ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး ရခိုင်ပြည်နယ် မိုင်းအန္တရာယ်အသိပညာပေး လုပ်ငန်းအဖွဲ့နှင့်တွေ့ဆုံညှိနှိုင်းမှုသတင်း

ဇန်နဝါရီ (၁၈)ရက်၊ နေပြည်တော်

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် ရခိုင်ပြည်နယ် အတွင်း မိုင်းအန္တရာယ်အသိပညာပေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် လုပ်ငန်းအဖွဲ့ဝင်များနှင့် ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက်ပိုင်းက အဆိုပါဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ Virtual Meeting ဖြင့် ကျင်းပပြုလုပ်ခဲ့ပါသည်။
အစည်းအဝေးသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ ရခိုင်ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာ ချမ်းသာနှင့် ရခိုင်ပြည်နယ် မိုင်းအန္တရာယ် အသိပညာပေးလုပ်ငန်းအဖွဲ့ဝင်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဌာနဆိုင်ရာနှင့် သက်ဆိုင်ရာအဖွဲ့အစည်းအသီးသီးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။
အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက ရခိုင်ပြည်နယ်မိုင်းအန္တရာယ်အသိပညာပေး လုပ်ငန်းအဖွဲ့ကို (၁၇.၈.၂၀၂၀) ရက်နေ့တွင် ဖွဲ့စည်းပြီး ဖြစ်ကြောင်း၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့မှာလည်း မိုင်းအန္တရာယ်အသိပညာပေးလုပ်ငန်းအဖွဲ့များ ဖွဲ့စည်းပြီးဖြစ်သည့်အတွက် ရခိုင် ပြည်နယ်တွင် ပဉ္စမမြောက်ဖွဲ့စည်းခြင်းဖြစ်ပါကြောင်း၊ အခြားပြည်နယ်များနည်းတူ မိုင်းအန္တရာယ်ဆိုင်ရာ အသိပညာပေးခြင်း၊ မိုင်းကြောင့် ထိခိုက်ခံစားရသူ များအား ကူညီထောက်ပံ့ပေးခြင်းများကို ပိုမိုတိုးမြှင့်ပြီး ထိထိရောက်ရောက် အောင်မြင်စွာ ဆောင်ရွက်သွားနိုင်ရန်ဖြစ်ကြောင်း၊ ရခိုင်ပြည်နယ်အတွင်း မိုင်းဒဏ်ခံစားရသူအရေအတွက်မှာ (၂၀၁၈-၂၀၁၉) ခုနှစ်မှစပြီး တိုးတက်များပြားလာသည်ကို အားလုံးသိရှိပြီးဖြစ်ပါကြောင်း၊ ၂၀၁၉ ခုနှစ်အတွင်း ရခိုင် ပြည်နယ်တွင် မိုင်းနှင့် စစ်ကျန်လက်နက်ပစ္စည်းများ ပေါက်ကွဲမှုဖြစ်စဉ် (၅၃)ကြိမ် ဖြစ်ပွားခဲ့သည်ကို သိရှိရပါကြောင်း၊ ထိခိုက်သေဆုံးသူ အရေအတွက် (၁၉)ဦးနှင့် ဒဏ်ရာရရှိသူ (၃၉) ဦး ရှိခဲ့ပြီး (၂၀၂၀) ပြည့်နှစ်အတွင်း မိုင်းနှင့်စစ်ကျန်လက်နက် ပစ္စည်းများပေါက်ကွဲမှုဖြစ်စဉ် (၆၁) ကြိမ်၊ ထိခိုက်သေဆုံးသည့် အရေအတွက် (၄၅)ဦး၊ ဒဏ်ရာရရှိသူ (၈၉)ဦးတို့ ရှိခဲ့သည်ကို မှတ်တမ်းများအရ သိရှိရပါကြောင်း၊ ကလေးသူငယ်ထိခိုက်ခံစားရသူအရေအတွက်မှာ (၂၀၁၉) ခုနှစ်တွင် (၁၇) ဦးနှင့် (၂၀၂၀) ပြည့်နှစ်တွင် (၆၄) ဦးအထိ မြင့်မားလာသည်ကို တွေ့ရှိရပါကြောင်း၊ မိုင်းထိဖြစ်စဉ်အရေအတွက်များအရ (၂၀၂၀) ပြည့်နှစ်တွင် မိုင်းဒဏ်သင့်ခံရမှုအများဆုံးမှာ ရခိုင်ပြည်နယ်ဖြစ်သည်ကို တွေ့ရှိရပါကြောင်း၊ ထို့ကြောင့် ရခိုင်ပြည်နယ်တွင် မိုင်းအန္တရာယ် အသိပညာပေးရေးလုပ်ငန်းများ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ရန်မှာ အရေးကြီးသည့် လုပ်ငန်းတစ်ခုဖြစ်ပါကြောင်း၊
ရခိုင်ပြည်နယ်ရှိ ပညာရေးဝန်ကြီးဌာနက အကောင်အထည်ဖော်ဆောင်ရွက်မည့် ရခိုင်ပြည်နယ် ဘက်စုံလွှမ်းခြုံသောပညာရေးစီမံကိန်းတွင်လည်း မိုင်းအန္တရာယ်အသိပညာပေးရေးလုပ်ငန်းကို ထည့်သွင်းထားပြီးဖြစ်ပါကြောင်း၊ ၎င်းလုပ်ငန်းစဉ်တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာနနှင့် ပြည်နယ်အစိုးရအဖွဲ့၊ ဌာနဆိုင်ရာများ၊ သက်ဆိုင်ရာအဖွဲ့အစည်းများနှင့်ပူးပေါင်း၍ မဟာဗျူဟာအကောင် အထည်ဖော်ရာတွင် မိုင်းအန္တရာယ်အသိပညာပေးရေးလုပ်ငန်းကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ နေရပ်စွန့်ခွာသူများ ပြန်လည် နေရာချထားရေးနှင့် ယာယီခိုလှုံရာစခန်းများ ပိတ်သိမ်းရေးဆိုင်ရာ အမျိုးသားအဆင့်မဟာဗျူဟာတွင် ရခိုင်ပြည်နယ်အတွင်း အကောင်အထည် ဖော်ရန် ရေးဆွဲထားသည့် လုပ်ငန်းစီမံချက်တွင်လည်း မိုင်းအန္တရာယ် အသိပညာပေးလုပ်ငန်းကို ထည့်သွင်းရေးဆွဲထားပြီး အရေးကြီးသည့်လုပ်ငန်းစဉ်တစ်ရပ်အဖြစ် အကောင်အထည်ဖော် ဆောင်ရွက်မည်ဖြစ်ပါကြောင်း၊ မြေမြှုပ်မိုင်းများနှင့် စစ်ကျန်လက်နက်ပေါက်ကွဲစေသည့် ပစ္စည်းများ၏အန္တရာယ်သည် ကြီးမားပါ ကြောင်း၊ ရပ်ရွာအတွင်း အန္တရာယ်ကင်းရှင်းစွာ သွားလာ နေထိုင်လုပ်ကိုင်ရာတွင် သတိပြုရမည့် အပြုအမူများကို ပြည်သူလူထု၊ ဒေသခံများ၊ ရပ်ရွာအတွင်းရှိ ပြည်သူများသိရှိထားရန် အလွန်အရေးကြီးပါကြောင်း၊ ပြည်သူများအား မိုင်းအန္တရာယ်မှ တားဆီးကာကွယ်ရန်နှင့် မိုင်းဒဏ်ခံပြည်သူများကို ထောက်ပံ့ ကူညီရန်မှာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၏ အရေးကြီးသည့် တာဝန်တစ်ရပ် ဖြစ်ကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် UNICEF နှင့်ပူးပေါင်း၍ မိုင်းအန္တရာယ်တားဆီးကာကွယ်ရေး လုပ်ငန်းများအဖွဲ့ (Mine Risk Working Group) ကိုလည်း ဖွဲ့စည်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ဝန်ကြီးဌာနသည် မိုင်းဒဏ်ခံစားရသူများကို အသိပညာပေးရုံသာမက ထိခိုက်ခံစားရသူများကိုလည်း ပံ့ပိုးကူညီပေးခြင်းများ ပြုလုပ်ခဲ့ပါကြောင်း၊ (၂၀၁၉) ခုနှစ်အတွင်းတွင် မြောက်ဦး၊ မင်းပြားမြို့နယ် များတွင် ကျား(၂)ဦး၊ မ(၇) ဦး၊ (၂၀၂၀) ပြည့်နှစ်တွင်ကျောက်တော်၊ မင်းပြား၊ အမ်းနှင့် မောင်းတော မြို့နယ်များမှ ကျား(၂၁) ဦး၊ မ(၁၃)ဦး စုစုပေါင်း (၄၃)ဦးကို တစ်ဦးလျှင် ကျပ်(၂)သိန်းနှုန်းဖြင့် ထောက်ပံ့နိုင်ခဲ့ပါကြောင်း၊ ထို့အပြင် မသန်စွမ်းသူများကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ထောက်ပံ့ရာတွင်လည်း အကျိုးခံစားခွင့်များ ရရှိကြကြောင်း၊ ရခိုင်ပြည်နယ်အတွင်းဖြစ်စဉ်များတွင် စာရင်းအမှန်များကို ကောက်ယူရရှိပါက လုပ်ထုံး၊လုပ်နည်းနှင့်အညီ ဆက်လက်ထောက်ပံ့ကူညီ သွားမည်ဖြစ်ကြောင်း၊
ပြည်နယ်များတွင်ဖွဲ့စည်းထားသော မိုင်းအန္တရာယ်တားဆီးရေးလုပ်ငန်းအဖွဲ့များသည် နှစ်စဉ် မဟာဗျူဟာများချမှတ်၍ လုပ်ငန်းစဉ်များရေးဆွဲ ဆောင်ရွက်လျက်ရှိကြောင်း၊ (၂၀၂၀-၂၀၂၁)ခုနှစ် မဟာဗျူဟာလုပ်ငန်းစီမံချက်တွင် နယ်ပယ်(၆)ခု ပါဝင်နေသည်ကို တွေ့ရှိရကြောင်း၊ အဆိုပါ လုပ်ငန်း နယ်ပယ်များတွင် ဝန်ကြီးဌာနအချင်းချင်း၊ အဖွဲ့အစည်းအချင်းချင်း ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ခြင်း၊ လက်နက်ကိုင်ပဋိပက္ခများဖြစ်ပွားခဲ့ရာနေရာများတွင် မိုင်းအန္တရာယ် အသိပညာ ပေးခြင်းနှင့် မိုင်းအန္တရာယ်ဖြစ်ပွားနိုင်ခြေနည်းပါးအောင် ဆောင်ရွက်ခြင်း၊ မြေပြင်တွင်ကြုံတွေ့ရမည့် ပကတိအခြေအနေကို စစ်ဆေးခြင်း၊ မိုင်းအန္တရာယ်ကြုံတွေ့ရသူများကို ကူညီပေးခြင်း၊ စီမံခန့်ခွဲမှုလုပ်ငန်းများတွင် လိုအပ်သောသတင်းအချက်အလက်အမှန်များရရှိနိုင်ရန် ချိတ်ဆက်ဆောင်ရွက်ခြင်း၊ ပြည်သူများ စိတ်ချလုံခြုံစွာ သွားလာ၊ နေထိုင်လုပ်ကိုင်နိုင်ရန် မိုင်းအန္တရာယ်ကင်းရှင်းသည့် နယ်မြေသတ်မှတ်ခြင်းနှင့် လုံခြုံရေး ဆိုင်ရာ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ပြည်သူများပါဝင်သည့်အဖွဲ့များ ဖွဲ့စည်းပြီး စည်းရုံးဆောင်ရွက်နိုင်ခြင်း စသည့် လုပ်ငန်းစဉ်များဖြစ်ကြောင်း၊ ထိုမဟာဗျူဟာပါ လုပ်ငန်းနယ်ပယ် (၆)ရပ်ကို ယခုဖွဲ့စည်းထားသည့် ရခိုင်ပြည်နယ်ဆိုင်ရာ လုပ်ငန်းကော်မတီဝင်များ အားလုံးက သိရှိနားလည်ပြီး ထိရောက်စွာအကောင်အထည်ဖော် ဆောင်ရွက်ကြစေလိုကြောင်း၊ နိုင်ငံ၏တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးသည် ဆက်စပ်လျက်ရှိပါကြောင်း၊ တည်ငြိမ်အေးချမ်းရေးအတွက် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ၊ (၂၁)ရာစုပင်လုံအစည်းအဝေးများမှ ပြည်ထောင်စု၏ သဘောတူညီချက်များတွင် (၂၀၁၇) ခုနှစ် မေလ (၂၉) ရက်နေ့က သဘောတူလက်မှတ်ရေးထိုးထားသော လူမှုရေးကဏ္ဍသဘောတူညီချက်များတွင် “လက်နက်ကိုင်ပဋိပက္ခများကြောင့်လည်းကောင်း၊ လူတို့၏ပြုမူဆောင်ရွက်မှုနှင့် သဘာဝဘေးကြောင့်လည်းကောင်း၊ ဒုက္ခသည်များနှင့် ပြည်တွင်းနေရပ် စွန့်ခွာရသူများသည် မိမိနေရပ်၊ အခြားသွားရောက်လိုသည့်ဒေသသို့ လူ့ဂုဏ်သိက္ခာနှင့်အညီ ဘေးကင်းလုံခြုံစွာ အခြေချနေထိုင်နိုင်ရန်ဆိုသည့်အချက်” ပါဝင်ရာ မိုင်းအန္တရာယ်ကင်းရှင်းရေးလုပ်ငန်းစဉ်သည် ရခိုင်ပြည်နယ်အတွင်း ကျယ်ကျယ်ပြန့်ပြန့် မဖြစ်မနေ ဆောင်ရွက်ပေးရမည့်လုပ်ငန်းဖြစ်ကြောင်း၊ လူသားချင်းစာနာထောက်ထားသည့်မိုင်းလုပ်ငန်းစဉ် Humanitarian Demining သည်လည်း အလွန်အရေးကြီးပါကြောင်း၊ သို့ရာတွင် ယခုအချိန်တွင် Humanitarian Demining ကို ပီပီပြင်ပြင် အကောင်အထည်ဖော်ရန် အခက်အခဲရှိနေဆဲဖြစ်ကြောင်း၊ စတင်နိုင်အောင် ပူးပေါင်းမှုများ၊ ဆောင်ရွက်မှုများ၊ တိုက်တွန်းမှုများဖြင့် ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်တစ်ခု ဖြစ်ပါကြောင်း၊ ပညာပေးမှုနှင့် ထောက်ပံ့မှုလုပ်ငန်းစဉ်များနှင့် တစ်ဆက်တည်း ဆောင်ရွက်ရမည် ဆိုသည်ကိုသိရှိပြီး ပူးပေါင်းဆောင်ရွက်ရန် တိုက်တွန်းလိုပါကြောင်း၊ ယခုကာလသည် COVID-19 ကပ်ရောဂါ ကျရောက်ဆဲ ကာလဖြစ်သည့်အတွက် COVID-19 ဆိုင်ရာ သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ဆောင်ရွက်ရန်လိုအပ်ပါကြောင်း၊ လုပ်ငန်းများ အကောင်အထည် ဖော်ရာတွင် ပထမဦးစွာ Pilot Area သတ်မှတ်၍ ဆောင်ရွက်ရန်လိုအပ်ပါကြောင်း၊ နည်းပညာအကူအညီများကို UNICEF နှင့် မိုင်းလုပ်ငန်းစဉ်များကို ဆောင်ရွက်နေကြသည့် နိုင်ငံတကာအဖွဲ့အစည်းများမှရယူ၍ ပူးပေါင်းဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ ICRC ၏ အခန်းကဏ္ဍလည်း အရေးပါကြောင်း၊ ICRC အနေဖြင့် ကချင်ပြည်နယ်၌ IDPs Camp များ ပြန်လည်နေရာချထားရာတွင် မိုင်းအန္တရာယ် အသိပညာပေးနှင့် မိုင်းရှင်းလင်းရေးကူညီပံ့ပိုးမှုများကို သက်ဆိုင်ရာပြည်နယ်အစိုးရနှင့် ညှိနှိုင်း ဆောင်ရွက်နေမှုများ ရှိပါကြောင်း၊ မိုင်းအန္တရာယ်အသိပညာပေးလုပ်ငန်းနှင့် ခြေတု၊ လက်တု တပ်ဆင်ပေးသည့် လုပ်ငန်းဆိုင်ရာများတွင် ICRC နှင့် ပူးပေါင်းဆောင်ရွက်ရန် တိုက်တွန်းလိုပါ ကြောင်း၊ ရခိုင်ပြည်နယ်အတွင်း၌ မြန်မာနိုင်ငံကြက်ခြေနီအဖွဲ့နှင့်လည်း ထိရောက်စွာ ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ကြောင်း၊ လူသားချင်းစာနာထောက်ထားမှု မိုင်းအန္တရာယ်ရှင်းလင်းရေး (Humanitarian Demining ) မစတင်နိုင်သေးခင် လက်ရှိအခြေအနေအရ ဒေသခံပြည်သူများအား မိုင်းအန္တရာယ်အသိပညာပေးရန်၊ မိုင်းနှင့်ပတ်သက်သည့် သဘောတရားများ၊ မိုင်း အန္တရာယ် မဖြစ်စေရေး ပြုမူဆောင်ရွက်ရမည့် အလေ့အကျင့်ကောင်းများကို ကျယ်ကျယ်ပြန့်ပြန့် သဘောပေါက် နားလည် ပြုမူ ဆောင်ရွက် ကျင့်ကြံ နေထိုင်တတ်စေရန် ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ ရခိုင်ပြည်နယ်တွင် ဖွဲ့စည်းပြီးဖြစ်သည့် မိုင်းအန္တရာယ်အသိပညာပေးလုပ်ငန်းအဖွဲ့က ထိရောက် သည့် လုပ်ငန်းစီမံချက်များ ဖော်ဆောင်နိုင်ရန် တက်ရောက်လာကြသော လုပ်ငန်းအဖွဲ့ဝင်များ၊ ပြည်နယ်ဌာနဆိုင်ရာများ၊ NGO ၊ INGO များနှင့် ပူးပေါင်း ဆောင်ရွက်ကြမည့်သူများအားလုံးက ဆွေးနွေးပေးကြဖို့ တိုက်တွန်းလိုပါကြောင်း ပြောကြားခဲ့ပါသည်။
ထို့နောက် National Mine Risk Working Group ၏အဖွဲ့ခေါင်းဆောင် ပြန်လည် ထူထောင်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝင်းနိုင်ထွန်းက လူသားချင်းစာနာ ထောက်ထားသည့် မိုင်းလုပ်ငန်းစဉ် (Humanitarian Mine Action) ဆောင်ရွက်နေမှုများကို ရှင်းလင်းရာတွင် ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခဖြစ်ပွားသည့်နယ်မြေများ၌ မြေမြှုပ်မိုင်းနှင့် ပေါက်ကွဲစေတတ်သော စစ်ကျန်လက်နက်ပစ္စည်းများအန္တရာယ် ကြုံတွေ့နေရမှုများ၊ အမျိုးသားအဆင့် မိုင်းအန္တရာယ် အသိပညာပေးမှုလုပ်ငန်းအဖွဲ့ဆောင်ရွက်နေမှုများ၊ ကချင်၊ ကယား၊ ကရင်၊ ရှမ်းပြည်နယ်များတွင် ပြည်နယ်အဆင့်လုပ်ငန်း အဖွဲ့ဆောင်ရွက် နေမှုများ၊ မိုင်းဒဏ်သင့်ပြည်သူများအတွက် ပြန်လည် ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက် နေမှုများကို ရှင်းလင်းတင်ပြပါသည်။
ဆက်လက်၍ ရခိုင်ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာချမ်းသာနှင့် အစည်းအဝေးသို့ တက်ရောက်လာကြသူများက ရခိုင်ပြည်နယ်အတွင်း မိုင်း အန္တရာယ်အသိပညာပေးလုပ်ငန်းများ စတင်ဆောင်ရွက်နိုင်ရန် အကြံပြုဆွေးနွေးခဲ့ကြပါသည်။
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက ဦးဆောင်၍ ဆက်စပ်ဝန်ကြီးဌာနများ၊ UNICEF ၊ INGOs ၊ NGOs တို့၏ ပူးပေါင်းပါဝင်မှုဖြင့် မိုင်းအန္တရာယ် အသိပညာပေးရေးဆိုင်ရာလုပ်ငန်းအဖွဲ့ (National Mine Risk Working Group)ကို (၂၇.၄.၂၀၁၂) ရက်နေ့တွင် စတင်ဖွဲ့စည်းဆောင်ရွက်ခဲ့ပြီး မိုင်းအန္တရာယ်အသိပညာပေးခြင်း၊ အများပြည်သူထံ သတင်းအချက်အလက်များ ဖြန့်ဝေခြင်း၊ ပညာပေးသင်တန်းများပို့ချခြင်း၊ မိုင်းအန္တရာယ်အသိပညာ ပေးလုပ်ငန်း ဆောင်ရွက်လျက်ရှိသော အဖွဲ့အစည်းများအား ချိတ်ဆက်ဆောင်ရွက်ပေးခြင်းစသည့် လုပ်ငန်းများကိုသာ ဆောင်ရွက် ခဲ့ကြပြီး ယခုအခါ ပြောင်းလဲလာသည့်အခြေအနေနှင့် လိုအပ်ချက်များအရ မိုင်းကြောင့်ထိခိုက်သူများအား ကူညီထောက်ပံ့ပေးသော အဖွဲ့များနှင့်ပူးပေါင်း ဆောင်ရွက်ခြင်း၊ အကူကိရိယာမပါသော အကြိုစစ်တမ်းကောက်ယူခြင်း Non-Technical Survey (NTS) များကိုပါ တိုးချဲ့ဆောင်ရွက်လျက်ရှိပြီး လူသားချင်း စာနာထောက်ထားခြင်းဆိုင်ရာ မိုင်းလုပ်ငန်းစဉ် (Humanitarian Demining) ကို ထိရောက်စွာ အကောင်အထည်ဖော်နိုင်ရေး ဆက်လက်ကြိုးပမ်းသွားမည် ဖြစ်ကြောင်း သတင်းရရှိပါသည်။

#hl1_otr
#npw_jan2021
Source: MOSWRR

Sign Up

Upcoming Events