ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်ထားရှိမှု အခြေအနေများ ရှင်းလင်းဆွေးနွေးပွဲ တက်ရောက်

မတ် ၁၇၊ နေပြည်တော်

ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်ထားရှိမှုအခြေအနေများကို ရှင်းလင်းဆွေးနွေးပွဲကို ယနေ့ နံနက်ပိုင်း က နေပြည်တော်ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင် တက်ရောက်ခဲ့ပါသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးကအဖွင့်အမှာစကားပြောကြားရာတွင် ရခိုင်ပြည်နယ်အတွင်း ကာလရှည်ဖြစ်ပွားခဲ့သော ပဋိပက္ခများကို ဖြေရှင်း ဆောင်ရွက်နိုင်ရေးနှင့် ရခိုင်ပြည်နယ်အတွင်း နေထိုင် လျက်ရှိသော လူမှုအသိုက်အဝန်းအားလုံး အကျိုးဖြစ်ထွန်း စေရေးအတွက် အစိုးရအဆက်ဆက် ဖြေရှင်း ဆောင်ရွက်ခဲ့ကြ ပါကြောင်း၊ ရခိုင်ပြည်နယ်အတွင်း ၂၀၁၂ ခုနှစ်ကဖြစ်ပွားခဲ့သော ပဋိပက္ခများကြောင့် ရင်ဆိုင်ကြုံတွေ့ခဲ့ရသော အခက်အခဲများကို ဖြေရှင်း ဆောင်ရွက်ရာမှာ သက်ဆိုင်ရာဌာနအဖွဲ့အစည်းများက လက်တွဲပူးပေါင်းဆောင်ရွက်ခဲ့ကြသည့်အတွက် ပြောင်းလဲတိုးတက် မှုများကို ဖော်ဆောင်နိုင်ခဲ့သည်ကို တွေ့ရှိရပါကြောင်း၊ ရှေ့ဆက်ပြီး ရခိုင်ပြည်နယ်၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ၏မူဝါဒ၊ လမ်းညွှန်ချက် များနှင့် အညီ သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများနှင့် ညှိနှိုင်းပူးပေါင်း ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

ထို့နောက် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်က ရခိုင်ပြည်နယ်ဆိုင်ရာ စုံစမ်းစစ်ဆေးရေးကော်မရှင်နှင့် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်ဖွဲ့စည်းခဲ့မှု၊ အဆိုပါကော်မရှင်များ၏ ရခိုင်ပြည်နယ်ဆိုင်ရာ ကဏ္ဍအလိုက် အကြံပြုချက်များအပေါ် အကောင် အထည်ဖော်ဆောင်ရွက်ရန်အတွက် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်ရေး ကော်မတီ ဖွဲ့စည်းဆောင်ရွက်ခဲ့မှု အခြေအနေများ၊ ကော်မတီ၏အကြံပေးအဖွဲ့ ဖွဲ့စည်းဆောင်ရွက်မှုနှင့်ကော်မတီ၏ အကြံပေးအဖွဲ့၏ အကြံပြုချက်များ၊ အကြံပြုချက်ကဏ္ဍများအလိုက် သက်ဆိုင်ရာပြည်ထောင်စုဝန်ကြီးဌာနများနှင့် ရခိုင်ပြည်နယ်အစိုးရအဖွဲ့တို့၏ လုပ်ငန်းဆောင်ရွက်ခဲ့မှုအခြေအနေများ၊ အကြံပြုချက်များ အပေါ်အကောင် အထည်ဖော် ဆောင်ရွက်မှုအခြေအနေများကို ပြည်သူသို့အစီရင်ခံစာပြုစု ထုတ်ပြန်ခဲ့မှုအခြေအနေများ၊ အကြံပြုချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်မှုများနှင့်စပ်လျဉ်း၍ သုံးသပ်တွေ့ရှိချက် အခြေအနေများကို ရှင်းလင်းတင်ပြခဲ့ပါသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီး၊ အမြဲတမ်း အတွင်းဝန်၊ ညွှန်ကြားရေး မှူးချုပ်များ၊ ဒုတိယ အမြဲတမ်းအတွင်းဝန်၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များက ရှင်းလင်းတင်ပြချက်များအပေါ် ပြန်လည်ဆွေးနွေးခြင်း၊ ရှေ့ဆက်ဆောင်ရွက်ရမည့် အစီအစဉ်များကို ဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်းသတင်းရရှိပါသည်။

#hl1_otr

#npw_mar2021

Source:  MOSWRR

Sign Up

Upcoming Events