
ဇန်နဝါရီလ ၁၄၊ နေပြည်တော်
ရခိုင်ပြည်နယ်ဆိုင်ရာအကြံပေးကော်မရှင်၏ အကြံပြုချက်များကို ရခိုင်ပြည်နယ် ဆိုင်ရာအကြံပြုချက်များအပေါ်အကောင်အထည်ဖေါ်ဆောင်ရွက်ရေးကော်မတီ ဖွဲ့စည်း၍ သက်ဆိုင်ရာကဏ္ဍအလိုက် ကော်မတီဝင်ဝန်ကြီးဌာနများနှင့် ရခိုင်ပြည်နယ်အစိုးရ အဖွဲ့တို့က ပူးပေါင်းအကောင်အထည်ဖေါ်ဆောင်ရွက်လျက်ရှိရာ အဆိုပါ ကိစ္စရပ်များနှင့် စပ်လျဉ်း၍ အရေးကြီးသောကဏ္ဍများ ပြန်လည်သုံးသပ်ညှိနှိုင်းခြင်းကို ယနေ့ နံနက်ပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ပါသည်။
ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက် ရေးကော်မတီဥက္ကဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားဝန်ကြီးဌာန၊ ပြန်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက အဖွင့်အမှာစကားပြောကြားရာတွင် ရခိုင်ပြည်နယ်တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်ရေးကော်မတီ၏ (၃)နှစ်တာ ကာလအတွင်း အကောင်အထည်ဖော်ဆောင်ရွက်ချက်များနှင့် ပတ်သက်၍ အရေးကြီးသောကဏ္ဍများဖြစ်သည့် နိုင်ငံသားဖြစ်မှု၊ လွတ်လပ်စွာ သွားလာခွင့်နှင့် IDP ကိစ္စရပ်များတွင် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက်ချက်များအပေါ် သုံးသပ်ညှိနှိုင်းရန် လိုအပ်ကြောင်း၊ လက်ရှိဆောင်ရွက်နေသည့်လုပ်ငန်းများကို ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဥပဒေပါ ပြဌာန်းချက်များနှင့်အညီ ပိုမိုအရှိန်အဟုန်မြှင့်တင် ဆောင်ရွက်နိုင် ရန်ဖြစ်ကြောင်း၊ ရခိုင်ပြည်နယ်အပါအဝင် နိုင်ငံအတွင်းနေထိုင်သူများအနေဖြင့် ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဥပဒေပါ သတ်မှတ်ချက်များနှင့်အညီ နိုင်ငံသားစိစစ်မှုခံယူခြင်းနှင့် ရရှိသင့်သည့် အခွင့်အရေးများကို တစ်ပါတည်းရရှိခံစားနိုင်ရေးသည် အရေးကြီးပါကြောင်း၊ သက်ဆိုင်ရာတာဝန်ရှိ ဌာနအဖွဲ့အစည်းများအနေဖြင့် တည်ဆဲဥပဒေနှင့်အညီ မိမိတို့ စိစစ်ဆောင်ရွက်ပေးရန်ရှိသည်များကို အရှိန်အဟုန်မြှင့်တင်ဆောင်ရွက် ပေးခြင်းဖြင့် ဖွံ့ဖြိုးတိုးတက်ရေး၊ တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးတို့ကို အထောက်အကူပြုနိုင်မည်ဖြစ်ကြောင်း၊ ယခုအကောင်အထည်ဖော်ဆောင်ရွက်နေသည့် ကာလအတွင်း လက်တွေ့အခြေအနေ၌ လုပ်ငန်းအဆင့်ဆင့်တွင် ကြုံတွေ့နေရသည့် အခက်အခဲများကို ပူးပေါင်းဖြေရှင်းရန် နည်းလမ်းများရှာဖွေရန် လိုအပ်ကြောင်း၊ ဤလုပ်ငန်းစဉ်များသည် ရေရှည်တွင်လည်း ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ် များဖြစ်၍ ပြီးစီးရန် အချိန်ကာလ သတ်မှတ်ခြင်းမပြုနိုင်သော်လည်း ပြီးစီးနိုင်သည့် လုပ်ငန်းပမာဏကို သတ်မှတ်၍ ပြီးမြောက်အောင် ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ ရခိုင်ပြည်နယ်အတွင်း အကောင်အထည်ဖော်သည့်လုပ်ငန်းရပ်တိုင်းတွင် ဥပဒေအရ ခံစားခွင့်ရှိသူများနှင့် ဒေသတွင်းနေထိုင်သူအားလုံး သဘောပေါက်သိရှိပြီး ပူးပေါင်း ဆောင်ရွက်ကြရန် ပညာပေးမှုများ၊ ဆွေးနွေးညှိနှိုင်းမှုများနှင့် ဥပဒေနှင့်အညီ အမှန်တကယ်ခံစားရရှိမှုများ သေချာစေရန် လူမှုသဟဇာတဖြစ်ရေး ကြိုးပမ်းဆောင် ရွက်မှုများကိုလည်း စဉ်ဆက်မပြတ်ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ အစိုးရက ဥပဒေနှင့်အညီ ဆောင်ရွက်မှုများကို ထိရောက်စွာ ဆောင်ရွက်နိုင်ရန်နှင့် ပိုမိုစနစ်တကျ ဖြစ်ပြီး သွက်လက်မြန်ဆန်သော အကောင်အထည်ဖော်မှုများကို ဦးတည်နိုင်ရေး ဝိုင်းဝန်း ဆွေးနွေးအကြံပြုကြရန် လိုအပ်ပါကြောင်း ပြောကြားခဲ့ပါသည်။
အစည်းအဝေးသို့ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင် အထည်ဖော်ဆောင်ရွက်ရေးကော်မတီ ဒုတိယဥက္ကဌ နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးခင်မောင်တင်၊ ကော်မတီတွဲဖက်အတွင်းရေးမှူး လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဦးစိုးအောင်၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်၊ ပြန်လည်ထူထောင်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများတက်ရောက်ခဲ့ကြပြီး တည်ဆဲဥပဒေများ၊ အမိန့်ညွှန်ကြားချက်များ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆက်လက်ဆောင်ရွက်ရန်ရှိသည့်ကိစ္စရပ်များ၊ တွေ့ကြုံခဲ့ ရသည့်အခက်အခဲနှင့် စိန်ခေါ်မှုများ၊ အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်နိုင်ရန် ကဏ္ဍ အလိုက်လိုအပ်သောဖြည့်ဆည်း ပေါင်းစပ်ပေးရန်ကိစ္စများစသည်တို့ကို ညှိနှိုင်းဆွေးနွေး ခဲ့ကြကြောင်းသတင်းရရှိပါသည်။
Source: MOSWRR
#hl1
#npw_jan2021