လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာလုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြတ်မြတ်အုန်းခင်သည် တာဝန်ရှိသူများလိုက်ပါလျက် ဇန်နဝါရီလ (၁၈) ရက်နေ့တွင် ရှမ်းပြည်နယ်၊ အောင်ပန်းမြို့၊ မူကြိုကျောင်းတည်ဆောက်နေမှုအား ကြည့်ရှုစစ်ဆေးပါသည်။ ထို့နောက် ကယားပြည်နယ်၊ လွိုင်ကော်မြို့သို့ ရောက်ရှိပြီး ကယားပြည်နယ်အစိုးရ၊ စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး၊ ဦးတော့ရယ်လိုက်ပါလျက် ဝန်ကြီးဌာနနှင့် အပြည်ပြည်ဆိုင်ရာသက်ကြီးသူများ စောင့်ရှောက်ရေးအဖွဲ့တို့ ပူးပေါင်းဖွင့်လှစ်သော ပြည်နယ်အဆင့် လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများ ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲအား ကြည့်ရှုအားပေးပါသည်။ ၎င်းနောက် မူကြိုကျောင်း၌ အရာထမ်း၊ အမှုထမ်းများအား လမ်းညွှန်အမှာစကားပြောကြားပြီး ပြည်နယ်ကယ်ဆယ်ရေးဂိုဒေါင်အား ကြည့်ရှုစစ်ဆေးပါသည်။ ဆက်လက်၍ (၆၃) နှစ်မြောက် ကယားပြည်နယ်နေ့အခမ်းအနားသို့ သွားရောက်ကာ ဌာနဆိုင်ရာများမှ ခင်းကျင်းပြသထားမှုများအား ကြည့်ရှုအားပေးပါသည်။ ထို့နောက် ပန်ကန်းကျေးရွာသို့ ကွင်းဆင်းပြီး ဖားဆောင်းမြို့နယ်၊ ခဲမဖြူကျေးရွာမှာ နေထိုင်သော အသက် (၁၀၂) နှစ်ရှိ အဘိုးဦးစောကဇူထံသို့ သွားရောက်ကာ နိုင်ငံတော်သမ္မတကြီးကိုယ်တိုင် လက်မှတ်ရေးထိုးထားသော ဂုဏ်ပြုလွှာနှင့် နိုင်ငံတော်သမ္မတ၊ ဒုတိယသမ္မတများ၊ ပြည်ထောင်စုဝန်ကြီးများနှင့် ဒုတိယဝန်ကြီးများ၏ ချီးမြှင့်ငွေ (၂၅) ရာခိုင်နှုန်းမှ ထောက်ပံ့ငွေ (၂) သိန်းကျပ်အား နိုင်ငံတော်ကိုယ်စားပေးအပ်ကာ အဘိုးနှင့် မိသားစုဝင်များအား ဂုဏ်ယူဝမ်းမြောက်ပါကြောင်း ပြောကြားပါသည်။
ဇန်နဝါရီလ (၁၈) ရက်နေ့တွင် လွိုင်ကော်မြို့၊ မြို့တော်ခန်းမ၌ ကျင်းပသော ကယားပြည်နယ်အတွင်းရှိ အသက် (၁၀၀) နှစ်နှင့်အထက် သက်ကြီးဝါကြီးများကို ဂုဏ်ပြုလွှာနှင့် ထောက်ပံ့ချီးမြှင့်ပွဲ၊ စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများအား (၂၀၁၄-၂၀၁၅) ဘဏ္ဍာရေးနှစ် ထောက်ပံ့ငွေပေးအပ်ပွဲနှင့် လူမှုစောင့်ရှောက်ရေးနှင့် သဘာဝဘေးလျော့ပါးရေးစေတနာ့ဝန်ထမ်းလူငယ်နည်းပြသင်တန်း (၃/၂၀၁၅) ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြားပါသည်။ အစီအစဉ်အရ ကယားပြည်နယ်အစိုးရအဖွဲ့ဝင်၊ စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး ဦးတော့ရယ်က ကယားပြည်နယ်အတွင်း ဆောင်ရွက်လျက်ရှိသော လူမှုစီးပွားဘဝမြင့်မားရေး လုပ်ငန်းများအကြောင်း၊ လူမှုဝန်ထမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးစိုးကြည်က လူမှုစောင့်ရှောက်ရေးစေတနာ့ဝန်ထမ်းလူငယ်များ စီမံကိန်းအကြောင်းနှင့် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးစိုးအောင်က သဘာဝဘေးလျော့ပါးရေးစေတနာ့ဝန်ထမ်းလူငယ်များ စီမံကိန်းအကြောင်း ရှင်းလင်းပြောကြားပါသည်။
ထို့နောက် ဖားဆောင်းမြို့နယ်နေ အဘိုး ဦးစောကဇူ (၁၀၂) နှစ်နှင့် အဘွား ဒေါ်ဥ (၁၀၂) နှစ်တို့အတွက် နိုင်ငံတော်သမ္မတကြီးကိုယ်တိုင် လက်မှတ်ရေးထိုးထားသည့် ဂုဏ်ပြုလွှာများနှင့် ချီးမြှင့်ငွေ (၂) သိန်းစီအား နိုင်ငံတော်ကိုယ်စားပေးအပ်ပါသည်။
ဆက်လက်၍ လွိုင်ကော်မြို့နယ်အတွင်းရှိ ဗဟိုတပ်ဦး လူငယ်ဖွံ့ဖြိုးရေးပရဟိတဂေဟာအတွက် (၇၀.၇၆) သိန်း၊ ပြည်နယ်ဘိုးဘွားရိပ်သာအတွက် (၂၈.၄၇) သိန်း၊ စိန်မာတင်ဘိုးဘွားရိပ်သာအတွက် (၂၄.၀၉) သိန်း၊ လောဓမ္မ (မြို့ဦး) လူငယ်ဖွံ့ဖြိုးရေးပရဟိတဂေဟာအတွက် (၁၈.၂၅) သိန်းနှင့် ဝမ်းကုန်းလူငယ်ဖွံ့ဖြိုးရေးပရဟိတဂေဟာအတွက် (၁၃.၈) သိန်း၊ ဒီမောဆိုမြို့နယ်အတွင်းရှိ မြို့မ (ဝမ်းအောင်း) လူငယ်ဖွံ့ဖြိုးရေးပရဟိတဂေဟာအတွက် (၅၈.၄) သိန်း၊ ဒေါရောက်ခူလူငယ်ဖွံ့ဖြိုးရေးပရဟိတဂေဟာအတွက် (၃၇.၄၅) သိန်းနှင့် ဒေါညေးခူလူငယ်ဖွံ့ဖြိုးရေးပရဟိတဂေဟာအတွက် (၂၂.၅) သိန်း၊ ဖရူဆိုမြို့နယ်အတွင်းရှိ ညောင်ဇင်ကျောင်းလူငယ်ဖွံ့ဖြိုးရေးပရဟိတဂေဟာအတွက် (၅၈.၄) သိန်းနှင့် ထားလဲလူငယ်ဖွံ့ဖြိုးရေးပရဟိတဂေဟာအတွက် (၄၅.၉၉) သိန်း၊ လွိုင်ကော်ခရိုင်အတွင်းရှိ ကိုယ့်အားကိုယ်ကိုးမူလတန်းကြိုကျောင်း (၃၃) ကျောင်းအတွက် (၁၉၈) သိန်း၊ ဘော်လခဲမြို့နယ်အတွင်းရှိ နန်းဖဲလူငယ်ဖွံ့ဖြိုးရေးပရဟိတဂေဟာအတွက် (၅၇.၆၇) သိန်း၊ ဖားဆောင်းမြို့နယ်အတွင်းရှိ မော်ချီးလူငယ်ဖွံ့ဖြိုးရေးပရဟိတဂေဟာအတွက် (၃၁.၂) သိန်း၊ ဘော်လခဲခရိုင်အတွင်းရှိ ကိုယ့်အားကိုယ်ကိုးမူလတန်းကြိုကျောင်း (၅) ကျောင်းအတွက် (၃၀) သိန်း၊ လွိုင်ကော်မြို့နယ်အတွင်းရှိ ကျေးရွာ (၆) ရွာမှ မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်ခဲ့သဖြင့် ပြိုကျပျက်စီးအိမ် (၁၇၃) လုံးအတွက် (၈၆.၅) သိန်းနှင့် ဆန်ရိက္ခာဖိုး (၁၂.၁၈) သိန်း စုစုပေါင်း (၈၀၃.၆၆) သိန်းကျပ်အား သက်ဆိုင်သူများထံ ထောက်ပံ့ပေးခဲ့ပါသည်။ ထို့နောက် ဂေဟာအုပ်ချုပ်ရေးမှူးတစ်ဦးမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပါကြောင်း သိရှိရပါသည်။