လေဖိအားနည်းရပ်ဝန်းအခြေအနေ

၂၀၂၁ ခုနှစ်၊ ဧပြီလ (၂)ရက်နေ့ မြန်မာစံတော်ချိန် (၀၇:၀၀)နာရီအချိန်ထုတ်ပြန်ချက်

===================================

 

လေဖိအားနည်းရပ်ဝန်းအခြေအနေ

၁။      ယနေ့မြန်မာစံတော်ချိန် (၀၅:၃၀)နာရီအချိန် တိုင်းထွာ ချက်များအရကပ္ပလီပင်လယ်ပြင် အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းသည် ဆက်လက်တည်ရှိနေပါသည်။ အဆိုပါလေဖိအားနည်းရပ်ဝန်းသည်နောက်(၁၂)နာရီအတွင်း မုန်တိုင်းငယ် (Depression) အဖြစ်သို့ အားကောင်းလာနိုင်ပြီး၊ အရှေ့မြောက်ဘက်သို့ ရွေ့လျားကာ၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီ ကမ်းရိုးတန်းသို့ ဦးတည်ရွေ့လျားနိုင်သည်ဟု ခန့်မှန်းရပါသည်။                      

သတိပေးနှိုးဆော်ချက်

 ၂။      အဆိုပါ လေဖိအားနည်းရပ်ဝန်း၏အရှိန်ကြောင့် (၂.၄.၂၀၂၁)ရက် နေ့မှ(၅.၄.၂၀၂၁)ရက်နေ့ အတွင်း တနင်္သာရီ တိုင်းဒေသကြီး၊ ကရင် ပြည်နယ်နှင့်မွန်ပြည်နယ်တို့တွင် နေရာစိပ်စိပ်၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ဧရာဝတီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်(တောင် ပိုင်းနှင့် အရှေ့ပိုင်း)နှင့် ကယားပြည်နယ်တို့တွင် နေရာကျဲကျဲ၊ နေပြည်တော်တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာပြီး၊ တနင်္သာရီ တိုင်းဒေသကြီး၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင်နေရာကွက်၍ မိုးကြီးခြင်းများ ဖြစ်ပေါ်နိုင်ကာ၊ မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊မွန်-တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင် တို့တွင်တစ်ခါတစ်ရံ မိုးသက် လေပြင်းများကျရောက်ပြီး၊ လှိုင်း အသင့်အတင့်မှလှိုင်းကြီးနိုင်ပါသည်။ မိုးသက်လေပြင်း ကျစဉ် ရေပြင်/မြေပြင်လေသည်တစ်နာရီလျှင် (၃၅) မိုင်အထိ တိုက်ခတ် နိုင်ပါသည်။ လှိုင်းအမြင့် မှာ မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီ ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၇)ပေမှ (၉)ပေခန့် ရှိနိုင်ပါသည်။

အကြံပြုချက်

၃။     သို့ဖြစ်ပါ၍ လေဖိအားနည်းရပ်ဝန်း၏အရှိန်ကြောင့် မိုးရွာ သွန်းခြင်းနှင့်အတူ လေပြင်းတိုက် ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းများ ဖြစ်ပေါ်နိုင်ပါသဖြင့် ကြိုတင် သတိပြုနေထိုင်ကြပါရန် အကြံပြုအပ်ပါသည်။

Sign Up

Upcoming Events