အိန္ဒိယနိုင်ငံ၊ ပို့ဘလဲယားမြို့ရောက် မြန်မာရေလုပ်သားများအား ပြန်လည်ခေါ်ယူ၍ မိသားစုနှင့် ပြန်လည်ပေါင်းစည်းပေးနိုင်ခဲ့ခြင်း

အိန္ဒိယနိုင်ငံ၊ ပို့ဘလဲယားမြို့ရှိ အကျဉ်းထောင်တွင် ပြစ်ဒဏ်ကျခံပြီးသည့် မြန်မာရေလုပ်သား (၄၁၁) ဦးအား အမိမြန်မာနိုင်ငံတော်သို့ ပြန်လည်ခေါ်ယူ၍ နေရပ်ဒေသအရောက် ပို့ဆောင်ပြီး မိသားစုနှင့် ပြန်လည်ပေါင်းစည်းနိုင်ရေးကို အောင်မြင်စွာဆောင်ရွက်နိုင်ခဲ့ပြီး ဖြစ်ပါသည်။ ပြစ်ဒဏ်ကျခံပြီးသည့် မြန်မာရေလုပ်သားများအား နှစ်စဉ်နှစ်တိုင်း ပြန်လည်ခေါ်ယူသည့်လုပ်ငန်းကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှဦးဆောင်၍ သက်ဆိုင်ရာဝန်ကြီးဌာနများနှင့်အတူ ဆောင်ရွက်လျက်ရှိပါသည်။ ယခုရောက်ရှိခဲ့သည့် မြန်မာရေလုပ်သားများအား မြန်မာနိုင်ငံသို့ အဆင်ပြေချောမွေ့စွာ ပြန်လည်ခေါ်ယူရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို အမျိုးသားသဘာဝဘေးကာကွယ်စောင့်ရှောက်ရေး ဗဟိုကော်မတီအတွင်းရေးမှူး လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဘုန်းဆွေဦးဆောင်၍ အခြားဆက်စပ်ဝန်ကြီးဌာနများဖြစ်သော နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာန၊ မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာန၊ ပို့ဆောင်ရေးဝန်ကြီးဌာန၊ အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာန၊ ရေလုပ်သားများ၏နေရပ်ဒေသဖြစ်သော ဧရာဝတီတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်တို့မှ အစိုးရအဖွဲ့ကိုယ်စားလှယ်များဖြင့် (၂၂-၁၂-၂၀၁၄) ရက်နေ့၊ (၁၃၀၀) နာရီအချိန်တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ပါသည်။ ကနဦးရရှိသည်သတင်းအရ ပြန်လည်ခေါ်ယူရမည့် မြန်မာရေလုပ်သားအရေအတွက်မှာ (၂၆၀) ဦးဖြစ်ပြီး ရေလုပ်သားများအား ဇန်နဝါရီလ (၁၇) ရက်နှင့် (၁၈) ရက်နေ့များတွင် ပြန်လည်ခေါ်ယူသွားမည်ဖြစ်ကြောင်း အစည်းအဝေးမှ ဆုံးဖြတ်ခဲ့ပါသည်။
အထက်ပါအစည်းအဝေးမှ အကြောင်းအမျိုးမျိုးကြောင့် ပြည်ပနိုင်ငံအသီးသီးသို့ ရောက်ရှိသွားသည့်မြန်မာရေလုပ်သားများအား ပြန်လည်ခေါ်ယူရေးလုပ်ငန်းစဉ်မှာ ဆက်စပ်ဝန်ကြီးဌာနများနှင့် တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့များ၏ပူးပေါင်းဆောင်ရွက်မှုဖြင့် နှစ်စဉ်ဆောင်ရွက်ရမည့်လုပ်ငန်းဖြစ်ပြီး ရေရှည်ဆောင်ရွက်ရမည့်လုပ်ငန်းဖြစ်သောကြောင့် ပြည်ပနိုင်ငံများရှိ မြန်မာရေလုပ်သားများအား အမြန်ပြန်လည်ခေါ်ယူနိုင်ရေးအတွက် ဆက်စပ်ဝန်ကြီးဌာနများမှ ကိုယ်စားလှယ်များပါဝင်သည့် ရေလုပ်သားများ ပြန်လည်ခေါ်ယူရေးနှင့်စောင့်ရှောက်ရေးကော်မတီကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးမှ ဥက္ကဋ္ဌ၊ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးမှ ဒု-ဥက္ကဋ္ဌ၊ နိုင်ငံခြားရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး၊ မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး၊ ပို့ဆောင်ရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး၊ အလုပ်သမားအလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး၊ လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ ကျန်းမာရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ နိုင်ငံဖြတ်ကျော်မှုခင်းဌာနမှ ညွှန်ကြားရေးမှူးတို့က အဖွဲ့ဝင်အဖြစ်ပါဝင်ပြီး ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်မှ အတွင်းရေးမှူးအဖြစ်နှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်မှ တွဲဘက်အတွင်းရေးမှူးအဖြစ်ဖွဲ့စည်းရန် ဆွေးနွေးဆုံးဖြတ်ခဲ့ပြီး ယင်းကော်မတီဖွဲ့စည်းခွင့်ကို ဒုတိယသမ္မတ (၂) ဥက္ကဋ္ဌအဖြစ်ပါဝင်သည့် အမျိုးသားသဘာဝဘေးကာကွယ်စောင့်ရှောက်ရေးဗဟိုကော်မတီသို့ တင်ပြခဲ့ရာ နိုင်ငံတော်သမ္မတရုံး၏ (၂၉-၁၂-၂၀၁၄) ရက်စွဲပါစာအမှတ်၊ ၁၂ (၂) / ၇/ သမ္မတရုံးဖြင့် ဖွဲ့စည်းခွင့်ပြုခဲ့ပြီးဖြစ်ပါသည်။
အိန္ဒိယနိုင်ငံ၊ ပို့ဘလဲယားမြို့ရှိ အကျဉ်းထောင်တွင် ပြစ်ဒဏ်ကျခံပြီး မြန်မာနိုင်ငံသားမှန်ကန်ကြောင်း အတည်ပြုပြီးသူ မြန်မာရေလုပ်သား (၄၁၁) ဦးအနက် ပထမအသုတ်အဖြစ် ရေလုပ်သား (၁၅၀) ဦးအား (၁၇-၁-၂၀၁၅) ရက်နေ့တွင်လည်းကောင်း၊ ဒုတိယအသုတ်အဖြစ် ရေလုပ်သား (၁၅၀ ဦး) အား (၁၈-၁-၂၀၁၅) ရက်နေ့တွင်လည်ကောင်း၊ တတိယအသုတ်အဖြစ် ရေလုပ်သား (၁၁၁) ဦးအား (၁၉-၁-၂၀၁၅) ရက်နေ့တွင်လည်းကောင်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအောင်ခိုင်ဦးစီးပြီး လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ကိုယ်စားလှယ် (၂) ဦး၊ ကျန်းမာရေးဝန်ကြီးဌာနမှ ကိုယ်စားလှယ် (၂) ဦး၊ ပြန်ကြားရေးဝန်ကြီးဌာနမှ ကိုယ်စားလှယ် (၂) ဦး၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ကိုယ်စားလှယ် (၁) ဦး၊ စုစုပေါင်းကိုယ်စားလှယ် (၈) ဦးပါသော ကိုယ်စားလှယ်အဖွဲ့ဖြင့် အပြည်ပြည်ဆိုင်ရာမြန်မာ့လေကြောင်း (MAI) မှ စင်းလုံးငှားလေယာဉ် (၃) ခေါက်ငှားရမ်း၍ ခေါ်ယူခဲ့ပါသည်။ ပြန်လည်ရောက်ရှိသည့် ရေလုပ်သားများအား မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးခင်မောင်အေး၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးချွမ်ဟရဲနှင့် တာဝန်ရှိသူများ၊ ရေလုပ်သားများ၏နေရပ်ဒေသများဖြစ်သော ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်တို့မှ အစိုးရအဖွဲ့ကိုယ်စားလှယ်များ၊ မြန်မာနိုင်ငံပင်လယ်ငါးဖမ်းလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံငါးဖမ်းအဖွဲ့ချုပ်မှ တာဝန်ရှိသူများနှင့် ရေလုပ်သားများ၏မိသားစုများမှ ကြိုဆိုခဲ့ကြပါသည်။
ရေလုပ်သားများအား ပြန်လည်ခေါ်ယူခဲ့မှုမှာ (၁၇-၁-၂၀၁၅) ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီးမှ (၁၂၈) ဦး၊ တနင်္သာရီတိုင်းဒေသကြီးမှ (၃) ဦးနှင့် ရခိုင်ပြည်နယ်မှ (၁၉) ဦး၊ စုစုပေါင်း (၁၅၀) ဦး၊ (၁၈-၁-၂၀၁၅) ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီးမှ (၁၃၇) ဦး၊ တနင်္သာရီတိုင်းဒေသကြီးမှ (၁) ဦး၊ ရန်ကုန်တိုင်းဒေသကြီးမှ (၁) ဦးနှင့် ရခိုင်ပြည်နယ်မှ (၁၁) ဦး၊ စုစုပေါင်း (၁၅၀) ဦးနှင့် (၁၉-၁-၂၀၁၅) ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီးမှ (၉၁) ဦးနှင့် ရခိုင်ပြည်နယ်မှ (၂၀) ဦး၊ စုစုပေါင်း (၁၁၁) ဦးဖြစ်သဖြင့် (၃) ခေါက်ပေါင်းခေါ်ယူမှုမှာ ဧရာဝတီတိုင်းဒေသကြီးမှ (၃၅၆) ဦး၊ တနင်္သာရီတိုင်းဒေသကြီးမှ (၄) ဦး၊ ရန်ကုန်တိုင်းဒေသကြီးမှ (၁) ဦးနှင့် ရခိုင်ပြည်နယ်မှ (၅၀) ဦး၊ စုစုပေါင်း (၄၁၁) ဦးဖြစ်ပါသည်။ ရေလုပ်သားများအားပြန်လည်ခေါ်ယူသည့် လေယာဉ်ခ (၁) ခေါက်စာ အမေရိကန်ဒေါ်လာ (၃၇၀၀၀) ကို ကမ္ဘောဇအုပ်စုမှ ကျခံခဲ့ပြီး ကန်ရှိသည့် လေယာဉ်ခ (၂) ခေါက်စာ အမေရိကန်ဒေါ်လာ (၇၁၀၀၀) ကို နိုင်ငံတော်မှ ကျခံခဲ့ပါသည်။ ရေလုပ်သားများအား လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ တန်ဖိုးငွေကျပ် (၂,၄၆၁,၈၉၀)ရှိ ကျားလုံချည် (၄၁၁) ထည်၊ တီရှပ် (၄၁၁) ထည်နှင့် တဘက် (၄၁၁) ထည်ထောက်ပံ့ခဲ့ပြီး မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာနမှ တစ်ဦးလျှင် (၁၀,၀၀၀) ကျပ်နှုန်း၊ မြန်မာနိုင်ငံပင်လယ်ငါးဖမ်းလုပ်ငန်းရှင်များအသင်းနှင့် ငါးလုပ်ငန်းအဖွဲ့ချုပ်တို့မှ တစ်ဦးလျှင် (၁၀,၀၀၀) ကျပ်နှုန်း၊ ကမ္ဘောဇအုပ်စုမှ တီရှပ် (၁၅၀) ထည်တို့ကို ကူညီလှူဒါန်းပေးခဲ့သည့်အပြင် ရေလုပ်သားများအား နေရပ်ဒေသအရောက်ပို့ဆောင်သည့် ပြည်တွင်းခရီးစရိတ်နှင့် စားစရိတ်ငွေများကို သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့များမှ ကျခံခဲ့ပါသည်။
ရေလုပ်သားများပြန်လည်ခေါ်ယူရေးအတွက် အဓိကကဏ္ဍမှပါဝင်သည့် အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံရုံးရှိ သံအမတ်ကြီးနှင့် အရာထမ်း၊ အမှုထမ်းများ၏ကူညီပံ့ပိုးဆောင်ရွက်ပေးမှုကြောင့် ပို့ဘလဲယားမြို့ရှိ ပြစ်ဒဏ်ကျခံလျက်ရှိသည့် မြန်မာရေလုပ်သားများအား နိုင်ငံသားမှန်ကန်မှု ရှိ/မရှိကို နိုင်ငံခြားရေးဝန်ကြီးဌာနမှတစ်ဆင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနသို့ စစ်ဆေးခဲ့ပြီး နိုင်ငံသားမှန်ကန်သူများကို ပြန်လည်ခေါ်ယူရေးအတွက် အိန္ဒိယနိုင်ငံဆိုင်ရာအစိုးရနှင့် ညှိနှိုင်းဆောင်ရွက်ခဲ့သည့်အပြင် မိမိနိုင်ငံသားများအား ပြည်ပနိုင်ငံတွင် အနေအစားဆင်းရဲမှုများကို တတ်စွမ်းသမျှထောက်ပံ့ကူညီပေးခဲ့ပါသည်။ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနသည် နိုင်ငံတော်ကိုယ်စား နိုင်ငံသားမှန်ကန်သူရေလုပ်သားများကို ပြန်လည်ခေါ်ယူရေးအတွက် ဆောင်ရွက်ရာတွင် ရေလုပ်သားများ၏နေရပ်ဒေသများမှ အစိုးရအဖွဲ့များနှင့်ညှိနှိုင်းခြင်း၊ ဆက်စပ်ဝန်ကြီးဌာနများနှင့် ပူးပေါင်းဆောင်ရွက်ခြင်း၊ ရေလုပ်သားများအား လိုအပ်သည့်စောင့်ရှောက်မှုနှင့်ထောက်ပံ့မှုပေးခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိသည်။
ယခင်က ပြည်ပနိုင်ငံများသို့ ရောက်ရှိသွားသည့် မြန်မာရေလုပ်သားများအား ပြန်လည်ခေါ်ယူရာတွင် ရေလုပ်သားများ၏ ပြည်ပလေယာဉ်စရိတ်၊ သံရုံးမှစိုက်ထုတ်ကုန်ကျခဲ့သည့် ပြည်ပတွင်ကုန်ကျသည့်နိုင်ငံခြားငွေအသုံးစရိတ်များ၊ ပြည်တွင်းခရီးစရိတ်နှင့် စားစရိတ်ကုန်ကျငွေများနှင့် အထွေထွေကုန်ကျစရိတ်များကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၏ ဘတ်ဂျက်ရန်ပုံငွေမှ ကျခံသုံးစွဲခဲ့ပါသည်။ အိန္ဒိယနိုင်ငံသို့ ရောက်ရှိသွားသည့် ရေလုပ်သားအများစုမှာ ရေပိုင်နက်ကျော်လွန်မှုကြောင့် ဖမ်းဆီးခံရသူများဖြစ်ပြီး ရေပိုင်နက်ကျော်လွန်ရာတွင်လည်း သဘာဝဘေးအန္တရာယ်များကြောင့် ရောက်ရှိခြင်း၊ သတ်မှတ်ထားသည့်ရေပိုင်နက်ကိုမသိရှိသဖြင့် ရောက်ရှိခြင်း၊ ပင်လယ်မျှော့ဖမ်းဆီးရာမှ ရောက်ရှိခြင်းစသည်ဖြင့် နည်းမျိုးစုံဖြင့်ရောက်ရှိရာမှ အပြစ်ပေးအရေးယူခံရသူများဖြစ်ပါသည်။ မြန်မာ – အိန္ဒိယနှစ်နိုင်ငံ နယ်စပ်နယ်ဘက်အာဏာပိုင်များ၏ (၁၃) ကြိမ်မြောက်ဒေသအဆင့်အစည်းအဝေးသဘောတူညီမှုမှတ်တမ်းအရ အိန္ဒိယနိုင်ငံမှ ကမ်းခြေစောင့်သင်္ဘောများနှင့် ပို့ဆောင်ပေးခဲ့ရာ (၂၀၀၅) ခုနှစ်မှ (၂၀၀၉) ခုနှစ်အထိ စုစုပေါင်းသင်္ဘော (၈) ခေါက်ဖြင့် ရေလုပ်သားစုစုပေါင်း (၁၂၃၆) ဦးကို ပြန်လည်ပို့ဆောင်ပေးခဲ့ပါသည်။ ယင်းသို့ ကမ်းခြေစောင့်သင်္ဘောများနှင့် ပို့ဆောင်ပေးမှုမှာ ၎င်းတို့၏အားလပ်သည့်အခြေအနေနှင့် ရာသီဥတုအခြေအနေအရ စောင့်ဆိုင်းရသဖြင့် မိမိနိုင်ငံသားများ ပြည်ပတွင်ကြာရှည်စွာ မိသားစုနှင့်ခွဲခွာနေခဲ့ကြရပါသည်။ လက်ရှိအစိုးရသည် ပြည်သူဗဟိုပြုအစိုးရဖြစ်သည်နှင့်အညီ ပြည်သူလူထုအကျိုးစီးပွားကို အထူးအလေးထားဆောင်ရွက်လျက်ရှိရာ ပြည်ပနိုင်ငံရောက်မြန်မာရေလုပ်သားများအား မိမိနိုင်သို့ အမြန်ဆုံးပြန်လည်ခေါ်ယူရေးအတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအား တာဝန်ယူဆောင်ရွက်စေလျက်ရှိပါသည်။
ယင်းသို့ဆောင်ရွက်ရာတွင် ၂၀၁၁ ခုနှစ်၊ မတ်လအတွင်း ရာသီဥတုဆိုးရွားမှုကြောင့် စက်လှေများ၊ ကျားဖောင်များ နစ်မြုပ်ခဲ့သဖြင့် အိန္ဒိယနိုင်ငံရေပိုင်နက်အတွင်း ရောက်ရှိခဲ့သည့် ဧရာဝတီတိုင်းဒေသကြီးမှ ရေလုပ်သား (၁၄၂) ဦးကို နိုဝင်ဘာလ (၂၄) ရက်နေ့နှင့် (၂၅) ရက်နေ့များတွင် မြန်မာ့လေကြောင်းမှ စင်းလုံးငှားလေယာဉ်ဖြင့် ပြန်လည်ခေါ်ယူခဲ့ပါသည်။ ရေလုပ်သားများအတွက် ကုန်ကျစရိတ်မှာ အမေရိကန်ဒေါ်လာ (၂၄၆၆၇) မြန်မာငွေကျပ် (၁,၆၃၂,၅၈၀)နှင့် အိန္ဒိယရူပီး (၃၉၀၂၀)နှင့်ညီမျှသည့် မြန်မာငွေကျပ် (၅၉၃,၀၃၀) ကုန်ကျခဲ့ပါသည်။ အလားတူအိန္ဒိယနိုင်ငံ၊ ပို့ဘလဲယားမြို့ အကျဉ်းထောင်၌ ပြစ်ဒဏ်ကျခံပြီးသည့် မြန်မာရေလုပ်သား (၁၂၃) ဦးကို ပြန်လည်ခေါ်ယူရေးအတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် နိုင်ငံခြားရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီးတို့မှ ဦးဆောင်နာယကအဖြစ်ပါဝင်ပြီး ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ်မှ ဥက္ကဋ္ဌ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်မှ အတွင်းရေးမှူးအဖြစ်ပါဝင်သည့် သဘာဝဘေးအန္တရာယ်ကြောင့် ပြည်ပနိုင်ငံများသို့ ရောက်ရှိသွားသူများအား ပြန်လည်ခေါ်ယူရေးစီမံခန့်ခွဲရေးကော်မတီကို ဖွဲ့စည်းဆောင်ရွက်ခဲ့ပါသည်။ ရေလုပ်သားများအား အပြည်ပြည်ဆိုင်ရာမြန်မာ့လေကြောင်း (MAI) မှ စင်းလုံးငှားလေယာဉ်ဖြင့် ခေါ်ယူခဲ့ပါသည်။ လေယာဉ်ခကျသင့်ငွေကို ကမ္ဘောဇဘဏ်အုပ်စုလီမိတက်မှ လှူဒါန်းခဲ့ပြီး ရေလုပ်သားများအတွက် ကုန်ကျခဲ့သည့် ပြည်တွင်းခရီးစရိတ်ငွေနှင့် စားစရိတ်ငွေများကို ငါးလုပ်ငန်းအဖွဲ့ချုပ်မှ ကျခံလှူဒါန်းခဲ့ပါသည်။
မိမိနိုင်ငံသားရေလုပ်သားများမှာ အသိပညာနည်းပါးခြင်း၊ စားဝတ်နေရေးခက်ခဲခြင်းများကြောင့် ရေလုပ်ငန်းကို လုပ်ကိုင်ကြသူများဖြစ်ပြီး ရေပိုင်နက်ခွဲခြားမှုကိုလည်း နားလည်မှုမရှိသဖြင့် အိန္ဒိယနိုင်ငံဥပဒေအရ ဖမ်းဆီးအရေးယူခံရရာတွင် ပြစ်မှုနှင့် ပြစ်ဒဏ်မမျှအောင် နှစ်ကြာရှည်စွာ ခံစားရသည့်အပြင် အကျဉ်းထောင်မှလွတ်သည့်အခါတွင်လည်း Open Distress Camp တွင် မိမိနိုင်ငံမှလာရောက်ခေါ်ယူမည့်နေ့ကို ကာလကြာရှည်စွာ စောင့်ဆိုင်းနေရသူများဖြစ်ပါသည်။ ယခုအစိုးရသစ်လက်ထက်တွင် မိမိနိုင်ငံသားများ၏အကျိုးကို ရှေ့ရှု၍ ပြည်သူဗဟိုပြုစနစ်ဖြင့် ဆောင်ရွက်နေခြင်းကြောင့် ရေလုပ်သားများအား အမြန်ဆုံးပြန်လည်ခေါ်ယူနိုင်ရေးကို အလေးထားဆောင်ရွက်လျက်ရှိရာ လုပ်ငန်းစဉ်များဖြေလျော့၍ ရေလုပ်သားများကို နေရပ်ဒေသအရောက်ပို့ဆောင်ပြီး မိသားစုများနှင့် အမြန်ဆုံးပြန်လည်ပေါင်းစည်းပေးနိုင်ရေး၊ နောင်တွင်လည်း ပြည်ပရောက်မြန်မာရေလုပ်သားများ ခေါ်ယူရေးအား ဆက်လက်အကောင်အထည်ဖော်နိုင်ရေးအတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနသည် ဆက်စပ်ဝန်ကြီးဌာနများ၊ အဖွဲ့အစည်းများနှင့် ညှိနှိုင်းဆောင်ရွက်လျက်ရှိပါသည်။ ရေလုပ်သားများ နောင်ဤကဲ့သို့ ပြည်ပနိုင်ငံရေပိုင်နက်ကျူးလွန်ခြင်းမရှိစေရန် အသိပညာပေးလုပ်ငန်းများဆောင်ရွက်ရေးကို မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာနနှင့် ဆက်စပ်ဝန်ကြီးဌာနများမှ ဆောင်ရွက်ပေးနိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း သိရှိရပါသည်။

Sign Up

Upcoming Events