက်သွေ့ ဒေသများတွင် နေထိုင်သူများ အများအပြား ပါဝင်နေတာတွေ့ရှိရကြောင်း၊ လူကုန်ကူးခံရသူများအား ပြန်လည်ထူထောင်ရာတွင် နောက်ဆက်တွဲစောင့်ရှောက်မှုသည် အရေးကြီးပါကြောင်း၊ လူကုန်ကူးခံ ရသူသာမက ၎င်းတို့၏ မိသားစုဝင်များကိုပါ Counselling ပြုလုပ်ပေးရန်လိုအပ်ကြောင်း၊ အလုပ်အကိုင်အခွင့် အလမ်းများပိုမိုဖန်တီးပေးနိုင်ရန်လိုအပ်ပါကြောင်း၊ ထို့အပြင် ကြိုတင်ကာကွယ် တားဆီးရေး လုပ်ငန်းများသည်လည်း များစွာရေးကြီးကြောင်း ဆွေးနွေးခဲ့ပါသည်။
ထို့နောက် ပြန်လည်ထူထောင်ရေးဦးစီးဌာနက သက်ဆိုင်ရာတာဝန်ရှိသူက “ လူကုန်ကူး ခံရသူများအား ပြန်လည်လက်ခံရေး၊ ပြန်လည်ဝင်ဆံ့ပေါင်းစည်းရေးနှင့် ပြန်လည်ထူထောင်ရေး ဆိုင်ရာ အမျိုးသားအဆင့်စံလုပ်ငန်းအစီအစဉ်” ပါ လုပ်ငန်းစဉ်များအား ရှင်းလင်းတင်ပြခဲ့ပြီး၊ လက်ရှိဆောင်ရွက်လျက်ရှိသော လုပ်ငန်းများ၏ အားသာချက်၊ အားနည်းချက်များနှင့် ရှေ့ဆက် ဆောင်ရွက်ရမည့်လုပ်ငန်းများနှင့်စပ်လျဉ်း၍ ဆွေးနွေးညှိနှိုင်းခဲ့ကြကြောင်း သတင်းရရှိပါသည်။

hl1
Hl2
Npw_apr2021

Source: MSWRR

Sign Up

Upcoming Events