ဇန်နဝါရီ ၂၂ ၊ နေပြည်တော်
~~~~~~~~~
လားရှိုးမူးယစ်ဆေးဖြတ်ပြီးသူများ ပြန်လည်ထူထောင်ရေးစခန်းတွင်ဖွင့်လှစ်မည့် အမျိုးသမီးများပြန်လည်ထူထောင်ရေးသင်တန်းအတွက် လိုအပ်သော အထောက်အကူပြုပစ္စည်းများကို မြန်မာနိုင်ငံဆိုင်ရာအမေရိကန်နိုင်ငံသံအမတ်ကြီးက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနသို့ လွှဲပြောင်းပေးအပ်ပွဲအခမ်းအနားကို ယနေ့မွန်းလွဲပိုင်း၌ အဆိုပါဝန်ကြီးဌာနတွင် Virtual Meeting ဖြင့် ကျင်းပရာ ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး တက်ရောက်ခဲ့ပါသည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးက မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးအနေဖြင့် ပြန်လည်ထူထောင်ရေးဦးစီးဌာန၏ မူးယစ်ဆေးဖြတ်ပြီးသူများ ပြန်လည်ထူထောင်ရေးစခန်း(ဝက်ထီးကန်)နှင့် ပြန်လည်ထူထောင်ရေးစခန်း(ဖယ်ခုံ)တို့အတွက် ကွန်ပျူတာနှင့် ဆက်စပ်ပစ္စည်းများနှင့် ဆေးခန်းသုံးပစ္စည်းများကို ၂၀၁၉ ခုနှစ်အတွင်း ပထမအကြိမ် လှူဒါန်းပေးခဲ့ပါကြောင်း၊ ယနေ့အခမ်းအနားတွင် လားရှိုးမူးယစ်ဆေးဖြတ်ပြီးသူများ ပြန်လည်ထူထောင်ရေးစခန်းတွင် ပထမဆုံးအကြိမ်အဖြစ်ဖွင့်လှစ်မည့် အမျိုးသမီးများပြန်လည်ထူထောင်ရေးသင်တန်းအတွက် လိုအပ်သောအထောက်အကူပြုပစ္စည်းများလှူဒါန်းပေးသည့်အတွက် အမေရိကန်အစိုးရနှင့် အမေရိကန်ပြည်သူများအား ကျေးဇူးအထူးတင်ရှိပါကြောင်း၊ ယခင်က ပြန်လည်ထူထောင်ရေး ဦးစီးဌာန၏ ပြန်လည်ထူထောင်ရေးစခန်း(၉)ခုရှိရာ ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလမှစတင်ပြီး ပြည်ထဲရေးဝန်ကြီးဌာနလက်အောက်ရှိ ရွှေပြည်အေး၊ ရွှေပြည်သာလူငယ်များ ပြုစုပျိုးထောင်ရေးစခန်း(၂)ခုကို လွှဲပြောင်းလက်ခံခဲ့ခြင်းနှင့် ၂၀၂၀ ပြည့်နှစ်အတွင်း ဝန်ကြီးဌာနက ပြည်လည်ထူထောင်ရေးစခန်း(၃)ခုကို ထပ်မံတိုးချဲ့ဖွင့်လှစ်ခဲ့သောကြောင့် ယခုအခါ စခန်း(၁၄)ခု ရှိပြီဖြစ်ကြောင်း၊ စခန်းအခြေပြုပြန်လည်ထူထောင်ရေးသင်တန်းကို သင်တန်းကာလ (၃)လဖြင့် ဖွင့်လှစ်ဆောင်ရွက်လျက်ရှိပြီး ရပ်ရွာအခြေပြုပြန်လည်ထူထောင်ရေးသင်တန်းကို သင်တန်းကာလရက်ပေါင်း(၄၀) ဖွင့်လှစ်ဆောင်ရွက်လျက်ရှိကြောင်း၊ COVID-19 ကမ္ဘာ့ကပ်ရောဂါဖြစ်ပွားလာချိန်မှစ၍ မူးယစ်ဆေးဖြတ်ပြီးသူများ ပြန်လည်ထူထောင်ရေးသင်တန်းများ ဖွင့်လှစ်ခြင်းကို ယာယီရပ်ဆိုင်းထားခဲ့ရပါကြောင်း၊ ယခုအခါ COVID–19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအမျိုးသားအဆင့်ဗဟိုကော်မတီ၏ ညွှန်ကြားချက်နှင့်အညီ လူ(၃၀)ဦးထက်မပိုစေဘဲ ပြန်လည်ထူထောင်ရေးသင်တန်းများ ပြန်လည်ဖွင့်လှစ်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း ပြောကြားခဲ့ပါသည်။
ဆက်လက်၍ မြန်မာနိုင်ငံဆိုင်ရာအမေရိကန်နိုင်ငံသံအမတ်ကြီး Mr. Thomas Vajda (မစ္စတာသောမတ်စ်ဗိုက်ဒါ) က အမေရိကန်နိုင်ငံနှင့် မြန်မာနိုင်ငံတို့တွင် မူးယစ်ဆေးစွဲခြင်းနှင့် ပတ်သက်သော စိန်ခေါ်မှုများကို ရင်ဆိုင်နေရပါကြောင်း၊ မူးယစ်ဆေးစွဲပြဿနာကြောင့်မိသားစုနှင့် ဒေသစီးပွားရေးကိုလည်း ထိခိုက်လျက်ရှိပါကြောင်း၊ Covid-19 ကမ္ဘာ့ကပ်ရောဂါကြောင့် အမေရိကန်နိုင်ငံတွင် မူးယစ်ဆေးဝါး အလွန်အကျွံသုံးစွဲမှုမြင့်တက်လာလျက်ရှိပြီး မြန်မာနိုင်ငံတွင်လည်း အလားတူဖြစ်စဉ်များ ရင်ဆိုင်နေရသည်ကို ကြားသိရပါကြောင်း၊ အမေရိကန်အစိုးရအနေဖြင့် မြန်မာနိုင်ငံတွင် ဖြစ်ရပ်အခြေပြုပြန်လည်ထူထောင်ရေးအစီအစဉ်အဖြစ် အထောက်အကူပြုပစ္စည်းများ ပေးအပ်လှူဒါန်းရခြင်းဖြစ်ပါကြောင်း၊ ကျား၊မ မခွဲခြားဘဲ ပြန်လည်ထူထောင်မှု ပေးနိုင်ရေးသည် အဓိကကျပါကြောင်း၊ အမျိုးသမီးမူးယစ်ဆေးစွဲသူများ ပြန်လည်ထူထောင်ရေး ဝန်ဆောင်မှုများရရှိနိုင်ရန်အတွက် ပထမဆုံးအကြိမ်အဖြစ် ဖွင့်လှစ်မည့် အမျိုးသမီးများပြန်လည်ထူထောင်ရေးသင်တန်းအတွက် အထောက်အကူပြုပစ္စည်းများ ထောက်ပံ့ရခြင်းကို ဂုဏ်ယူဝမ်းမြောက်မိပါကြောင်း ပြောကြားခဲ့ပါသည်။
ထို့နောက် Department of State’s Bureau of International Narcotics and Law Enforcement မှ Director Mr. Ryan McKean က ယခုကဲ့သို့ ပူးပေါင်းဆောင်ရွက်ရခြင်းသည် အမေရိကန်အစိုးရနှင့် မြန်မာအစိုးရတို့ လက်မှတ်ရေးထိုးထားသော နှစ်နိုင်ငံသဘောတူစာချုပ် (၂၀၁၇) ၏ အကျိုးဆက်ဖြစ်ပါကြောင်း၊ ပူးပေါင်းဆောင်ရွက်မှုများကို ရှေ့ဆက်လက်၍ တိုးမြှင့် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ သုတေသနကိုအခြေခံသော ပြန်လည်ထူထောင်ရေးအစီအစဉ်များတွင် ကူညီလက်တွဲဆောင်ရွက်သွားရန်ရည်ရွယ်ပါကြောင်း ပြောကြားခဲ့ပါသည်။
ယင်းနောက် ပြန်လည်ထူထောင်ရေးဦးစီးဌာနညွှန်ကြားရေးမှူးချုပ် ဦးဝင်းနိုင်ထွန်း နှင့် Mr. Ryan McKean တို့က အထောက်အကူပြုပစ္စည်းများ လွှဲပြောင်း/ လက်ခံခြင်း မှတ်တမ်းတွင် လက်မှတ်ရေးထိုးခဲ့ကြပြီး အခမ်းအနားတက်ရောက်လာသူများအား လားရှိုးမူးယစ်ဆေးဖြတ် ပြီးသူများ ပြန်လည်ထူထောင်ရေးစခန်းအဆောက်အဦနေရာ၊ အဆောင်များနှင့် ထောက်ပံ့ပစ္စည်းများကို Video မှတ်တမ်းဖြင့် ပြသခဲ့ကြောင်း သတင်းရရှိပါသည်။