နေပြည်တော်၊ ဇန်နဝါရီ ၂၀
~~~~~~
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနနှင့် နားလည်မှုစာချွန်လွှာ၊ သဘောတူညီမှုစာလွှာ၊ နည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုသဝဏ်လွှာ၊ ပူးပေါင်းဆောင်ရွက်ရေးသဘောတူညီမှုစာလွှာနှင့် စီမံကိန်း အကောင်အထည်ဖော်မှုသဘောတူညီချက်များ လက်မှတ်ရေးထိုး၍ ဘေးအန္တရာယ် ကြိုတင် ပြင်ဆင်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေးလုပ်ငန်းများ၊ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် နိုင်ငံတကာအစိုးရမဟုတ်သော အဖွဲ့အစည်း (INGOs)များနှင့်ထိရောက်သည့်ပူးပေါင်းဆောင်ရွက်မှုများပြုလုပ်နိုင်ရေးအတွက် ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်း၌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနတွင် Video Conferencing စနစ်ဖြင့် ကျင်းပပြုလုပ်ရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး တက်ရောက်ခဲ့ပါသည်။
အစည်အဝေးတွင် ပြည်ထောင်စုဝန်ကြီးက ပြည်သူကရွေးကောက်တင်မြှောက်သည့် အစိုးရအနေဖြင့် ငြိမ်းချမ်းရေးနှင့် ပြည်သူများ၏ လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် စိတ်အားထက်သန်စွာ လုံ့လစိုက်ထုတ် ဆောင်ရွက်လျက်ရှိပါကြောင်း၊ တိုင်းရင်းသားအရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေး၊ စစ်မှန်သည့်ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု ဖြစ်ထွန်းစေမည့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပေါ်ပေါက်ရေးနှင့် ရေရှည်တည်တံ့သည့် ဖွံ့ဖြိုးတိုးတက်မှု တည်ဆောက်ရေးတို့သည် နိုင်ငံတော်အစိုးရ၏ ဦးစားပေးလုပ်ငန်းစဉ်များပင် ဖြစ်ပါကြောင်း၊ လက်ရှိအစိုးရသက်တမ်းအတွင်းမှာပင် အဆိုပါလုပ်ငန်းများကို အကောင်အထည်ဖော်နိုင်ရန်နှင့် ငြိမ်းချမ်းပြီးသာယာဝပြောသည့် ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စုဖြစ်လာစေရန် မြန်မာနိုင်ငံ၏ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း (Myanmar Sustainable Development Plan-MSDP)ကို ရေးဆွဲထားပါကြောင်း၊ အဆိုပါစီမံကိန်းနှင့်အညီ နိုင်ငံတော်ဒုတိယသမ္မတ ဦးဆောင်သည့် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီက မြန်မာနိုင်ငံဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးလုပ်ငန်းစီမံချက် (Myanmar Action Plan on Disaster Risk Reduction-MAPDRR-2017) ကို ရေးဆွဲအကောင်အထည်ဖော်ခဲ့ပါကြောင်း၊ အဆိုပါ လုပ်ငန်းစီမံချက်ပါ ဦးစားပေးလုပ်ငန်းများကို ၂၀၂၀ ပြည့်နှစ်တွင် ကြိုးပမ်းဆောင်ရွက်ခဲ့ပြီး စီမံချက် အကောင်အထည်ဖော် တိုးတက်မှုအခြေအနေကို စောင့်ကြည့်အကဲဖြတ်ခဲ့ပါကြောင်း၊ အကဲဖြတ်မှုများအရ စီမံချက်ပါဦးစားပေးစီမံကိန်း(၃၂)ခုအနက် (၂၈)ခုကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ခဲ့သည်ကို စိစစ်တွေ့ရှိရပါကြောင်း၊ ထို့အတူ နိုင်ငံတော်အစိုးရအနေဖြင့် COVID-19 ကာလအလွန် ပြန်လည်ထူထောင်ရေးအတွက် COVID-19 စီးပွားရေး ထိခိုက်မှု သက်သာရေးစီမံချက် (COVID-19 Economic Relief Plan -CERP)ကို အကောင်အထည် ဖော်လျက်ရှိပါကြောင်း၊ ထို့အပြင် Myanmar Economic Resilience and Reform Plan (MERRP)ကိုလည်း ရေးဆွဲဆောင်ရွက်လျက်ရှိပါကြောင်း၊ မိမိတို့ဝန်ကြီးဌာနအနေဖြင့် ဘေးဒဏ်ကိုကြံ့ကြံ့ခံရင်ဆိုင်တုံ့ပြန်နိုင်စွမ်းရှိသည့် လူ့အဖွဲ့အစည်းထူထောင်နိုင်ရန် မူဝါဒများ ချမှတ်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် နိုင်ငံတကာအစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ ပြည်တွင်းအစိုးရမဟုတ်သော အဖွဲ့အစည်းများနှင့် ပွင့်လင်းမြင်သာစွာနှင့် ထိရောက်စွာ ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ယခုကဲ့သို့ အဖွဲ့အစည်းများနှင့် တွေ့ဆုံဆွေးနွေးခြင်းဖြင့် လုပ်ငန်းများဆောင်ရွက်ရာတွင် ကြုံတွေ့ရသည့်စိန်ခေါ်မှုများ၊ ကွာဟချက်များနှင့် အကြံပြုချက်များကို ဖော်ထုတ်နိုင်မည့် အခွင့်အလမ်းကောင်းများ ရရှိမည်ဖြစ်ပါကြောင်း၊ နိုင်ငံတော်အစိုးရ၏မူဝါဒများနှင့် အဖွဲ့အစည်းများ၏ စီမံကိန်းလုပ်ငန်းများကို ဟန်ချက်ညီညီ ချိတ်ဆက်ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ စီမံကိန်းများရေးဆွဲရာတွင် စီမံကိန်း အကောင်အထည်ဖော်သည့်နေရာရှိ ဒေသခံပြည်သူလူထုအတွက် ပိုမိုအကျိုးဖြစ်ထွန်းစေရန် အလေးထား ဆောင်ရွက်သည့် ရန်ပုံငွေခွဲဝေသုံးစွဲခြင်းမျိုးဖြစ်ရန်လည်းလိုအပ်ကြောင်း ပြောကြားခဲ့ပါသည်။
ထို့နောက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ညှိနှိုင်းအစည်းအဝေးကျင်းပရခြင်း၏ ရည်ရွယ်ချက်၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၏ လုပ်ငန်းတာဝန်များနှင့် ၂၀၂၁ ခုနှစ်အတွင်း ဆောင်ရွက်မည့် ဦးစားပေးလုပ်ငန်း စဉ်များကို ဆွေးနွေးတင်ပြခဲ့ပါသည်။
၎င်းနောက်တက်ရောက်လာကြသောအဖွဲ့အစည်းများမှ တာဝန်ရှိသူများက ဦးစီးဌာန၊ ဝန်ကြီးဌာနနှင့်ပူးပေါင်း၍ ရာသီဥတုပြောင်းလဲမှုလျှော့ချရေးဆိုင်ရာ ကိစ္စရပ်များ၊ ဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာ သုတေသနလုပ်ငန်းများနှင့် အရေးပေါ်တုံ့ပြန်ရေးအတွက် စွမ်းဆောင်ရည်မြှင့်တင်ပေးခြင်းလုပ်ငန်းများ စသည်တို့တွင် ပူးပေါင်းဆောင်ရွက်သွားကြမည် ဖြစ်ကြောင်းနှင့် ညှိနှိုင်းပေါင်းစပ်မှုများကို ခံစားရရှိမည့်ပြည်သူလူထု အကျိုးရှိစေရန် ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးတင်ပြခဲ့ကြပါသည်။
အဆိုပါ ပေါင်းစပ်ညှိနှိုင်းရေးအစည်းအဝေးသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည် နေရာချထားရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့်တာဝန်ရှိသူများ၊ အစိုးရမဟုတ်သောနိုင်ငံတကာအဖွဲ့အစည်း (၂၃)ဖွဲ့မှ ကိုယ်စားလှယ်များ ဆွေးနွေးခဲ့ကြပြီး JICA နှင့် INGO Forum တို့မှ တာရှိသူများကလည်း လေ့လာသူများအဖြစ် ပါဝင်တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။