ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး မြန်မာနိုင်ငံဆိုင်ရာဗြိတိန်သံအမတ်ကြီးအား Online ဖြင့် တွေ့ဆုံဆွေးနွေးမှုသတင်း

Source: MOSWRR
———
ဇန်နဝါရီ၁၈ ၊နေပြည်တော်
———
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် ယနေ့နံနက်ပိုင်းက ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်နိုင်ငံသံအမတ်ကြီး H.E. Mr.Dan ChuggအားZoom Meeting ဖြင့် တွေ့ဆုံဆွေးနွေးခဲ့သည်။
 
ထိုသို့တွေ့ဆုံရာတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအနေဖြင့် ပြည်တွင်းနေရပ်စွန့်ခွာသူများအပါအဝင် ထိခိုက်လွယ်အုပ်စုများအတွက် COVID-19 ဆိုင်ရာ ကာကွယ်၊ တားဆီး၊ တုံ့ပြန်ရေးလုပ်ငန်းများဆောင်ရွက်နေမှုများ၊ အဆိုပါထိခိုက်လွယ်အုပ်စုများအတွက် လိုအပ်သောလူမှုရေးဆိုင်ရာဝန်ဆောင်မှုများနှင့် ထောက်ပံ့မှုများဆောင်ရွက်ပေးနေမှုများ၊ COVID-19ကာကွယ်ထိန်းချုပ်ရေးနှင့် တုံ့ပြန်ရေးလုပ်ငန်းများသည် ရေရှည်ဆောင်ရွက်ရမည့်လုပ်ငန်းများဖြစ်သဖြင့် ဝန်ကြီးဌာနမှဆောင်ရွက်လျက်ရှိသော မဟာဗျူဟာများနှင့်လုပ်ငန်းစဉ်များတွင် COVID-19 ဆိုင်ရာ အစီအမံများကို ထည့်သွင်းဆောင်ရွက်သွားမည့်အခြေအနေများ၊ COVID-19 လုပ်ငန်းများတွင် စေတနာ့ဝန်ထမ်းလုပ်အားပေးများက အားတက်သရော ပါဝင်ကူညီဆောင်ရွက်နေမှုများနှင့် စေတနာ့ဝန်ထမ်းလုပ်ငန်းများကို COVID-19 အတွက်သာမက လူမှုရေးလုပ်ငန်းများ၊ သဘာဝဘေးတုံ့ပြန်မှုလုပ်ငန်းများစသည်တို့တွင်ပါ ကျေးရွာအဆင့်မှအစပြု၍ ပိုမိုထိရောက်စွာ ဆက်သွယ်ဆောင်ရွက်နိုင်ရေးအတွက် ဆက်သွယ်ဆောင်ရွက်သွားမည့်အခြေအနေများ၊ ဆက်လက်၍ပြည်တွင်းနေရပ်စွန့်ခွာသူများပြန်လည်နေရာချထားရေးနှင့် ယာယီခိုလှုံရာစခန်းများ ပိတ်သိမ်းနိုင်ရေးအတွက် အမျိုးသားအဆင့်မဟာဗျူဟာနှင့်အညီ COVID-19 ကာလအတွင်း ဆက်လက်ဆောင်ရွက်နေမှုများ၊ သက်ဆိုင်ရာဗဟိုကော်မတီ၊ ပြည်နယ်အဆင့်ကော်မတီများနှင့် စခန်းအလိုက်ကော်မတီများ ညှိနှိုင်းဆောင်ရွက်နေမှုများ၊ ပြန်လည်နေရာချထားရေးလုပ်ငန်းစဉ်များအတွက် ပြည်သူလူထုနှင့်ညှိနှိုင်းဆွေးနွေးခြင်း၊ အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ရှာဖွေဖော်ထုတ်ခြင်း၊ ပညာရေးနှင့် ကျန်းမာရေး စသည့် ဝန်ဆောင်မှုများလက်လှမ်းမီစေရေးဆောင်ရွက်ခြင်း၊ လမ်း၊ တံတားနှင့်လျှပ်စစ်မီး စသည့် အခြေခံအဆောက်အဦများ တည်ဆောက်ခြင်းစသည်တို့ကို ဆောင်ရွက်နေမှုများ၊ ထို့နောက် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ ရောက်ရှိနေသော နေရပ်စွန့်ခွာသူများ ပြန်လည် လက်ခံရေးနှင့် ပြန်လည်နေရာချထားရေးလုပ်ငန်းစဉ်များကို မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ သဘောတူညီချက်နှင့်အညီ မြန်မာနိုင်ငံဘက်မှ ဆက်လက်ပြင်ဆင်ဆောင်ရွက်နေမှုများကို ဆွေးနွေးခဲ့ကြပြီး ဗြိတိန်နိုင်ငံသံရုံးဘက်မှ သိရှိလိုသည်များကို မေးမြန်းရာ တာဝန်ရှိသူများက ပြန်လည်ဖြေကြားပေးခဲ့ကြောင်း သတင်းရရှိပါသည်။

Sign Up

Upcoming Events