ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော်မှုများနှင့်စပ်လျဉ်း၍ သုံးသပ်ချက်အစီရင်ခံစာ (မူကြမ်း) အပေါ်  ကော်မတီဝင်များ၏ ညှိနှိုင်း အစည်းအဝေးကျင်းပမှုသတင်း

ဒီဇင်ဘာလ ၃၁ ရက်နေ့၊ နေပြည်တော်

 ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော်မှုများနှင့် စပ်လျဉ်း၍သုံးသပ်ချက်အစီရင်ခံစာ(မူကြမ်း)အပေါ် ကော်မတီဝင်များ၏ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲပိုင်းက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန စုပေါင်းအစည်းအဝေးခန်းမ၌ကျင်းပရာ ရခိုင်ပြည်နယ်ဆိုင်ရာအကြံပြုချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်ရေးကော်မတီဥက္ကဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားဝန်ကြီးဌာန ပြန်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ ကော်မတီ၏ပူးတွဲဥက္ကဌ ရခိုင် ပြည်နယ်ဝန်ကြီးချုပ်ဦးညီပုနှင့် ကော်မတီဝင်များ တက်ရောက် ခဲ့ကြပါသည်။

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက ရခိုင်ပြည်နယ်ဆိုင်ရာအကြံပြုချက်များ အပေါ် အကောင်အထည်ဖော်ဆောင်ရွက်ရေး ကော်မတီ၏ (၃)နှစ်တာကာလအတွင်း ရခိုင် ပြည်နယ်တည်ငြိမ်အေးချမ်းရေးနှင့် ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် မစ္စတာကိုဖီအာနန် ဦးဆောင်သော ရခိုင်ပြည်နယ်ဆိုင်ရာအကြံပေးကော်မရှင်၏ အကြံပြုချက်(၈၈)ချက်ထဲက ကဏ္ဍအလိုက်‌ လုပ်ငန်းဆောင်ရွက်ပြီးစီးမှု အခြေအနေ များအပေါ်မူတည်၍ ပြန်လည်ဆန်းစစ်ပြီး သုံးသပ်ချက်အစီအရင်ခံစာတစ်စောင်ပြုစုရန်ဖြစ်ပါကြောင်း၊ အစည်းအဝေးတက်ရောက်လာကြသော ကော်မတီဝင်များအနေဖြင့် အကြံပြုချက်ကော်မတီအတွင်းရေးမှူးရုံးက လေ့လာဆန်းစစ်ဖော်ထုတ်မှုရလဒ်များအရ သုံးသပ်ချက် အစီရင်ခံစာ (မူကြမ်း)ကို ပြုစုထားရှိပါသဖြင့် ထိုအစီရင်ခံစာ(မူကြမ်း)အပေါ် ဖြည့်စွက်အကြံပြုဆွေးနွေးပေးကြစေလိုကြောင်း၊ ထိုကဲ့သို့ သုံးသပ်ချက် အစီရင်ခံစာပြုစုပေးခြင်းဖြင့် နောင်ဆက်လက်တာဝန်ယူမည့်သူများအနေဖြင့် လိုအပ်သောစီမံမှုများကိုချမှတ်ပြီး ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက် ရေးကို ရေတို/ ရေရှည်စီမံချက်များဖြင့် ထိရောက်လျင်မြန်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်ဖြစ်ပါ ကြောင်း၊ ဆန်းစစ်ချက် အစီရင်ခံစာ(မူကြမ်း)ကို ကော်မတီ၏ (၄)လတစ်ကြိမ်ပြုစုထားသော ပြည်သူသို့အစီရင်ခံစာများတွင် ဖော်ပြနိုင်ခဲ့သည့်အချက်အလက်များ၊ ရခိုင် ပြည်နယ်အစိုးရအဖွဲ့နှင့် သက်ဆိုင်ရာဝန်ကြီးဌာနအသီးအသီးက ပေးပို့လာသည့် လစဉ်အစီရင်ခံစာပါ အချက်အလက်များကိုစုစည်းပြီး ကဏ္ဍ အလိုက် အကောင်အထည်ဖော်ဆောင်ရွက်နိုင်မှုကို အဆင့်များသတ်မှတ်ပြီး ပြန်လည်ဆန်းစစ်သုံးသပ်တင်ပြထားခြင်းဖြစ်ပါကြောင်း၊ အဆိုပါ သုံးသပ်ချက်များနှင့်စပ်လျဉ်း၍ မြေပြင်တွင် လက်ရှိအမှန်တကယ်ပြောင်းလဲမှု အခြေအနေများနှင့်ထင်ဟပ်နိုင်ရန် ကော်မတီအတွင်းရေးမှူး ဒုတိယဝန်ကြီး ဦးစိုးအောင်ဦးဆောင်ကာ ရခိုင်ပြည်နယ်အတွင်း လက်တွေ့အကောင်အထည်ဖော်ဆောင်ရွက်နေသည့် သက်ဆိုင်ရာ ဝန်ကြီးဌာန အသီးသီး၏ပြည်နယ်ဦးစီးမှူးများ၊ ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှတာဝန်ရှိသူများနှင့် ထပ်ဆင့်ညှိနှိုင်းအစည်းအဝေးကို (၂၂-၁၂-၂၀၂၀) ရက်နေ့တွင် Virtual စနစ်ဖြင့် ကျင်းပခဲ့ပါကြောင်း၊ ရခိုင်ပြည်နယ်တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဖြေရှင်းဆောင်ရွက်ရမည့် အကြပ် အတည်း(၃)ရပ်ဖြစ်သော ဖွံ့ဖြိုးမှုဆိုင်ရာအကြပ်အတည်း၊ လူ့အခွင့်အရေးဆိုင်ရာအကြပ်အတည်းနှင့် လုံခြုံရေးဆိုင်ရာအကြပ်အတည်းများကို ဖြေရှင်း ဆောင်ရွက်နိုင်ရေးအတွက် ဝိုင်းဝန်းအကောင်အထည်ဖော်ဆောင်ရွက်ခဲ့ကြခြင်း ဖြစ်ပါကြောင်း၊ ရခိုင်ပြည်နယ်အတွင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် လက်နက်ကိုင်ပဋိပက္ခများ၊ ပြည်တွင်း၊ ပြည်ပနှင့်ပတ်သက်သော စိန်ခေါ်မှုများအပြင် COVID-19 ဖြစ်ပွားမှုများကြောင့် လုပ်ငန်းများ အကောင်အထည်ဖော်မှုအရှိန်လျော့ကျသွားခဲ့ပါကြောင်း၊ ပြည်နယ်၏ စီပွားရေး၊ ပညာရေး၊ ကျန်းမာရေး စသောကဏ္ဍများ ကိုထိခိုက်စေပြီး ဒေသနေထိုင်သူများအနေဖြင့် အလုပ်အကိုင် ရှားပါးမှုနှင့် စားဝတ်နေရေးအခက်အခဲများကို ရင်ဆိုင်နေရသည့်အပြင် လုံခြုံရေး၊ တရားဥပဒေ စိုးမိုးရေး စသောကဏ္ဍပေါင်းစုံဖွံ့ဖြိုးတိုးတက်မှုကိုပါ ထိခိုက်စေခဲ့ပါ ကြောင်း၊ အကြံပြုချက် အများစုသည် ရေရှည်ဆောင်ရွက် ရမည်ဖြစ်ပြီး တိုးတက်မှုများကို အတိုင်းအတာတစ်ခုအထိ ရရှိခံစားကြရသော်လည်း ပမာဏအားဖြင့်ဖော်ပြဖို့ ခဲယဉ်းပါ ကြောင်း၊ ကဏ္ဍအလိုက ်ဆောင်ရွက်နိုင်မှုကိုတိုင်းတာရန် အညွှန်းကိန်းများ ဖော်ထုတ် သတ်မှတ်ရန် လိုအပ်ပါကြောင်း၊ သိသိသာသာတိုးတက်အောင် ဆောင်ရွက်နိုင်ခဲ့သော ကဏ္ဍများတွင်အားထည့်ပြီး စနစ်တကျနှင့် စီမံချက်များရေးဆွဲအကောင်အထည်ဖော်ပါကလာမည့် အချိန်ကာလများတွင်ပိုမိုတိုးတက် အောင်မြင် လာမှာ ဖြစ်ကြောင်းပြောကြားခဲ့ပါသည်။

ဆက်လက်၍ ကော်မတီပူး၏တွဲဥက္ကဌ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်က အမှာစကား ပြောကြားရာတွင် ကော်မတီဝင်များအနေဖြင့် ရခိုင်ပြည်နယ်အတွင်းအကြံပြုချက်ပါ လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ရခိုင်ပြည်နယ်အရေးသည် ပြည်ထောင်စု အရေး ဖြစ်ပြီး ပြည်ထောင်စုအရေးတွင် ရခိုင်ပြည်နယ်အရေးကို ထည့်သွင်း စဉ်းစားဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ အထူးသဖြင့် ရခိုင်ပြည်နယ် အရေးကို တစ်ကမ္ဘာလုံးက စိတ်ဝင်တစားအာရုံစိုက်နေကြသည့်အတွက် ကော်မတီဝင်များအနေဖြင့်  ရခိုင်အရေးနှင့်ပတ်သက်၍ ပြောဆိုလုပ်ကိုင် ဆောင်ရွက်ကြရာတွင် အထူးအလေးထားဂရုပြု ဆောင်ရွက်ကြရန် အရေးကြီးပါကြောင်း၊ ရခိုင်ပြည်နယ်တွင်ခံစားနေကြရသော အကြပ်အတည်း များကို ဖြေရှင်းဆောင်ရွက်ရာတွင် အကောင်အထည်ဖော် ဆောင်ရွက်ကြမည့်သူများအနေဖြင့် ရခိုင်ပြည်နယ်၏သမိုင်းကြောင်း၊ ပြည်နယ်အတွင်း လုံခြုံရေးအခြေအနေ၊နိုင်ငံရေးအခြေအနေ၊ မတူညီသည့်လူ့အဖွဲ့အစည်းများအကြား ဖြစ်တည်နေသည့်ပဋိပက္ခများ၊ စိန်ခေါ်မှုများကို ဦးစွာ နားလည်ထားကြရမှာဖြစ်ပါကြောင်း၊ ထို့ကြောင့် ရခိုင်ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် တည်ငြိမ်အေးချမ်းရေးအတွက် ရေတို/ ရေရှည် စီမံကိန်း များဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ရခိုင်ပြည်နယ်အတွင်းရှိ လူ့အဖွဲ့အစည်းများ၏ စားဝတ်နေရေး၊ ဘဝရှင်သန်နေထိုင်ရေး၊ လူ့အခွင့်အရေးနှင့် လူမှုသဟဇာတဖြစ်မှုတို့ကို ဦးစားပေးစဉ်းစား အကောင်အထည်ဖော်ဆောင်ရွက်လျက် ရှိခြင်းဖြစ်ကြောင်း၊ IDPစခန်းများ စနစ်တကျ ပိတ်သိမ်းနိုင်ရေးအပါအဝင် အကြံပြုချက်ပါလုပ်ငန်းကဏ္ဍများကို သက်ဆိုင်ရာဝန်ကြီးဌာန များ၊ ရခိုင်ပြည်နယ်အစိုးရအဖွဲ့၊ ကုလသမဂ္ဂ အဖွဲ့အစည်းများ၊ ရခိုင်ပြည်နယ်အတွင်းရှိ အရပ်ဘက်လူ့အဖွဲ့အစည်းများ၊ ဒေသခံများနှင့် ဝိုင်းဝန်းအကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိရာ ကော်မတီဝင်များအနေဖြင့် ထိုသို့လုပ်ကိုင်ဆောင်ရွက်ရာတွင် စဉ်းစားချင့်ချိန်၍ ပြောဆိုလုပ်ကိုင် ဆောင်ရွက်ရမှာဖြစ်ပါကြောင်း၊ မိမိတို့ ပြုမူပြောဆိုလုပ်ကိုင်မှုများသည် နိုင်ငံတကာအမြင်အပေါ် သက်ရောက်မှု ကြီးမားပါကြောင်း၊ နိုင်ငံတကာဖိအားများ လျော့နည်းသွားရန် မိမိတို့အနေဖြင့် ရခိုင်ပြည်နယ်အရေးကိစ္စများကို အလေးထားဆောင်ရွက် ကြရမည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။

ထို့နောက် ကော်မတီ၏ဒုတိယဥက္ကဌ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ဒုတိယ ဝန်ကြီးဦးခင်မောင်တင်ကဆွေးနွေးရာတွင် ကော်မတီ၏ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက် များအပေါ် အကောင်အထည်ဖော်ဆောင်နိုင်မှု အခြေအနေများနှင့်စပ်လျဉ်းပြီး ပြန်လည် ဆန်းစစ်သုံးသပ်၍ အစီရင်ခံစာပြုစုမှတ်တမ်းတင်ထားခြင်းသည် မြန်မာနိုင်ငံ၏ နိုင်ငံတကာ ဖိအားများကိုတုံ့ပြန်ရာတွင် လိုအပ်သည့်အချက်အလက်များအဖြစ် ပံ့ပိုး ပေးနိုင်မည်ဖြစ်၍ ယခုလိုအချိန်ကာလတွင် အလွန်အရေးကြီးပါကြောင်း၊ အဆိုပါအချက်အလက်များကို အသုံးပြုဆောင်ရွက်ဖြေရှင်းရမှာဖြစ်ပါ ကြောင်း ပြောကြားခဲ့ပါသည်။

ယင်းနောက် ကော်မတီ၏တွဲဘက်အတွင်းရေးမှူး နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယ ဝန်ကြီးက ကော်မတီ၏ ပြီးခဲ့သည့်(၂၁)ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ဆွေးနွေးခဲ့သည့် အကြံပြုချက်ပါ သက်ဆိုင်ရာလုပ်ငန်းကဏ္ဍများအလိုက် လုပ်ငန်းစီမံချက် များရေးဆွဲ ဆောင်ရွက်ထားရှိမှုနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားကာ နယ်စပ်ရေးရာဝန်ကြီး ဌာနက ပါဝင်ဆောင်ရွက်ရသည့်အကြံပြုချက်များအား လုပ်ငန်း စီမံချက်များ ရေးဆွဲအကောင် အထည်ဖော်ဆောင်ရွက်နိုင်မှုများကိုလည်းကောင်း၊ ကော်မတီ၏အတွင်းရေးမှူး ဒုတိယ ဝန်ကြီးဦးစိုးအောင်က “ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းမှုနှင့် ဖွံ့ဖြိုးမှုတိုးတက်ရေး အကောင်အထည်ဖော်ရေးဗဟိုကော်မတီ” ဥက္ကဌ၏ဦးဆောင်မှုဖြင့် ရခိုင်ပြည်နယ် ဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းများတွင် သက်ဆိုင်ရာဝန်ကြီးဌာနများအပြင် UEHRD ကော်မတီ၏လုပ်ငန်းအဖွဲ့များ၊ ပြည်တွင်း/ပြည်ပ အရပ်ဘက်အဖွဲ့အစည်းများ၊ ကုလသမဂ္ဂအဖွဲ့အစည်း များ၊ မိတ်ဆွေနိုင်ငံများ၏အကူအညီများဖြင့် ဆောင်ရွက်ခဲ့မှုများအပေါ် ဆန်းစစ်တွေ့ရှိချက် များ၊  ယခုသုံးသပ်ချက်အစီအရင်ခံစာပါ အချက်အလက်များကို မြေပြင်အခြေအနေနှင့် ထင်ဟပ်နိုင်ရန် ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ တာဝန်ရှိသူ များ၊ ရခိုင်ပြည်နယ်အတွင်းရှိ ပြည်ထောင်စုဝန်ကြီးဌာနအသီးသီးမှ ပြည်နယ်ဦးစီးမှူးများနှင့် အစည်းအဝေးတစ်ခုကို (၂၂-၁၂-၂၀၂၀)နေ့တွင် Online ဖြင့် ကျင်းပခဲ့ပြီးတက်ရောက်ဆွေးနွေးသူများက အကြံပြု ချက်များ၊ သုံးသပ်ချက်အစီရင်ခံစာပြုစုနိုင်ရေးအတွက် လိုအပ်သည့်အချက် အလက်များကို ပံ့ပိုးပေးနိုင်ခဲ့မှုများ၊ သုံးသပ်ချက်အစီရင်ခံစာ(မူကြမ်း)နှင့်စပ်လျဉ်း၍ ကော်မတီရုံးအဖွဲ့အနေဖြင့် ရခိုင်ပြည်နယ်အစိုးရအဖွဲ့၊ သက်ဆိုင်ရာဝန်ကြီးဌာနအသီးသီးမှ ပေးပို့လာသည့် အစီရင်ခံစာများ၊ အချက်အလက်များနှင့် ပြည်သူသို့အစီရင်ခံစာ(၈)ကြိမ်တွင် ဖော်ပြနိုင်ခဲ့သည့် ကိန်းဂဏန်းအချက်အလက်များအပေါ်တွင်မူတည်၍ အကောင်အထည်ဖော် ဆောင်ရွက်နိုင်မှုအခြေအနေများကို (၀ % မှ ၂၀ %၊ ၂၁% မှ ၄၀%၊ ၄၁ % မှ ၆၀%၊ ၆၁ % မှ ၈၀%) အထိ အဆင့်များ သတ်မှတ်ဆောင်ရွက်ထားခြင်းများကို ရှင်းလင်းပြောကြားခဲ့ပါသည်။

ဆက်လက်၍ ကော်မတီ၏ အတွင်းရေးမှူးရုံးမှ ရုံးအဖွဲ့မှူး ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်လဲ့လဲ့အေးက ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ်အကောင်အထည်ဖော်ဆောင်ရွက်ရေးကော်မတီ၏ (၃)နှစ်တာကာလအတွင်း အကြံပြုချက်(၈၈)ချက်၏ ကဏ္ဍအလိုက်အကောင်အထည်ဖော် ဆောင်ရွက်နိုင်မှုအခြေအနေများအပေါ် ဆန်းစစ်သုံးသပ်ထားရှိမှုအခြေအနေကို Power Point ဖြင့်ရှင်းလင်း တင်ပြရာ တက်ရောက်လာကြသည့် ကော်မတီဝင်များက ဆန်းစစ်ချက်မူကြမ်းတွင် ပါဝင်သည့် မိမိတို့ဝန်ကြီးဌာန အလိုက် အကောင်အထည်ဖော်ဆောင်ရွက်ပြီးစီးမှု အခြေအနေများ၊ ရှေ့ဆက်ဆောင်ရွက်မည့်လုပ်ငန်းများ၊ သုံးသပ်ချက်အစီရင်ခံစာတွင် ထပ်မံ ဖြည့်စွက် ရန်လိုအပ်သည့် အချက်အလက်များကိုဆွေးနွေးခဲ့ကြရာ ကော်မတီဥက္ကဌ ပြည်ထောင်စုဝန်ကြီးနှင့်ပူးတွဲဥက္ကဌ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် တို့က လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆွေးနွေးကြပါသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်စကားပြောကြားရာတွင် ကော်မတီဝင် များအနေဖြင့် ဆန်းစစ်ချက်မူကြမ်းအပေါ်မှာ ဖြည့်စွက် အကြံပြုပေးနိုင်ရန်နှင့် နောင်ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်မည့်လုပ်ငန်းများနှင့်ပတ်သက်ပြီး ကဏ္ဍအလိုက် ဆက်လက်အကောင် အထည်ဖော်ရန် ကျန်ရှိသည့်လုပ်ငန်းများနှင့် ရေရှည်အကောင်အထည်ဖော်ရမည့်လုပ်ငန်းကို ရည်မှန်းချက်၊ အချိန်ကာလသတ်မှတ်ချက်၊ ဘတ်ဂျက်လျာထားမှု၊ အညွှန်းကိန်းများ စသည်တို့ပါဝင်သော လုပ်ငန်းစီမံချက်များ ရေးဆွဲတင်ပြပြီး ဘဏ္ဍာနှစ်အလိုက်  ဆက်လက်လျာထား အကောင်အထည် ဖော်ဆောင်ရွက်ပေးကြရန်နှင့် ရခိုင်ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက် နေသည့် အဖွဲ့အစည်းများ၊ UEHRD ကော်မတီ၊ မိတ်ဆွေနိုင်ငံများ၊ အရပ်ဘက်လူမှုအဖွဲ့ အစည်းများနှင့် ကုလသမဂ္ဂအဖွဲ့အစည်းများအားလုံးကို ကျေးဇူးတင်ရှိပါကြောင်း၊ ရခိုင်ပြည်နယ်အတွင်းရင်ဆိုင်နေရသည့် ရခိုင်ပြည်နယ်တည်ငြိမ်အေးချမ်းရေးနှင့်ဖွံ့ဖြိုး တိုးတက်ရေးအတွက် ဖြေရှင်းဆောင်ရွက်ရမည့် ဖွံ့ဖြိုးမှု၊ လူ့အခွင့်အရေးနှင့် လုံခြုံရေးဆိုင်ရာ အကြပ်အတည်းများ ကိုဖြေရှင်းဆောင်ရွက်နိုင်ရေးအတွက် ထိရောက်လျင်မြန်စွာ ဆက်လက် ဝိုင်းဝန်း အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းစဉ်များ အကောင်အထည်ဖော်ခြင်းနှင့် ယှဉ်တွဲဆောင်ရွက်ကြရန် တိုက်တွန်းပြောကြားပြီး သုံးသပ်ချက်အစီအရင်ခံစာ(မူကြမ်း)ကို အပြီးသတ်ရေးဆွဲ အတည်ပြုနိုင်ရေး အချိန်မီပူးပေါင်း ဆောင်ရွက်ကြရန် ပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

#hl1_otr

#npw_jan2021

Source:  MOSWRR

Sign Up

Upcoming Events