လူကုန်ကူးခံရသူများအား ပြန်လည်လက်ခံရေး၊ ပြန်လည်ဝင်ဆံ့ပေါင်းစည်းရေးနှင့် ပြန်လည်ထူ ထောင်ရေးလုပ်ငန်းအဖွဲ့၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး(၁/၂၀၂၁)ကျင်းပ

ဇန်နဝါရီ ၁၅ ၊ နေပြည်တော်

လူကုန်ကူးမှုတားဆီးကာကွယ်ရေးဗဟိုအဖွဲ့အောက်တွင် ဖွဲ့စည်းထားသော လုပ်ငန်း အဖွဲ့(၃)ခုအနက် လူကုန်ကူးခံရသူများအား ပြန်လည်လက်ခံရေး၊ ပြန်လည်ဝင်ဆံ့ ပေါင်းစည်းရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းအဖွဲ့၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁/၂၀၂၁)ကို ယနေ့ နေ့လယ် (၁၂း၃၀)နာရီအချိန်  လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြန်လည်ထူထောင်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ပါသည်။

အစည်းအဝေးတွင် လူကုန်ကူးခံရသူများအား ပြန်လည်လက်ခံရေး၊ ပြန်လည်ဝင်ဆံ့ ပေါင်းစည်းရေးနှင့်ပြန်လည်ထူထောင်ရေးလုပ်ငန်းအဖွဲ့ ဥက္ကဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးစိုးအောင်က အမှာစကားပြောကြားရာတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနသည် လူကုန်ကူး ခံရသူများအား ပြန်လည်လက်ခံရေး၊ ပြန်လည်ဝင်ဆံ့ပေါင်းစည်းရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းအဖွဲ့ (Working Group on Repatriation, Reintegration and Rehabilitation of Trafficked Victims – R & R Working Group) ၏ အဖွဲ့ခေါင်းဆောင်အဖြစ် လုပ်ငန်းအဖွဲ့ဝင်ဌာနများ၊ ဆက်စပ်ဌာနများ၊ ပြည်တွင်း/ပြည်ပ လူမှုရေးအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်လျက် ရှိကြောင်း၊ လုပ်ငန်းအဖွဲ့ကို ၂၀၁၈ခုနှစ်၊ မေလတွင် ပြန်လည်ပြင်ဆင်ဖွဲ့စည်းပြီးဖြစ်ကြောင်း၊ ယနေ့ လုပ်ငန်းအဖွဲ့အစည်းအဝေးပြုလုပ်ရခြင်းမှာ အဖွဲ့ဝင်များအကြား ထိရောက်စွာချိတ်ဆက်ဆောင်ရွက် နိုင်ရန်၊  အားသာချက်၊ အားနည်းချက်များကို ဖော်ထုတ်၍ ရှေ့လုပ်ငန်းစဉ်များ ချမှတ် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်ဖြစ်ကြောင်း၊ လုပ်ငန်းများကို (၅)နှစ်စီမံကိန်းများ၊ လုပ်ငန်း စီမံချက်များအရ ဆောင်ရွက်ရာတွင် လုပ်ငန်းအဖွဲ့ဝင်ဌာနများအနေဖြင့် ဘတ်ဂျက်လျာထားချက် ရှိရန် လိုအပ်ပါကြောင်း၊ ထို့အပြင် နှစ်စဉ်ပေးပို့ရသော အမေရိကန်နိုင်ငံ၏ လူကုန်ကူးမှု တိုက်ဖျက်ရေးအစီရင်ခံစာအတွက် သက်ဆိုင်ရာဌာနများမှ ပြင်ဆင်ရာတွင် မိမိတို့ကဏ္ဍအလိုက် ထည့်သွင်းဖော်ပြရမည့် ခေါင်းစဉ်အလိုက် သက်ဆိုင်ရာဌာနများပူးပေါင်း၍ ပြင်ဆင်ကြရန် လိုအပ်ပါကြောင်း၊ COVID-19 ကြောင့်ဖြစ်ပေါ်လာနိုင်သည့် အိမ်တွင်းအကြမ်းဖက်မှုအပါအဝင် မြန်မာရွှေ့ပြောင်းအလုပ်သမားများ၊ အမျိုးသမီးနှင့်ကလေးများ၊ ထိခိုက်လွယ်အုပ်စုများအား ကာကွယ်စောင့်ရှောက်ရေးနှင့် ဖြစ်ပေါ်လာနိုင်သည့် လူကုန်ကူးမှုများ စသည်တို့ကို ကာကွယ် တားဆီးတုန့်ပြန်နိုင်ရန် သက်ဆိုင်ရာဌာနအဖွဲ့အစည်းများ၊ လူမှုအဖွဲ့အစည်းများနှင့် ပူးပေါင်း ဆောင်ရွက်ရန်လိုအပ်ပါကြောင်း ပြောကြားခဲ့ပါသည်။

ထို့နောက် လူကုန်ကူးခံရသူများအား ပြန်လည်လက်ခံရေး၊ ပြန်လည်ဝင်ဆံ့ပေါင်းစည်း ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းအဖွဲ့အတွင်းရေးမှူး ပြန်လည်ထူထောင်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝင်းနိုင်ထွန်းက လုပ်ငန်းအဖွဲ့၏ လုပ်ငန်းဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် ဆက်လက်ဆောင်ရွက်မည့် လျာထားလုပ်ငန်းစဉ်များကို တင်ပြခဲ့ရာ တက်ရောက်လာသူများက လုပ်ငန်းဆောင်ရွက်မှု အားသာချက်၊ အားနည်းချက်များနှင့်တကွ ဆွေးနွေးခဲ့ကြပါသည်။

အစည်းအဝေးသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်နှင့်လုပ်ငန်း အဖွဲ့ဝင်ဌာနများဖြစ်သော ကောင်စစ်ရေးရာဦးစီးဌာန၊ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများနှင့်စီးပွားရေးဦးစီးဌာန၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ အလုပ်သမားညွှန်ကြားရေး ဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန၊ အမျိုးသားမှတ်ပုံတင်နှင့်နိုင်ငံသားဦးစီးဌာန၊ ပညာရေး သုတေသန၊ စီမံကိန်းနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၊ ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာနတို့မှ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။

#hl2

#npw_jan2021

Source: MOSWRR

Sign Up

Upcoming Events