ဇန်နဝါရီလ ၅ ရက်နေ့၊ နေပြည်တော်
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် ယနေ့ မွန်းလွဲပိုင်း၌ နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိရပ်ကွက်တွင် တည်ဆောက် ထားသော ကလေးပြုစုရေးဌာန (နေပြည်တော်) အဆောက်အဦ ဖွင့်လှစ်နိုင်ရေး နှင့် ပြုစုစောင့်ရှောက်ပေးရမည့် ကလေးငယ်များအား COVID – 19 စည်းကမ်းချက်များနှင့်အညီ စနစ်တကျ လွှဲပြောင်း လက်ခံနိုင်ရေး ကြိုတင် ဆောင်ရွက်ထားသည့် အခြေအနေများကို သွားရောက်ကြည့်ရှုခဲ့ပါသည်။
ပြည်ထောင်စုဝန်ကြီးသည် ဒုတိယဝန်ကြီး၊ အမြဲတမ်း အတွင်းဝန်၊ လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်တို့နှင့်အတူ ကလေးပြုစုရေး ဌာန (နေပြည်တော်)သို့ ရောက်ရှိပြီး အဆောက်အဦ ကို လှည့်လည်ကြည့်ရှုကြပါသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီး သည် တာဝန်ရှိသူများနှင့် တွေ့ဆုံကာ နေ့ကလေးထိန်းနှင့် မူကြိုအရွယ် ကလေးများအတွက် သင်ထောက်ကူပစ္စည်းများ ပြင်ဆင်ထားခြင်း၊ အသက်အရွယ်အလိုက် ထားရှိရ မည့်အခန်းများအား ကြိုတင် ပြင်ဆင်ခြင်း၊ ကလေးငယ်များအတွက် နို့မှုန့်၊ အာဟာရမှုန့်နှင့် အခြားရိက္ခာများ အချိန်မီဖြည့်တင်းထားခြင်း၊ အခြေခံကျန်းမာရေး သုံးပစ္စည်းများနှင့် ဆေးဝါးများ ကြိုတင်ထားရှိခြင်းနှင့် ကလေးငယ်များ ဘေးအန္တရာယ်မဖြစ်စေရန် ကြိုတင်ဆောင်ရွက်ထားခြင်း လုပ်ငန်းများ၊ ရန်ကုန်တိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးတို့ရှိ ကလေးပြုစု ရေးဌာနများက ကလေးငယ်များအား နေပြည်တော်သို့ခေါ် ဆောင်ရာတွင် COVID – 19 ထိန်းချုပ်၊ ကာကွယ်ခြင်းဆိုင်ရာ လမ်းညွှန်ချက်များအတိုင်းလိုက်နာ၍ စနစ်တကျဆောင်ရွက်ရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် ညှိနှိုင်းမှုများ ဆောင်ရွက်ခြင်းနှင့် ကလေးငယ်များအတွက် Quarantine ထားရှိမည့်နေရာများကို သက်ဆိုင်ရာဌာနများ နှင့်ချိတ်ဆက် ညှိနှိုင်းခြင်းလုပ်ငန်းများကို အချိန်မီပြီးစီးအောင်မြင်အောင် ဆောင်ရွက်နိုင်ရေးတို့အတွက် လိုအပ်သော ဖြည့်ဆည်းညှိနှိုင်းမှုများ ဆောင်ရွက်ခဲ့ကြပါသည်။
ကလေးပြုစုရေးဌာန (နေပြည်တော်)ကို ရင်ခွင့်မဲ့ကလေး ငယ်များအား ပြုစုစောင့်ရှောက်ရန်အတွက် မြန်မာနိုင်ငံရင်ခွင်မဲ့ ကလေးငယ်များ လျှော့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေးအသင်းက ပြည်သူများ၏ စုပေါင်းလှူဒါန်းငွေကျပ် (၁) ဘီလီယံကျော်ဖြင့် အကုန်အကျခံတည်ဆောက် ခဲ့ပြီး လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနသို့ လွှဲပြောင်းလှူဒါန်း ခဲ့ခြင်းဖြစ်ပါသည်။ အဆိုပါ ကလေးပြုစုရေးဌာန (နေပြည်တော်) အဆောက်အဦကို (၁၃.၂.၂၀၂၁) ရက်နေ့တွင် ဖွင့်လှစ်၍ ရင်ခွင့်မဲ့ ကလေးသူငယ်များအား ဥပဒေနှင့်အညီ ဆောင်ရွက်မည်ဖြစ်ပြီး ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနက ထုတ်ပြန်ထားသော COVID-19 ဆိုင်ရာစည်းကမ်းများ၊ ညွှန်ကြားချက် များနှင့်အညီ လက်ခံပြုစု စောင့်ရှောက်ရန် စံလုပ်ငန်းလမ်းညွှန်များ ရေးဆွဲထားရှိပြီးဖြစ်ကြောင်း သတင်းရရှိပါသည်။