အိန္ဒိယနိုင်ငံ၊ ပို့ဘလဲယားမြို့ရှိ အကျဉ်းထောင်တွင် ပြစ်ဒဏ်ကျခံပြီး မြန်မာနိုင်ငံသား မှန်ကန်ကြောင်း အတည်ပြုပြီးသူ မြန်မာရေလုပ်သား (၄၁၁) ဦးကို ပြန်လည်ခေါ်ယူရေးအတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနသည် နိုင်ငံခြားရေးဝန်ကြီးဌာန၊ အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံရုံးနှင့် ကောင်စစ်ဝန်ရုံး၊ ပြည်ထဲရေးဝန်ကြီးဌာန၊ မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြန်ကြားရေးဝန်ကြီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာန၊ တိုင်းဒေသကြီး/ ပြည်နယ်အစိုးရ အဖွဲ့တို့နှင့် ပူးပေါင်းဆောင်ရွက်ခဲ့ပါသည်။ ရေလုပ်သားများအား ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအောင်ခိုင်ဦးစီးပြီး လူမှုဝန်ထမ်းဦးစီးဌာနမှ (၁) ဦး၊ လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာနမှ (၂) ဦး၊ ကျန်းမာရေးဦးစီးဌာနမှ (၁) ဦး၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ (၂) ဦး၊ စုစုပေါင်း (၈) ဦး ပါဝင်သော ကိုယ်စားလှယ်အဖွဲ့မှ ၂၀၁၅ ခုနှစ်၊ ဇန်နဝါရီလ (၁၇) (၁၈) (၁၉) ရက်နေ့များတွင် အိန္ဒိယနိုင်ငံ၊ ပို့ဘလဲယားမြို့သို့ အပြည်ပြည်ဆိုင်ရာမြန်မာ့လေကြောင်း (MAI) မှ စင်းလုံငှားလေယာဉ်ဖြင့် (၃) ခေါက် သွားရောက်ခေါ်ယူခဲ့ပါသည်။
ယင်းနောက် ရေလုပ်သားများအား မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးခင်မောင်အေး၊ ရေလုပ်သားများ၏ နေရပ်ဒေသများဖြစ်သော ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်တို့မှ အစိုးရအဖွဲ့ကိုယ်စားလှယ်များ၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး၊ ဦးချွမ်ဟရဲနှင့် ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူး၊ လူမှုဝန်ထမ်းဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူး၊ မြန်မာနိုင်ငံပင်လယ်ငါးဖမ်းလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံငါးလုပ်ငန်း အဖွဲ့ချုပ်မှ တာဝန်ရှိသူမျာနှင့် ရေလုပ်သားများ၏ မိသားစုများမှ ကြိုဆိုခဲ့ကြပါသည်
ပြန်လည်ရောက်ရှိခဲ့သည့် ရေလုပ်သား (၄၁၁) ဦးမှာ ဧရာဝတီတိုင်းဒေသကြီးမှ (၃၅၆) ဦး၊ တနင်္သာရီတိုင်းဒေသကြီးမှ (၄) ဦး၊ ရန်ကုန်တိုင်းဒေသကြီးမှ (၁) ဦး၊ ရခိုင်ပြည်နယ်မှ (၅၀) ဦးတို့ ဖြစ်ပါသည်။ ၎င်းရေလုပ်သားများအား မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးခင်မောင်အေး၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအောင်ခိုင်နှင့် မြန်မာနိုင်ငံပင်လယ်ငါးဖမ်းလုပ်ငန်းရှင်များအသင်းတာဝန်ရှိသူများမှ လိုအပ်သည်များ မှာကြားခဲ့ပါသည်။
ရေလုပ်သားများအား ပြန်လည်ခေါ်ယူသည့် လေယာဉ်ခကျသင့်ငွေများကို ကမ္ဘောဇအုပ်စုမှ လေယာဉ် (၁) ခေါက်စာလှူဒါန်းခဲ့ပြီး နိုင်ငံတော်အစိုးရမှ လေယာဉ် (၂) ခေါက်စာ ထောက်ပံ့ခဲ့ပါသည်။ ပြန်လည်ရောက်ရှိသည့် ရေလုပ်သားများအား မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာနမှ တစ်ဦးလျှင် (၁၀၀၀၀) ကျပ်နှုန်း၊ မြန်မာနိုင်ငံပင်လယ်ငါးဖမ်းလုပ်ငန်းရှင်များအသင်းမှ တစ်ဦးလျှင် (၁၀၀၀၀) ကျပ်နှုန်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနမှ တစ်ဦးလျှင် ကျားလုံချည် (၁) ထည်၊ တီရှပ် (၁) ထည်၊ တဘက် (၁) ထည်နှုန်း၊ MAI လေကြောင်းလိုင်းမှ တီရှပ် (၁၅၀) ထည်၊ ကမ္ဘောဇအုပ်စုမှ တီရှပ် (၁၅၀) ထည်နှင့် ရေလုပ်သားများအတွက် ပြည်တွင်းခရီးစရိတ်နှင့် စားစရိတ်ကုန်ကျငွေများကို ရေလုပ်သားများ၏ နေရပ်ဒေသများဖြစ်သော ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်အစိုးရအဖွဲ့တို့မှ လှူဒါန်းထောက်ပံ့ခဲ့ပါသည်။
ယင်းနောက် ရေလုပ်သားများအား မြန်မာနိုင်ငံရဲသတင်းတပ်ဖွဲ့၊ လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာနနှင့် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနတို့မှ လိုအပ်သည်များစစ်ဆေးခဲ့ပြီး သက်ဆိုင်ရာဒေသအသီးသီးသို့ အစိုးရအဖွဲ့ကိုယ်စားလှယ်များ၏ ဦးဆောင်မှုဖြင့် နေ့ချင်းရောက်ပြန်လည်စေလွှတ်ပြီး မိသားစုများနှင့် ပေါင်းစည်းရေးအတွက် အစိုးရအဖွဲ့ ကိုယ်စားလှယ်များမှ အိမ်တိုင်ရာရောက် ပို့ဆောင်ပေးခဲ့ပါသည်။