
ဒီဇင်ဘာ၊ ၂၁၊ နေပြည်တော်
ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် ယနေ့နံနက်ပိုင်းတွင် ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပု၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေး မှူးချုပ်များ၊ ဌာနဆိုင်ရာကိုယ်စားလှယ်များ၊ IDP စခန်း ကိုယ်စားလှယ်များနှင့်အတူ ယနေ့ နံနက်ပိုင်းတွင်ပြုလုပ်ခဲ့သည့် ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ် ကျောက်တစ်လုံး IDP စခန်းတွင် နေထိုင်သူများအား ပြန်လည်နေရာချထားရေးနှင့် စခန်းပိတ်သိမ်းရေးဆိုင်ရာ ညှိနှိုင်းအစည်းအဝေး သို့ Virtual Meeting ဖြင့် တက်ရောက်ခဲ့ပါသည်။
အစည်အဝေးတွင် ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်အစိုးရအနေဖြင့် ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို အစဉ်တစိုက်ကြိုးစားဆောင်ရွက်နေပါကြောင်း၊ ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်မှုများ ရရှိစေရန် မူဝါဒ၊ ဥပဒေ၊ မဟာဗျူဟာများနှင့်အညီ ပြည်ထောင်စုအစိုးရနှင့် ပြည်နယ်အစိုးရတို့က ဒေသခံလူမှုအဖွဲ့အစည်းများ၊ ပြည်သူများနှင့်အတူ ပူးပေါင်းဆောင်ရွက်နေကြပါကြောင်း၊ ပြည်တွင်းနေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေး နှင့် ယာယီခိုလှုံရာစခန်းများပိတ်သိမ်းရေးဆိုင်ရာ အမျိုးသားအဆင့်မဟာဗျူဟာသည် ပြည်တွင်း၊ ပြည်ပသဘောတူညီချက်ရရှိထားပြီး တစ်နိုင်ငံလုံးအတွက် ချမှတ်ထားသော မဟာဗျူဟာ ဖြစ်ပါ ကြောင်း၊ ရခိုင်ပြည်နယ်အတွက်သာမက ကချင်၊ ကရင်၊ ချင်းနှင့် ရှမ်းပြည်နယ်တို့ရှိ ပြည်တွင်း နေရပ်စွန့်ခွာရသူများ ပြန်လည်နေရာချထားနိုင်ရေးအတွက်လည်း ကြိုးစားဆောင်ရွက်နေခြင်း ဖြစ်ကြောင်း၊ ကုလသမဂ္ဂ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့်လည်း ပူးပေါင်းဆောင်ရွက်နေပါ ကြောင်း၊ မဟာဗျူဟာအရ လုပ်ငန်းစီမံချက်များ ရေးဆွဲခြင်းနှင့် အကောင်အထည်ဖော်ခြင်း အတွက် နိုင်ငံတကာပညာရှင်များနှင့်လည်း ပူးပေါင်းဆောင်ရွက်နေပါကြောင်း၊ လက်ရှိတွင် ရခိုင် ပြည်နယ်အတွင်းရှိ ကျောက်ဖြူ၊ ရမ်းဗြဲ၊ ကျောက်တော်၊ပေါက်တောနှင့် မြေပုံမြို့နယ်(၅)မြို့နယ်မှ ကညင်တော၊ ကျောက်နီမော် (ကမန်)၊ နိဒင်၊ မင်းသာဖ၊ တောင်ပေါ် စသော စခန်း(၅)ခုမှ လူဦးရေ(၄,၆၈၆)ဦးတို့အား ပြန်လည်နေရာချထားပေးပြီး စခန်းများပိတ်သိမ်းနိုင်ခဲ့ပါကြောင်း၊ ကျောက်ဖြူမြို့နယ်၊ ကျောက်တစ်လုံး IDP စခန်းနှင့် ပတ်သက်၍ လိုအပ်သည့် စီမံချက်လည်း ရေးဆွဲထားပြီးဖြစ်ပါကြောင်း၊ ရခိုင်ပြည်နယ်အနေဖြင့်လည်း ပြည်တွင်းနေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေးနှင့် ယာယီခိုလှုံရာစခန်းများ ပိတ်သိမ်းရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာအရ ပြည်နယ်အဆင့်ကော်မတီကို ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလတွင် ဖွဲ့စည်းခဲ့ပြီး ဖြစ်ပါကြောင်း၊ ကျောက်တစ်လုံး IDP စခန်း ပိတ်သိမ်းနိုင်ရေးအတွက် ပြည်ထောင်စု အစိုးရ၊ ပြည်နယ်အစိုးရတို့က စခန်းနေ နေရပ်စွန့်ခွာရသူများနှင့်လည်း ဆွေးနွေးညှိနှိုင်းမှုများ အကြိမ်ကြိမ်ဆောင်ရွက်ခဲ့ပါကြောင်း၊ UEHRD က ကိုယ်စားလှယ်များနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန တာဝန်ရှိသူများကလည်း ကွင်းဆင်းစစ်ဆေးမှုများ ဆောင်ရွက်ခဲ့ကြပါကြောင်း၊ COVID-19 ကပ်ရောဂါ စတင်ဖြစ်ပွားချိန်တွင်လည်း တစ်ဦး ၏တစ်ယောက်မျှ မကျန်ရစ်စေရ မူဖြင့် နေရပ်စွန့်ခွာသူများအတွက် ဦးစားပေးစဉ်းစားခဲ့ပြီး ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများကို အထူးစီမံချက် ရေးဆွဲဆောင်ရွက်ခဲ့ပါကြောင်း၊ ဆောင်ရွက်ဆဲ MCCT အစီအစဉ်အရ စခန်းများရှိ ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့က မွေးဖွားသော (၂)နှစ်အောက် ကလေးငယ်များအား ထပ်ဆောင်း ထောက်ပံ့ခဲ့ပါကြောင်း၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနကလည်း CERP အစီအစဉ်အရ IDP စခန်းများတွင် အိမ်ထောင်စု(၁)စုလျှင် တစ်ကြိမ်လျှင် (၄၀၀၀ဝိ/-)နှုန်းဖြင့် ထောက်ပံ့ခဲ့ပါကြောင်း၊ ဆက်လက်၍ နိုင်ငံတကာအလှူရှင်များ၏ ထောက်ပံ့မည့်အစီအစဉ်များကို လည်း ချမှတ်ထားပြီးဖြစ်ပါကြောင်း၊ စခန်းနေ နေရပ်စွန့်ခွာသူများအနေဖြင့် မဟုတ်မမှန် အထင်အမြင်လွဲမှားနိုင်သည့် ကောလာဟလ သတင်းများ၊ သွေးထိုးနှောင့်ယှက်မှုများကို နားယောင်နေပါက လုပ်ငန်းဆောင်ရွက်မှု နှောင့်နှေးခက်ခဲနိုင်ကြောင်း၊ စခန်းနေ နေရပ်စွန့်ခွာသူ များ၏ အပြုသဘောဆောင်သော ပူးပေါင်းဆောင်ရွက်မှုများရှိရန် အရေးကြီးပါကြောင်း၊ ကျောက်တစ်လုံး IDP စခန်းပိတ်သိမ်းရေးနှင့် နေရပ်စွန့်ခွာသူများပြန်လည်နေရာချထားရေး အတွက် လက်ရှိဆောင်ရွက်နေသောလုပ်ငန်းများနှင့် ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များ အား ဝိုင်းဝန်းဆွေးနွေးပေးကြစေလိုကြောင်း ပြောကြားခဲ့ပါသည်။
ထို့နောက် ရခိုင်ပြည်နယ်ဝန်ကြီးချုပ်က ရခိုင်ပြည်နယ်အတွင်းရှိ လက်ရှိအခြေအနေများ နှင့် IDP စခန်း ပိတ်သိမ်းရေးဆောင်ရွက်ရာတွင် စခန်းနေ နေရပ်စွန့်ခွာသူများ၏ သဘောဆန္ဒ များအား ဦးစားပေးဆောင်ရွက်ရမည်ဖြစ်သကဲ့သို့ ဒေသခံလူမှုအသိုက်အဝိုင်းက လက်ခံနိုင်ရန် လည်းလိုအပ်သဖြင့် အကြိမ်ကြိမ်ဆွေးနွေးမှုများ အချိန်ယူပြုလုပ်ခဲ့ပြီး ညှိနှိုင်းဆောင်ရွက်နေပါ ကြောင်း၊ စခန်းပိတ်သိမ်းရေးကြိုးပမ်းမှုနှင့်အတူ ဒေသဖွံ့ဖြိုးတိုးတက်ရေးကိုလည်း ဦးစားပေး အလေးထား ဆောင်ရွက်လျက်ရှိကြောင်း၊ မြေယာကိစ္စများ ဖြေရှင်းဆောင်ရွက်ပြီးပါက ပြန်လည် နေရာချထားမည့် နေရာပတ်ဝန်းကျင်တွင် အဝေးပြေးယာဉ်ရပ်နားစခန်းတစ်ခု တည်ဆောက်ရေး နှင့်အတူ ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆက်လက်အကောင်အထည်ဖော်မည်ဖြစ်ကြောင်း၊ ယခုအချိန် တွင် COVID-19 ရောဂါ ဖြစ်ပွားနေမှုကြောင့် လုပ်ငန်းကြန့်ကြာမှုများလည်း တွေ့ရှိနေရကြောင်း ပြောကြားခဲ့ပါသည်။
ဆက်လက်၍ ရခိုင်ပြည်နယ်အစိုးရအဖွဲ့၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး၊ လျှပ်စစ်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးတို့က ပြန်လည်နေရာချထားရေးအတွက် ကွင်းဆင်း ညှိနှိုင်းဆောင်ရွက်မှုအခြေအနေများ၊ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းတင်ပြခဲ့ကြပါသည်။
ကျောက်တစ်လုံး IDP စခန်းရှိ နေရပ်စွန့်ခွာသူကိုယ်စားလှယ်များကလည်း ၎င်းတို့၏ အခက်အခဲများ၊ ပြန်လည်နေရာချထားရေးအတွက် ဆန္ဒသဘောထားများကို ထုတ်ဖော် ဆွေးနွေးခဲ့ကြရာ ဒုတိယဝန်ကြီးနှင့် အမြဲတမ်းအတွင်းဝန်တို့က မဟာဗျူဟာပါ လုပ်ငန်းစီမံချက် များသည် ဒေသအလိုက်၊ စခန်းများအလိုက် လိုအပ်ချက်အရ ဆောင်ရွက်ရသည်ဖြစ်၍ ကျောက်ဖြူမြို့၊ ကျောက်တစ်လုံး IDP စခန်း၏ လိုအပ်ချက်များကို ဆန်းစစ်ဖော်ထုတ်ပြီး ညှိနှိုင်း ဆောင်ရွက်နေကြခြင်းဖြစ်ကြောင်း၊ စခန်းရှိ နေရပ်စွန့်ခွာသူများဘေးကင်းလုံခြုံ၍ ဂုဏ်သိက္ခာရှိပြီး မှီခိုမှုကင်းသော ဘဝများကို ပြန်လည်တည်ဆောက်ပေးမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြား ကြပါသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကားပြောကြားရာတွင် ယခုဆွေးနွေးပွဲ တွင် တက်ရောက်လာကြသူများက ပွင့်ပွင့်လင်းလင်းဆွေးနွေးနိုင်ခဲ့ကြခြင်းသည် ရှေ့ဆက်ရမည့် လုပ်ငန်းစဉ်များအတွက် အထောက်အကူဖြစ်ပါကြောင်း၊ အမျိုးသာအဆင့်မဟာဗျူဟာအရ ပြန်လည်နေရာချထားရေး၊ စခန်းပိတ်သိမ်းရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ဒေသဖွံ့ဖြိုး တိုးတက်ရေးကိုလည်း ပူးတွဲဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ တရားဥပဒေစိုးမိုးရေးနှင့် ဘေးကင်း လုံခြုံရေးတို့ကို ထည့်သွင်းစဉ်းစား ဦးစားပေးဆောင်ရွက်ရန် ဖြစ်ပါကြောင်း၊ ဆွေးနွေးသူများက မိမိတို့၏ ယူဆချက်များကို တရားသေစွဲကိုင်ထားခြင်းမရှိဘဲ အပြုသဘောဆောင်သည့် ဘုံသဘောတူညီချက် တစ်ခုရရှိရန်ကြိုးစားညှိနှိုင်းကြရန် လိုအပ်ကြောင်း၊ ဤလုပ်ငန်းစဉ်သည် ချက်ချင်း ပြီးစီးအောင်မြင်စွာ ဆောင်ရွက်နိုင်ရန် ခက်ခဲသော်လည်း မိမိတို့ရည်မှန်းထားသည့် ဒေသဖွံ့ဖြိုးရေးကိစ္စများကို စဉ်ဆက်မပြတ် ဦးစားပေးအလေးထား ဆောင်ရွက်သွားမည်ဖြစ် ကြောင်း၊ အစိုးရ၏ သဘောထားအမှန်၊ စာနာနားလည်မှု၊ စနစ်တကျ ရေရှည်တည်တံ့မည့် ပူးပေါင်းစီမံဆောင်ရွက်မှုများဖြင့် အမျိုးသားအဆင့် မဟာဗျူဟာနှင့် ညီညွတ်သော ကျောက်တစ်လုံး IDP စခန်း ပြန်လည်နေရာချထားရေးနှင့် ပိတ်သိမ်းရေးကို အောင်မြင်စွာ ဆောင်ရွက်နိုင်ရန် မျှော်လင့်ကြောင်း၊ အချိန်ယူ၍ ဆက်လက်ညှိနှိုင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။
#hl1
#npw_dec2020
Source: MSWRR