လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးသို့ အမျိုးသမီးများအပေါ်အကြမ်းဖက်မှု တားဆီးကာကွယ်ရေးဥပဒေ(မူကြမ်း)အား ရှင်းလင်း တင်ပြခြင်း

မတ်လ(၁၈)ရက်နေ့၊ နေပြည်တော်

            ၂၀၂၁ခုနှစ်၊ မတ်လ (၁၈) ရက်နေ့ လူမှုဝန်ထမ်းဦးစီးဌာနမှ ဦးဆောင်၍ ဆက်စပ်ဌာနဆိုင်ရာ များ၊ အဖွဲ့အစည်းများနှင့် ရေးဆွဲထားရှိသည့် အမျိုးသမီးများအပေါ်အကြမ်းဖက်မှု တားဆီးကာ ကွယ်ရေးဥပဒေ (မူကြမ်း) အား ရှင်းလင်းတင်ပြသည့်အစည်းအဝေးကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံးအစည်းအဝေးခန်းမ၌ ကျင်းပခဲ့ရာ ပြည်ထောင်စု ဝန်ကြီး၊ ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများတက်ရောက် ဆွေးနွေးကြပါသည်။

ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနသည် အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးအတွက် Focal ဌာနဖြစ်သည့်အတွက် ရှိသင့်ရှိထိုက်သည့် ဥပဒေများရှိဖို့လိုကြောင်း၊ ယခုဥပဒေသည် ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော်သို့ တင်ပြထားသည်ကိုလည်းသိရှိပါကြောင်း၊ ဥပဒေပြဋ္ဌာန်းနိုင်ရေးအတွက် ဆွေးနွေးရမည့် အဖွဲ့အစည်းများနှင့်ဆွေးနွေးပြီး  အဆင်သင့်ဖြစ်ထားရန် လိုအပ်မှာဖြစ်ကြောင်း၊ ထို့အပြင် ပဋိပက္ခအတွင်းလိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု တားဆီးကာကွယ်ရေးနှင့် တုံ့ပြန်ဆောင် ရွက်ရေး ဆိုင်ရာအမျိုးသားအဆင့်ကော်မတီရဲ့ လုပ်ငန်းစီမံချက်တွင် အမျိုးသမီးများအပေါ် အကြမ်း ဖက်မှုတားဆီးကာကွယ်ရေးဥပဒေ ပြဋ္ဌာန်းရန်ပါဝင်ပါကြောင်း၊ ယခုရေးဆွဲထားသည့် အခြေအနေ အပေါ် သက်ဆိုင်ရာဌာန/အဖွဲ့အစည်းများမှ ပေးပို့လာသည့် တင်ပြချက်များကို ပြန်လည်သုံးသပ် ဖို့လိုကြောင်း၊ ယင်းသို့ပြန်လည်သုံးသပ်ဖို့အတွက်  မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီဝင် များနှင့် နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး/ပြည်နယ် အမျိုးသမီးကော်မတီအစည်းအဝေးများ ခေါ်ယူဆွေးနွေးသွားရန်လိုအပ်မည်ဖြစ်ကြောင်း လမ်းညွှန်ပြောကြားခဲ့ပါသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးက ပြောကြားရာတွင် ယခုဥပဒေဖြစ်ပေါ်လာရခြင်းသည် အမျိုး သမီးများနှင့်ကလေးသူငယ်များအပေါ် အကြမ်းဖက်မှုများနှင့်ပတ်သက်၍ ဆန်းစစ်မှုများပြုလုပ်ရာ မှာ အမျိုးသမီးငယ်ရွယ်များကို လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုပြုလုပ်တဲ့ ဖြစ်ရပ်များ ရာခိုင်နှုန်း များလာသည်ကို တွေ့ရှိရပြီး အဓမ္မပြုကျင့်ရာတွင် လူသားမဆန်သည့် ပုံစံများ တွေ့ရှိလာကြောင်း၊ အဆိုပါ အမှုအခင်းများနှင့်ပတ်သက်၍ ရာဇသတ်ကြီးရှိထားသော်လည်း အမျိုးသမီးများအပေါ် အကြမ်းဖက်မှုများအတွက် လုံလောက်သည့်အကာအကွယ်ပေးနိုင်ရေးအတွက် ရေးဆွဲခဲ့ခြင်းဖြစ်ပါ ကြောင်း၊ အမျိုးသမီးများအပေါ် နည်းမျိုးစုံဖြင့်ခွဲခြားမှုပပျောက်ရေးဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်း ဆိုင်ရာ မြန်မာနိုင်ငံ၏အစီရင်ခံစာ ဖြေကြားမှုအပေါ် အကြံပြုချက်ပေးပို့လာရာတွင် အမျိုးသမီးများ အတွက် ဥပဒေတစ်ခုရှိဖို့ အကြံပြုချက်များရှိထားသည့်အတွက် သက်ဆိုင်ရာဌာန/အဖွဲ့အစည်းများနဲ့ ဆွေးနွေးပြီး ရေးဆွဲရခြင်းဖြစ်ကြောင်း၊ အဖွဲ့အစည်းများနဲ့ဆွေးနွေးမှု များစွာလုပ်ခဲ့ကြောင်း၊ တိုင်း ဒေသကြီး/ပြည်နယ်အလိုက် ရှင်းပြမှုများလည်းပြုလုပ်ခဲ့ကြောင်း၊ နိုင်ငံပိုင်သတင်းစာများတွင်လည်း ဖော်ပြထားပြီးဖြစ်ကြောင်း၊ ပြဌာန်းရန်အဆင်သင့်ပြင်ဆင်ထားဖို့လိုကြောင်း ပြောကြားခဲ့ ပါသည်။

ဆက်လက်၍ လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က အမျိုးသမီးများအပေါ် အကြမ်း ဖက်မှု တားဆီးကာကွယ်ရေးဥပဒေမူကြမ်း ရေးဆွဲဆောင်ရွက်မှုအခြေအနေများနှင့် သက်ဆိုင်ရာ တာဝန်ခံများက ဥပဒေပါအချက်များအား ပုဒ်မတစ်ခုခြင်းစီအလိုက် ရှင်းလင်းတင်ပြခဲ့ပြီး ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးတို့မှ ဆွေးနွေးလမ်းညွှန်မှုများပြုလုပ်ခဲ့ပါသည်။

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအနေဖြင့် အမျိုးသမီး များအပေါ် အကြမ်းဖက်မှုတားဆီးကာကွယ်ရေးဥပဒေ ပြဌာန်းနိုင်ရေးအတွက် မြန်မာနိုင်ငံ လုံး ဆိုင်ရာအမျိုးသမီးကော်မတီ အစည်းအဝေးခေါ်ယူ၍ ဆွေးနွေးမှုများ ဆောင်ရွက်သွားမည် ဖြစ်သည့် အပြင် ဥပဒေ(မူကြမ်း)အပေါ် အရပ်ဖက်လူမှုအဖွဲ့အစည်းများမှ အကြံပြုချက်များကိုလည်း ဆက်လက်ဆွေးနွေးသွားမည်ဖြစ်ကြောင်းနှင့် အမျိုးသမီးများအပေါ်အကြမ်းဖက်မှုတားဆီးကာကွယ် ရေးဥပဒေ ပြဌာန်းနိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

#hl1

#npw_mar2021

Source:MOSWRR

Sign Up

  • Upcoming Events