ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး ရခိုင်ပြည်နယ်ရှိ တိုက်ပွဲရှောင်များအတွက် ရိက္ခာထောက်ပံ့မှုနှင့်စပ်လျဉ်း၍ ညှိနှိုင်းဆွေးနွေးမှုသတင်း

ဒီဇင်ဘာ ၂၉၊ နေပြည်တော်

ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးသည် ယမန်နေ့ညနေပိုင်းက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ ရခိုင်ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်၊ ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ တာဝန်ရှိသူ များနှင့်အတူရခိုင်ပြည်နယ်ရှိ တိုက်ပွဲရှောင်များအတွက် ရိက္ခာထောက်ပံ့မှုနှင့်စပ်လျဉ်းသည့် ညှိနှိုင်းအစည်းအဝေးကို Virtual Meeting ဖြင့်ပြုလုပ် ခဲ့ပါသည်။

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက ရခိုင်ပြည်နယ်ရှိ တိုက်ပွဲရှောင်များအတွက် ဆန်ရိက္ခာထောက်ပံ့ရာ၌ ပြည်နယ်အစိုးရက လူအင်အားစိစစ်၍ ပြည်နယ်ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနသို့ အကြောင်းကြားမှုအရ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာန အနေဖြင့် လူတစ်ဦးလျှင်(၁)ရက် ဆန်(၂)ဘူးနှုန်းဖြင့် ထောက်ပံ့ပေးလျက်ရှိကြောင်း၊ ဘေးသင့်သူများအား ဆန်ရိက္ခာထောက်ပံ့မှုကို ယေဘူယျအားဖြင့် (၁)ပတ်အထိ ခွင့်ပြုချက်မလိုဘဲ ထောက်ပံ့ပေးရန် ညွှန်ကြားချက်ရှိသော်လည်း ရခိုင်ပြည်နယ်အတွက်မူ တိုက်ပွဲရှောင်အသစ်များ ထပ်တိုးရောက်ရှိပါက (၂)ပတ်စာအထိ ခွင့်ပြုချက်မလိုဘဲ အချိန်မီ ချက်ချင်းထောက်ပံ့ရန် ခွင့်ပြုပေးထားပြီးဖြစ်ကြောင်း၊ တိုက်ပွဲရှောင်စခန်းများအနေဖြင့် ကာလရှည်နေထိုင်သည် များရှိသကဲ့သို့ အဝင်အထွက်များမှာလည်း များပြားသဖြင့် စာရင်းကောက်ယူရန် အခက်အခဲရှိသည်ကို နားလည်ပါကြောင်း၊ သက်ဆိုင်ရာ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန တာဝန်ရှိသူများက လူအင်အားစိစစ်ပြီး ဆန်ရိက္ခာ(၁)လစာ ထောက်ပံ့ပေးရန် ညှိနှိုင်း အကြောင်းကြားလာချိန်၌ ရုံးလုပ်ထုံးလုပ်နည်း များနှင့်အညီ ခွင့်ပြုချက်ရယူစေပြီး ထောက်ပံ့ပေးလျက်ရှိပါကြောင်း၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအနေဖြင့် ပြည်နယ်အစိုးရက စိစစ်တောင်းခံမှုတိုင်းအတွက် တိုက်ပွဲရှောင်များအား ထောက်ပံ့ပေးနေသော်လည်း အချို့မီဒီယာများက တိုက်ပွဲရှောင်စုရပ်များတွင် ဆန်ထောက်ပံ့မှုများမရရှိကြောင်း၊ ဆန်ရိက္ခာအခက်အခဲရှိကြောင်း သတင်းထုတ်လွှင့်မှုများလည်းရှိနေကြောင်း၊ သို့ပါ၍ ပြည်ထောင်စုအစိုးရနှင့် ပြည်နယ် အစိုးရတို့၏ တိုက်ပွဲရှောင်များအရေး အလေးထားဆောင်ရွက်နေမှုများအား ပွင့်လင်းမြင်သာစွာ ရှင်းလင်းအသိပေးရမှာဖြစ်ပါကြောင်း၊ ပြည်ထောင်စုအစိုးရနှင့် ပြည်နယ် အစိုးရတို့ပူးပေါင်းပံ့ပိုးမှုလုပ်ငန်းတွင် ရင်ဆိုင်ဖြေရှင်းနေရသည့် စိန်ခေါ်မှုများအားလည်း ညှိနှိုင်း အဖြေရှာ ဖြေရှင်းခြင်း၊ အသိပေးခြင်းတို့ဖြင့် မိမိတို့ အစိုးရ၏ အလေးထားဆောင်ရွက်မှုများအား တိုက်ပွဲရှောင်တို့သိရှိစေရန်အတွက် ဆောင်ရွက်သွားရမည်ဖြစ်၍ ပွင့်ပွင့်လင်းလင်း ဆွေးနွေးသွား ကြရန်ဖြစ် ကြောင်း ပြောကြားခဲ့ပါသည်။

ထို့နောက် ရခိုင်ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးက တိုက်ပွဲရှောင်စုရပ်များတွင် ဆန်ရိက္ခာပြတ်လပ်မှုမရှိစေရေး ပြည်နယ်အစိုးရအနေဖြင့် အလေးထားဆောင်ရွက်လျက်ရှိကြောင်း၊ စာရင်းကောက်ယူမှုနှင့် သွားရောက်ထောက်ပံ့မှုတို့တွင် လုံခြုံရေးကန့်သတ်ချက်အပြင် တိုက်ပွဲရှောင် အဝင် အထွက်များခြင်းကြောင့် စာရင်းကောက်ယူမှု အခက်အခဲရှိခြင်း၊ ဒေသအခြေအနေအပေါ်မူတည်၍ ယာယီခိုလှုံရာနေရာများတွင် တိုက်ပွဲရှောင်များ အဝင်၊ အထွက် မတည်ငြိမ်မှုများကြောင့် ဆန်ဝေချိန်၌ မရှိသူများ နားလည်မှုလွဲခြင်းတို့အားလည်း တွေ့ရှိရကြောင်း၊ အချို့သောစုရပ်များတွင် ဆက်နွယ်ဌာန ဆိုင်ရာများနှင့် ပူးပေါင်းစိစစ်ရခြင်းမျိုးလည်း ရှိကြောင်း၊ ဆက်လက်၍လည်း ဆန်ရိက္ခာထောက်ပံ့မှုကို အလေးထားဆောင်ရွက်သွားမည် ဖြစ်ကြောင်းနှင့် မီဒီယာအချို့တွင် ဖော်ပြနေသည့်သတင်းများနှင့် မြေပြင်အခြေအနေ လွဲမှားနေမှုနှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

ယင်းနောက် တက်ရောက်လာသူများက တိုက်ပွဲရှောင်စုရပ်များတွင် နေရပ်စွန့်ခွာသူများ စာရင်းကောက်ယူရာ၌ ဒေသခံလူမှုအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်နိုင်မည့်အခြေအနေ၊ မီဒီယာများက ပကတိမြေပြင်အခြေအနေပေါ်တွင် ထင်မြင်ယူဆထားသော သတင်းထုတ်ပြန်ချက်များကို တုံ့ပြန် ရှင်းလင်းရာ၌ သတင်းအချက်အလက်များတိကျစေရေး၊စုရပ်များတွင်နေရပ်စွန့်ခွာသူ အရေအတွက်ကို စခန်းတာဝန်ခံနှင့် ကျေးရွာအုပ်ချုပ်ရေးမှူးများက စနစ်တကျစိစစ်ပြီး အဆင့်ဆင့်တင်ပြစေရေး၊ နိုင်ငံတကာအဖွဲ့အစည်းများ၏ ထောက်ပံ့မှုများနှင့် နိုင်ငံတော်အစိုးရ၏ ထောက်ပံ့မှုများ မထပ်စေရန် စိစစ် ဆောင်ရွက်ရေး၊ ထောက်ပံ့မည့်ဆန်များ အရည်အသွေးများပြည့်ဝစေရန် ရခိုင်ပြည်နယ် ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းနှင့် စနစ်တကျ စာချုပ်ချုပ်ဆို ဝယ်ယူထောက်ပံ့ရေး၊ တိုက်ပွဲရှောင်စုရပ်များတွင် ဆန်ရိက္ခာပြတ်လပ်မှု မရှိစေရေးတို့အတွက် ဖြည့်ဆည်းပူးပေါင်းဆောင်ရွက်ရန် လိုအပ်ချက် များကို ဆွေးနွေးခဲ့ကြပါသည်။

ရခိုင်ပြည်နယ်အတွင်း နေရပ်စွန့်ခွာတိုက်ပွဲရှောင်သူများ စတင်များပြားခဲ့သည့် ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလမှစ၍ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့ ်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအနေဖြင့် ပြည်နယ်အစိုးရနှင့်အတူ ဆန်ရိက္ခာနှင့် လိုအပ်ချက်အရ အခြားထောက်ပံ့မှုများကို စဉ်ဆက်မပြတ် ဆောင်ရွက် လျက်ရှိရာ ၂၀၂၀ပြည့်နှစ်၊ ဒီဇင်ဘာလထိ ဆန်ရိက္ခာဖိုး ငွေကျပ် ဘီလီယံ (၅.၇၃၉) နှင့် အခြားထောက်ပံ့မှုများအတွက် ငွေကျပ်(၂၄၅)သန်းကျော်၊ စုစုပေါင်း ငွေကျပ် (၆) ဘီလီယံနီးပါး သုံးစွဲထောက်ပံ့ခဲ့ပြီးဖြစ်ပြီး လိုအပ်ချက်အရ ဆက်လက်ထောက်ပံ့သွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

#hl1_otr

#npw_dec2020

Source:  MOSWRR

Sign Up

Upcoming Events