ရခိုင်ပြည်နယ် ငြိမ်းချမ်းရေးနှင့် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာကိစ္စရပ်များ ပူးပေါင်းဆောင်ရွက်ရေး ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး ကိုရီးယားသမ္မတနိုင်ငံ သံအမတ်ကြီးနှင့် ညှိနှိုင်းဆွေးနွေး

~~~~~~
Source: MOSWRR
~~~~~~
ဇန်နဝါရီ ၂၃ ၊ နေပြည်တော်
~~~~~~
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယားသမ္မတနိုင်ငံ သံအမတ်ကြီး H.E. Mr. Lee Sang Hwa နှင့် ယမန်နေ့နံနက်ပိုင်းတွင် ရခိုင်ပြည်နယ်ငြိမ်းချမ်းရေးနှင့် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာကိစ္စရပ်များ ပူးပေါင်းဆောင်ရွက်ရေးအတွက် Video Conferencing စနစ်ဖြင့် တွေ့ဆုံခဲ့ပါသည်။
ထိုသို့တွေ့ဆုံညှိနှိုင်းဆွေးနွေးရာတွင် ရခိုင်ပြည်နယ်အပါအဝင် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး နှင့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာနနှင့် ကိုရီးယားသမ္မတနိုင်ငံအစိုးရ၊ ကိုရီးယားအပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (KOICA)တို့နှင့် ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်လျက်ရှိကြောင်း၊ ထိုပူးပေါင်းဆောင်ရွက်မှုများကို ဆက်လက်မြှင့်တင်ဆောင်ရွက်နိုင်ရေး ညှိနှိုင်းဆွေးနွေးခဲ့ကြပါသည်။
 
ဆွေးနွေးမှုများတွင် မြန်မာနိုင်ငံအစိုးရက ရခိုင်ပြည်နယ်အတွင်း လိုအပ်လျက်ရှိသော လူမှုသဟဇာတဖြစ်ရေး၊ အခြေခံလူ့အခွင့်အရေးများရရှိရေး၊ လုံခြုံရေးနှင့် ဖွံ့ဖြိုးတိုးတက်မှုများကို ဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊ မကြာသေးမီက ကိုရီးယားသမ္မတနိုင်ငံ၊ ကိုရီးယားအပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (KOICA) မှတဆင့် ရခိုင်ပြည်နယ်ရှိ နေရပ်စွန့်ခွာသူများနှင့် တိုက်ပွဲရှောင်ပြည်သူများအတွက် လူသုံးကုန်ပစ္စည်းများကို ထောက်ပံ့ပေးအပ်ခဲ့မှုများနှင့် အဆိုပါပစ္စည်းများကို ရခိုင်ပြည်နယ်အစိုးရမှတဆင့် သက်ဆိုင်သူများထံသို့ ဖြန့်ဝေပေးနိုင်ရေး ဆောင်ရွက်နေမှုများ၊ ဆက်လက်ပူးပေါင်းကူညီမည့်ကိစ္စရပ်များ၊ ဝန်ကြီးဌာနအနေဖြင့် မိုင်းအန္တရာယ်အသိပညာပေးလုပ်ငန်းများနှင့် မိုင်းအန္တရာယ်ဆိုင်ရာကိစ္စရပ်များကို သက်ဆိုင်ရာဌာနအသီးသီးနှင့် ညှိနှိုင်းဆောင်ရွက်လျက်ရှိကြောင်း၊ KOICA အနေဖြင့်လည်း အခြားမဲခေါင်ဒေသနိုင်ငံများဖြစ်သည့် လာအို၊ ကမ္ဘောဒီးယားနိုင်ငံများတွင် မိုင်းအန္တရာယ်ဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်၍ အကူအညီများ မြောက်များစွာပေးအပ်လျက်ရှိရာ မြန်မာနိုင်ငံတွင်လည်း မိုင်းအန္တရာယ်ဆိုင်ရာလုပ်ငန်းစဉ်များတွင် အကူအညီများ တိုးမြှင့်ပေးအပ်နိုင်ရေးကိစ္စရပ်များ၊ ကိုရီးယားသမ္မတနိုင်ငံအနေဖြင့် ကမာ္ဘ့စားနပ်ရိက္ခာအဖွဲ့ (WFP)၊ အပြည်ပြည်ဆိုင်ရာကြက်ခြေနီ အဖွဲ့(ICRC) စသည့်နိုင်ငံတကာအဖွဲ့အစည်းများမှတဆင့် ရခိုင်ပြည်နယ်တွင် လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကူအညီများပေးအပ်နေမှုများနှင့် ပိုမိုပူးပေါင်းကူညီရန်အစီအစဉ်များ၊ မြန်မာနိုင်ငံအနေဖြင့် အာဆီယံနိုင်ငံများနှင့်ပူးပေါင်း၍ ရခိုင်ပြည်နယ်အတွင်းနေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးနှင့် ပြန်လည်နေရာချထားရေးဆိုင်ရာ လုပ်ငန်းစဉ်များကို အထောက်အကူဖြစ်စေရေးအတွက် အာဆီယံအဖွဲ့ဝင်နိုင်ငံများ၊ AHA Centreနှင့် အာဆီယံအတွင်းရေးမှူးချုပ်ရုံးတို့မှ ကိုယ်စားလှယ်များ ပါဝင်ဆောင်ရွက်ခဲ့သည့် ကနဦးလိုအပ်ချက်ဆန်းစစ်လေ့လာခြင်း အစီရင်ခံစာကို ထုတ်ပြန်ထားရှိပြီးဖြစ်ကြောင်း၊ ထိုအစီရင်ခံစာပါ လုပ်ငန်းများအကောင်အထည်ဖော်ရာတွင် အာဆီယံ-ကိုရီးယားရန်ပုံငွေမှတဆင့် FM ရေဒီယိုများ ဖြန့်ဝေပေးခြင်းဆိုင်ရာ စီမံချက်တစ်ခုကို ငွေကြေးထောက်ပံ့ပေးမှုအခြေအနေများ၊ ရခိုင်ပြည်နယ်အတွင်း အမျိုးသမီးနှင့်လူငယ်များ ဖွံ့ဖြိုးတိုးတက်ရေးမှတဆင့် လူမှုသဟဇာတမျှတရေးဆိုင်ရာလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် ကိုရီးယားသမ္မတနိုင်ငံနှင့် ကိုရီးယားအပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ KOICA တို့နှင့် ပူးပေါင်းဆောင်ရွက်နိုင်မည့်အခြေအနေများစသည်တို့နှင့်စပ်လျဉ်း၍ တွေ့ဆုံ ဆွေးနွေးခဲ့ကြပါသည်။
 
တွေ့ဆုံပွဲသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် သက်ဆိုင်ရာညွှန်ကြားရေးမှူးများ ပါဝင်ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။

Sign Up

Upcoming Events