သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေကို ပြန်လည်သုံးသပ်ခြင်း၊ မြန်မာ့လူမှုကာကွယ် စောင့်ရှောက်ရေးအထောက်အပံ့ဥပဒေ (မူကြမ်း) ရေးဆွဲခြင်းနှင့် လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေ(မူကြမ်း)နှင့်ပတ်သက်၍ ဝန်ကြီးဌာနနှင့် သက်ဆိုင်သော ကဏ္ဍများအပေါ်အကြံပြု ညှိနှိုင်း ဆွေးနွေးမှုသတင်း

ဇန်နဝါရီလ ၊ ၂ ရက်နေ့၊ ၂၀၂၁

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် သဘာဝဘေး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေကို ပြန်လည်သုံးသပ်ခြင်း၊ မြန်မာ့လူမှုကာကွယ်စောင့်ရှောက်ရေး အထောက်အပံ့ဥပဒေ(မူကြမ်း)ရေးဆွဲခြင်းနှင့် လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးဥပဒေ (မူကြမ်း)ရေးဆွဲထားမှုနှင့်ပတ်သက်၍ ဝန်ကြီးဌာနနှင့် သက်ဆိုင်သော ကဏ္ဍများအပေါ် အကြံပြုဆွေးနွေးညှိနှိုင်းမှုများကို Virtual Meeting ဖြင့် ဆောင်ရွက်ခဲ့ပါသည်။

ညှိနှိုင်းဆွေးနွေးပွဲသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများတက်ရောက်ခဲ့ကြပါသည်။

ရှေးဦးစွာ ပြည်‌ထောင်စုဝန်ကြီးက ပြောကြားရာတွင် ယခုကဲ့သို့ ဒီမိုကရေစီအသွင်ကူးပြောင်းရေး ကာလတွင် မိမိတို့ဝန်ကြီးဌာနနှင့် ပတ်သက်သော လိုအပ်သည့် တည်ဆဲဥပဒေများကို ပြင်ဆင်ခြင်းနှင့် အသစ်ပြဌာန်းခြင်းတို့ကို ပြုလုပ်ရန် စိစစ်ဆောင်ရွက်လျက်ရှိကြောင်း၊ ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုတည်ဆောက်ရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေး၊ ပြည်သူလူထုအကျိုးပြုရေး စသည့် ဦးတည်ချက်များထားရှိ၍ ခေတ်စနစ်နှင့် ညီညွတ်သော ဥပဒေများဖြစ်စေရန်၊ ဒီမိုကရေစီစံနှုန်း စံထားများနှင့် ကိုက်ညီမှုရှိစေရန်၊ လူ့အခွင့်အရေးစံချိန်စံညွှန်းများနှင့်ညီညွတ်မှုရှိစေရန်၊ ပြည်သူလူထုအပေါ် ဖိနှိပ်ချုပ်ချယ်သော ဥပဒေမျိုးမဖြစ်စေရန်  နိုင်ငံတကာစာချုပ်စာတမ်းများ၊ ကွန်ဗင်းရှင်းများ၏ ဆုံးဖြတ်ချက်များနှင့် ဆီလျော်စေရန်နှင့် ပြည်သူလူထုကြား သဟဇာတဖြစ်စေရေး၊ သွေးစည်းညီညွတ်ရေးကို မြှင့်တင်စေရန်စသည့် အခြေခံအချက်များကို  ထည့်သွင်းစဉ်းစားရမည် ဖြစ်ကြောင်း၊ ယနေ့ ဆွေးနွေးကြမည့် ဥပဒေများနှင့်ပတ်သက်၍ ယခင်အလုပ်ရုံ ဆွေးနွေးပွဲများက အကြံပြုချက်များ၊ ဥပဒေပညာရှင်၏ သုံးသပ်အကြံပြုချက်များအပေါ်မူတည်ပြီး ရှေ့ဆက် ဆောင်ရွက်သွားရန်ဖြစ်ကြောင်း၊ လက်ရှိတည်ဆဲဥပဒေများကို လက်တွေ့အသုံးချ ဆောင်ရွက်နေကြသောသူများ၏ အတွေ့အကြုံ သင်ခန်းစာများနှင့် စိန်ခေါ်မှုအခက်အခဲများကို ထည့်သွင်းစဉ်းစားရန်မှာ အဓိကအချက်ဖြစ်ပါကြောင်း၊ အစည်းအဝေးတက်ရောက်လာကြသူများအနေဖြင့် လက်တွေ့ အတွေ့ အကြုံများ ရရှိကြပြီးသူများဖြစ်၍ သုံးသပ်ဆွေးနွေးပေးကြပါရန် တိုက်တွန်းပါကြောင်း ပြောကြားခဲ့ပါသည်။

ထို့နောက် ဒုတိယဝန်ကြီး ဦးစိုးအောင်က သဘာဝဘေးစီမံခန့်ခွဲမှုလုပ်ငန်းများနှင့်ပတ်သက်၍ ဥပဒေနှင့်အညီ အကောင်အထည်ဖော်ရာတွင် လက်တွေ့ ဆောင်ရွက် တွေ့ကြုံခဲ့ရသည့်အခြေအနေများ ကို ဆွေးနွေးပြောကြားခဲ့ပါသည်။

ဆက်လက်၍ အမြဲတမ်းအတွင်းဝန်၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူး ချုပ်က သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဥပဒေ၊ နည်းဥပ‌ဒေများ ပြန်လည်သုံးသပ်ခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲများဆောင်ရွက်ခဲ့မှုအခြေအနေ၊ ဥပဒေပါပြဌာန်းချက်များအပေါ်  အလုပ်ရုံဆွေးနွေး ပွဲများက အကြံပြုချက်များ၊ ဥပဒေပညာရှင်၏ သုံးသပ်အကြံပြုချက်များကို ရှင်းလင်းဆွေးနွေး သုံးသပ်တင်ပြခဲ့ရာ အစည်းအဝေးတက်ရောက်လာသူများက သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေ၏ အဓိပ္ပာယ်ဖွင့်ဆိုချက်များ၊ သဘာဝဘေးအန္တရာယ်ကျရောက်သောဒေသဖြစ်ကြောင်း ကြေညာခြင်း၊ ဘဏ္ဍာရေးဆိုင်ရာ သုံးစွဲခွင့်နှင့် လုပ်ပိုင်ခွင့်များ၊ နိုင်ငံတကာအကူအညီများလက်ခံခြင်း၊  လူမှုအဖွဲ့အစည်းများ၊အသင်းအဖွဲ့များ၊ ပုဂ္ဂလိလုပ်ငန်းရှင်များ၊ အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ခြင်း၊ မီဒီယာများ၏ အခန်းကဏ္ဍ၊ ပြစ်မှုနှင့်ပြစ်ဒဏ်များအပေါ် ဆွေးနွေးခြင်းနှင့် ဥပဒေ ပြန်လည်သုံးသပ်သည့်လုပ်ငန်းအဆင့်ဆင့်အတွက် အချိန်သတ်မှတ်ထားရှိ ဆောင်ရွက်ခြင်းစသည့် အကြောင်းအရာများအပေါ် ဝိုင်းဝန်း ဆွေးနွေးခဲ့ကြပါသည်။

မွန်းလွဲပိုင်းတွင် မြန်မာလူမှုကာကွယ်စောင့်ရှောက်ရေးအထောက်အပံ့ဥပဒေ (မူကြမ်း) ရေးဆွဲ ထားမှုအပေါ် ကနဦး ဆွေးနွေးကြရာတွင် ပြည်ထောင်စုဝန်ကြီးက လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းသည် ဆင်းရဲမှုလျှော့ချရေး၊ လူသားစွမ်းရည်အရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် အရေးပါသော လုပ်ငန်းဖြစ်ကြောင်း၊ လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ အထောက်အပံ့များအတွက် ရေရှည်တည်တံ့ခိုင်မြဲသည့်  အထောက်အပံ့ အစီအစဉ်ကို ရင်းနှီးမြှုပ်နှံမှုတစ်ခုအဖြစ် စနစ်တကျ အကောင်အထည်ဖော်ဆောင်ရွက်ရန် ရန်ပုံငွေပိုင်းဆိုင်ရာ ခိုင်မာမှုနှင့် ဥပဒေနှင့်အညီ ဆောင်ရွက်ရန် လိုအပ်ကြောင်းပြောကြားခဲ့ပါသည်။

ထို့နောက် လူမှုဝန်ထမ်းဦးစီးဌာန၊ လူမှုကာကွယ်စောင့်ရှောက်ရေးဌာန(ခွဲ) ညွှန်ကြားရေးမှူးက မြန်မာလူမှုကာကွယ်စောင့်ရှောက်ရေး အထောက် အပံ့ဥပဒေ (မူကြမ်း) ရေးဆွဲထားမှုနှင့်ပတ်သက်၍  ဥပဒေ (မူကြမ်း)ကို အခန်းကဏ္ဍအလိုက်၊ အပိုဒ်ခွဲများအလိုက် ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များက ဥပဒေ(မူကြမ်း)အပေါ် ဝိုင်းဝန်းဆွေးနွေး အကြံပြုခြင်း များကို ဆောင်ရွက်ခဲ့ကြပါသည်။

ဆက်လက်၍ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးဥပဒေ (မူကြမ်း)ရေးဆွဲထားမှုနှင့်ပတ်သက်၍ ဝန်ကြီးဌာနနှင့် သက်ဆိုင်သောကဏ္ဍများအပေါ် အကြံပြုဆွေးနွေးညှိနှိုင်းကြရာတွင် ပြန်လည်ထူထောင်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က မြန်မာနိုင်ငံအနေဖြင့် လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးဥပဒေ (မူကြမ်း) စတင် ဖြစ်ပေါ်လာခဲ့သည့် အခြေအနေများ၊ အိမ်နီးချင်းနိုင်ငံများ၏ လူကုန်ကူးမှုးနှင့်ပတ်သက်သည့် ဥပဒေပြဌာန်းဆောင်ရွက်လျက်ရှိသည့် အခြေ အနေများကို ရှင်းလင်းတင်ပြခဲ့ပါသည်။

ယင်းနောက် လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ဥပဒေ(မူကြမ်း)တွင် ပါဝင်သော မိမိတို့ဝန်ကြီး ဌာနနှင့်ပတ်သက်သည့်ကဏ္ဍများအပေါ် ပြန်လည် ထူထောင်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် က အကြံပြုချက်များကို အခန်းကဏ္ဍအလိုက် ရှင်းလင်းတင်ပြခဲ့ပြီး လူကုန်ကူးခံရမှုနှင့် ပတ်သက်သည့် အသိပညာပေးဗီဒီယိုရိုက်ကူးထားရှိမှုကိုပြသခဲ့ပါသည်၊

ထို့နောက် ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ အမြဲတမ်းအတွင်းဝန်၊ ဒုတိယဝန်ကြီးနှင့် ပြည်ထောင်စုဝန်ကြီးတို့က လူကုန်ကူးခံရသူများကို ပြန်လည်လက်ခံခြင်း၊ ပြန်လည်ဝင်ဆံ့ပေါင်းစည်းပေးခြင်းနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်များတွင် လူကုန်ကူးခံရသူများ အခွင့်အရေးများ အပြည့်အဝရရှိရေး၊ ထိရောက်သော ပြန်လည်ထူထောင်ရေးများအတွက် လိုအပ်သောဥပဒေရေးရာအထောက်အကူပြုမှု ဆိုင်ရာများ နှင့်ပတ်သက်၍ ပြုပြင်ပြောင်းလဲရန် လိုအပ်မှုများကို အကြံပြု ဆွေးနွေးဆောင်ရွက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။

#hl1_otr

#npw_jan2021

Source:  MOSWRR

Sign Up

Upcoming Events