ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး လူကုန်ကူးခံရသူများအား ပြန်လည်လက်ခံရေး၊ ပြန်လည်ဝင်ဆံ့ပေါင်းစည်းရေးနှင့်ပြန်လည်ထူထောင်ရေးဆိုင်ရာ အမျိုးသားအဆင့် စံလုပ်ငန်းအစီအစဉ် အကောင်အထည်ဖော်ရေး ညှိနှိုင်းဆွေးနွေး

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးဒေါက်တာဝင်းမြတ်အေးသည် လူကုန်ကူးခံရသူများအား ပြန်လည်လက်ခံရေး၊ ပြန်လည်ဝင်ဆံ့ပေါင်းစည်းရေးနှင့် ပြန်လည်ထူထောင်ရေးဆိုင်ရာ အမျိုးသားအဆင့် စံလုပ်ငန်းအစီအစဉ် အကောင်အထည်ဖော်ရေး လုပ်ငန်းညှိနှိုင်းဆွေးနွေးခြင်းကို ယနေ့ မွန်းလွဲပိုင်းက Video Conferencing စနစ်ဖြင့် ပြုလုပ်ခဲ့ပါသည်။

အဆိုပါအစည်းအဝေးသို့ ဒုတိယဝန်ကြီးဦးစိုးအောင်၊ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး/ ပြည်နယ် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးများ၊ လူမှုရေးဝန်ကြီးများ၊ အမြဲတမ်း အတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြ ပါသည်။

ပြည်ထောင်စုဝန်ကြီးက မိမိတို့ ကြုံတွေ့နေရသည့် COVID – 19 ကပ်ရောဂါသည် ကျန်းမာရေးပြဿနာ သာမက လတ်တလောနှင့် ရေရှည်တွင်ပါ လူမှုရေး၊ စီးပွားရေးတို့ကို ထိခိုက်သက်ရောက်မှု ရှိပါကြောင်း၊ အစိုးရအနေဖြင့် COVID – 19 စီးပွားရေးထိခိုက်မှု သက်သာရေးစီမံချက်ကို ဖော်ဆောင်လျက်ရှိပါကြောင်း၊ စီမံချက်တွင် မည်သူတစ်ဦး တစ်ယောက်မျှ မကျန်ရှိစေရေးဆိုသည့်မူ ပါရှိပါကြောင်း၊ အစိုးရအနေနှင့်လည်း လူတိုင်း လုံခြုံစွာဖွံ့ဖြိုးတိုးတက်ရေးကို ဦးတည်လျက်ရှိပါကြောင်း၊ COVID – 19 ၏ စီးပွားရေး သက်ရောက်မှုများသည် လူတစ်ဦးတစ်ယောက်ချင်းစီနှင့် အိမ်ထောင်စုများတွင် ကြုံတွေ့ နေရခြင်းဖြစ်၍ ပြဿနာကိုဖြေရှင်းရာတွင် အမျိုးသားရေး စိတ်ဓာတ်၊ စာနာရိုင်းပင်းမှု၊ သတိ၊ လုံ့လဝီရိယရှိမှု၊ ထိုးထွင်းကြံဆနိုင်မှုများနှင့် အခက်အခဲများကို အောင်မြင်စွာကျော်ဖြတ်နိုင် ရန် အရေးကြီးကြောင်း၊ COVID – 19 ကာလတွင် ပုံမှန်အလုပ်အကိုင်များ အခက်အခဲရှိလာ ခြင်း၊ အွန်လိုင်းအသုံးပြုမှု များပြားလာသည်နှင့်အမျှ လိမ်ညာလှည့်ဖြားမှုများ ပိုမိုဖြစ်လာ နိုင်ခြင်းတို့ကြောင့် ပြည်တွင်း၌ပင် လူကုန်ကူးခံရခြင်းများ ပိုမိုများပြားလာနိုင်ကြောင်း၊ လူကုန်ကူးခံရသူများသည် အမျိုးသမီးငယ်ရွယ်သူများနှင့် အမျိုးသမီးများ၊ ကလေးသူငယ်နှင့် လူငယ်များ အများစုဖြစ်ကြပါကြောင်း၊  အမျိုးသမီးများသာမက အမျိုးသားများလည်း  ပါဝင်သည်ကို သတိရှိဖို့လိုပါကြောင်း၊ လူကုန်ကူးမှုပြဿနာကို တားဆီးကာကွယ်ရန် လိုအပ်သလို လူကုန်ကူးခံရသူများကို ပြန်လည်လက်ခံရေး၊ ပြန်လည်ဝင်ဆံ့ပေါင်းစည်းရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများသည် အစိုးရအနေဖြင့် မလွဲမသွေ တာဝန်ယူဆောင်ရွက် ရမှာ ဖြစ်ပါကြောင်း၊ အကောင်အထည်ဖော်ဆောင်ရွက်မှုကိစ္စများကို ဥပဒေနှင့်အညီ ဆောင်ရွက်ရမှာ ဖြစ်ကြောင်း၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေး ဥပဒေပါ ပြဌာန်းချက် များကို ထိရောက်စွာ အကောင်အထည်ဖော်နိုင်ရန် လူကုန်ကူးမှုတားဆီး ကာကွယ်ရေး ဗဟိုအဖွဲ့ကို ပြည်ထောင်စုဝန်ကြီး၊ ပြည်ထဲရေးဝန်ကြီးဌာနက ဥက္ကဌအဖြစ် ဆောင်ရွက်လျက် ရှိပါကြောင်း၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေးနှင့် လူကုန်ကူးမှု ခံရသူများအား အကာအကွယ်ပေးရေးလုပ်ငန်းအဖွဲ့၊ ဥပဒေရေးရာနှင့် တရားစွဲဆိုရေးဆိုင်ရာ လုပ်ငန်းအဖွဲ့၊ လူကုန်ကူးခံရသူများကို ပြန်လည်လက်ခံရေး၊ ပြန်လည်ဝင်ဆံ့ပေါင်းစည်းရေးနှင့် ပြန်လည် ထူထောင်ရေးလုပ်ငန်းအဖွဲ့ အဖွဲ့ခွဲ (၃)ခုကို ဖွဲ့စည်းထားရှိပြီး နေပြည်တော်ကောင်စီ၊ ပြည်နယ်နှင့်တိုင်း၊ ခရိုင်နှင့် မြို့နယ်အထိ လူကုန်ကူးမှုတားဆီးကာကွယ်ရေးအဖွဲ့များကို ဖွဲ့စည်းဆောင်ရွက်လျက် ရှိပါကြောင်း၊ မိမိတို့ဝန်ကြီးဌာနအနေဖြင့် လူကုန်ကူးခံရသူများကို ပြန်လည်လက်ခံရေး၊ ပြန်လည်ဝင်ဆံ့ပေါင်းစည်းရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်း အဖွဲ့တွင် ဒုတိယဝန်ကြီးက ဥက္ကဌအဖြစ် ဆောင်ရွက်လျက်ရှိပြီး လုပ်ငန်းအဖွဲ့ဝင်ဌာနများ၊ ဆက်စပ်ဌာနများ၊ လူမှုရေးအဖွဲ့အစည်းများ၊ အပြည်ပြည်ဆိုင်ရာ ကုလမဂ္ဂအဖွဲ့အစည်းများ၊ နိုင်ငံတကာအစိုးရမဟုတ်သောအဖွဲ့အစည်းများနှင့် ပူးပေါင်းပြီး ဆောင်ရွက်လျက်ရှိပါ ကြောင်း၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေးဗဟိုအဖွဲ့က ဦးဆောင်ပြီး ရေးဆွဲထားရှိသည့် လူကုန်ကူးမှုတိုက်ဖျက်ရေးဆိုင်ရာ (၅)နှစ်စီမံကိန်းများ၏ နှစ်စဉ်လုပ်ငန်းစီမံချက်ပါ လုပ်ငန်းရပ်များကို ရာနှုန်းပြည့် အောင်မြင်အောင် ကြိုးပမ်းဆောင်ရွက်နေပါကြောင်း၊ ထို့အပြင် လုပ်ငန်းစဉ်များကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ၂၀၁၂ ခုနှစ်တွင် လူကုန်ကူးခံရသူများအား ပြန်လည်လက်ခံရေး၊ မိဘရပ်ထံပြန်လည်အပ်နှံရေးနှင့် မိသားစုနှင့် ပြန်လည်ဝင်ဆံ့ပေါင်းစည်းရေးဆိုင်ရာ အမျိုးသားလုပ်ငန်းလမ်းညွှန်ကို ရေးဆွဲဖော်ထုတ်ခဲ့ပါ ကြောင်း၊ သို့သော်လည်း ၎င်းလုပ်ငန်းလမ်းညွှန်အရ အကောင်အထည်ဖော်ရာတွင် လူကုန်ကူးမှုတိုက်ဖျက်ရေး လုပ်ငန်းဆောင်ရွက်နေသူများနှင့် ဝန်ဆောင်မှုပေးနေသူများ အနေဖြင့် ၎င်းတို့၏ အခန်းကဏ္ဍ၊ လုပ်ငန်းတာဝန်များနှင့် ဆောင်ရွက်ပေးရမည့် ဝန်ဆောင်မှုများကို ရှင်းလင်းတိကျစွာသိရှိစေရန်၊  ဝန်ဆောင်မှုပေးနေသူများအကြား ပူးပေါင်းချိတ်ဆက်ဆောင်ရွက်ခြင်းဖြင့် လူကုန်ကူးခံရသူများ၏ လိုအပ်ချက်များကို အချိန်နှင့် တပြေးညီ ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရန်တို့အတွက် လူကုန်ကူးခံရသူများအား ပြန်လည် လက်ခံရေး၊ ပြန်လည်ဝင်ဆံ့ပေါင်းစည်းရေးနှင့် ပြန်လည်ထူထောင်ရေးဆိုင်ရာ အမျိုးသား အဆင့် စံလုပ်ငန်းအစီအစဉ်ကိုထပ်မံ ရေးဆွဲခဲ့ပါကြောင်း၊ ထိုစံလုပ်ငန်းစဉ်များအတိုင်း ဆက်လက်ဆောင်ရွက်ရန် ဖြစ်ပါကြောင်း၊ ကမ္ဘာ့နိုင်ငံအသီးသီး၏ လူကုန်ကူးမှုတိုက်ဖျက်ရေး လုပ်ငန်းများနှင့်စပ်လျဉ်းပြီး အမေရိကန်နိုင်ငံကလူကုန်ကူးခံရသူများ ကာကွယ် စောင့်ရှောက်ရေး အက်ဥပဒေပါစံနှုန်းများနှင့် ကိုက်ညီမှု ရှိ မရှိ တိုင်းတာ၍ နှစ်စဉ် အစီရင်ခံစာများ ထုတ်ပြန်ပြီး  အဆင့်များသတ်မှတ်ကာ အကြံပြုချက်များကို ကြေညာလေ့ ရှိပါကြောင်း၊ ၂၀၂၀ခုနှစ်၏ အစီရင်ခံစာတွင် မြန်မာနိုင်ငံသည် လူကုန်ကူးမှုတိုက်ဖျက်ရေး ကြိုးပမ်း ဆောင်ရွက်မှုများနှင့်စပ်လျဉ်း၍ တိုးတက်မှုလိုအပ်ချက် ရှိနေကြောင်းနှင့် အကြံပြုချက် (၁၃)ချက်ကိုထုတ်ပြန်ခဲ့ပါကြောင်း၊ မြန်မာနိုင်ငံသည် အိမ်နီးချင်းနိုင်ငံများ နှင့်သာမက ဒေသတွင်းနိုင်ငံများနှင့်ပါ လူကုန်ကူးမှု တိုက်ဖျက်ရေးလုပ်ငန်းများကို လက်တွဲ ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း၊  မိမိတို့၏ ဆောင်ရွက်ချက်များကို ပေါ်လွင်အောင် ဖော်ပြဖို့လိုပါကြောင်း၊ လူကုန်ကူးခံရသူများအား ကာကွယ်စောင့်ရှောက်ရေး၊ ပြန်လည် လက်ခံရေး၊ ပြန်လည်ဝင်ဆံ့ပေါင်းစည်းရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင် အတည်ပြုဖြန့်ချိပြီးဖြစ်သော ကူကုန်ကူးခံရသူများအား ပြန်လည်လက်ခံရေး၊ ပြန်လည်ဝင်ဆံ့ ပေါင်းစည်းရေးနှင့် ပြန်လည်ထူထောင်ရေးဆိုင်ရာ အမျိုးသားအဆင့်စံလုပ်ငန်း အစီအစဉ် နှင့်အညီ အကောင်းဆုံးအကျိုးစီးပွားကို ဖော်ဆောင်ပေးနိုင်ရန်နှင့်တပြေးညီဝန်ဆောင်မှုများ ရရှိနိုင်ရန်အတွက်  အကောင်အထည်ဖော်ဆောင်ရွက်နေသည့် လုပ်ငန်းများ၏ အားသာချက်၊ အားနည်းချက်များ၊ ရှေ့ဆက်ဆောင်ရွက်မည့်လုပ်ငန်းများနှင့် မူဝါဒပိုင်းဆိုင်ရာများတွင် အကြံပြု ဆွေးနွေးပေးကြစေလိုကြောင်း၊ လူကုန်ကူးခံရသူများနှင့် ပတ်သက်သောလုပ်ငန်း စဉ်တွင် ပြန်လည်လက်ခံရေး၊ ပြန်လည်ဝင်ဆံ့ပေါင်းစည်းရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများ အောင်မြင်အောင် ဆောင်ရွက်နိုင်ခြင်းသည် လူကုန်ကူးမှု ထပ်မံ မဖြစ်ပွား စေအောင် တားဆီးကာကွယ်ရေး လုပ်ငန်းစဉ်များအပေါ် သက်ရောက်မှုရှိမည်ဖြစ်ပြီး  ဥပဒေရေးရာနှင့် တရားစွဲဆိုရေးဆိုင်ရာလုပ်ငန်းစဉ်များကို ပြည်သူလူထု ကျယ်ကျယ်ပြန့်ပြန့် သိရှိခြင်းအားဖြင့် လူကုန်ကူးမှုများ လျော့နည်း ပပျောက်ရေးကို အထောက်အကူပြုမည် ဖြစ်ကြောင်း၊ ထို့ကြောင့် လုပ်ငန်းကော်မတီ (၃) ခု ညီညွှတ်တက်ကြွစွာ ပူးပေါင်းဆောင်ရွက် ကြရန် လိုပါကြောင်း၊ ထို့အပြင် ပြည်သူလူထုအခြေပြု လူကုန်ကူးမှုဆိုင်ရာ စောင့်ကြည့်ရေး အဖွဲ့များတွင် ပါဝင်ကြသော သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူးများ၊ ပူးပေါင်းဆောင်ရွက်ကြသော အရန်မီးသတ်၊ ကြက်ခြေနီ၊ အမျိုးသမီး ကော်မတီအဖွဲ့ဝင်များနှင့် သက်ဆိုင်ရာနယ်ထိန်း ရဲတပ်ဖွဲ့ဝင်များသည် ပြည်သူများနှင့် အနီးစပ်ဆုံးတွင်ရှိကြသည့်အတွက် ၎င်းတို့၏ အခန်းကဏ္ဍသည် လူကုန်ကူးမှုတားဆီး ကာကွယ်ရေးတွင် အလွန်အရေးပါပြီး  လူကုန်ကူးခံရသူများ ပြန်လည်လက်ခံရေး၊ ပြန်လည်ဝင်ဆံ့ပေါင်းစည်းရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းဆိုင်ရာ စံလုပ်ငန်းစဉ်များ အကောင်အထည်ဖော် အောင်မြင်ရေးအတွက် များစွာ အထောက်အကူပြုမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

ထို့နောက် ပြန်လည်ထူထောင်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူချုပ်က လူကုန်ကူး ခံရသူများအား ပြန်လည်လက်ခံရေး၊ ပြန်လည်ဝင်ဆံ့ပေါင်းစည်းရေးနှင့်ပြန်လည် ထူထောင်ရေးဆိုင်ရာ အမျိုးသားအဆင့် စံလုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြခဲ့ပါသည်။

ဆက်လက်၍ တက်ရောက်လာကြသူများက နေပြည်တော်ကောင်စီ၊ ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက်အမျိုးသားအဆင့်စံလုပ်ငန်းစဉ်နှင့်ပတ်သက်၍ အကောင်အထည်ဖော် ဆောင်ရွက်နိုင်မည့်ကိစ္စရပ်များ၊ လက်ရှိ ကြုံတွေ့ရသည့် စိန်ခေါ်မှုများနှင့် အခက်အခဲများကို တင်ပြဆွေးနွေးကြပါသည်။

ထို့နောက်  ပြန်လည်ထူထောင်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ လူမှုဝန်ထမ်း ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ အမြဲတမ်းအတွင်းဝန်တို့က တင်ပြချက်များနှင့် ပတ်သက်၍ ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြပါသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးဦးစိုးအောင်က တင်ပြချက်များကို ခြုံငုံသုံးသပ်ပြီး ရှေ့လုပ်ငန်းစဉ်များကို အကြံပြုဆွေးနွေးခဲ့ပါသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်စကားပြောကြားရာတွင် လူကုန်ကူးမှု တားဆီးကာကွယ်ရေးနှင့် ပြန်လည်ထူထောင်ရေးဆိုင်ရာလုပ်ငန်းသည် အစိုးရ၏ ဦးစားပေး လုပ်ငန်းစဉ်တစ်ရပ်ဖြစ်ကြောင်း၊ မိမိတို့ တာဝန်ရှိသူများက ကျယ်ကျယ်ပြန့်ပြန့် အသိပညာ ပေးခြင်းကို ထိရောက်စွာ ဆောင်ရွက်ကြရန်လိုကြောင်း၊ ပြည်သူလူထုအခြေပြု လူကုန်ကူးမှု ဆိုင်ရာ စောင့်ကြည့်ရေးအဖွဲ့များ၊ လူမှုဝန်ထမ်းနှင့် ပြန်လည်ထူထောင်ရေးဆိုင်ရာ တာဝန်ရှိ သူများက ပြည်သူများနှင့် ပူးပေါင်းဆောင်ရွက်ကြပြီး ယနေ့ မိတ်ဆက်ရှင်းလင်းသော လူကုန်ကူးခံရသူများအား ပြန်လည်လက်ခံရေး၊ ပြန်လည်ဝင်ဆံ့ပေါင်းစည်းရေးနှင့် ပြန်လည် ထူထောင်ရေးဆိုင်ရာ အမျိုးသားအဆင့်စံလုပ်ငန်းစဉ်ကို ထိရောက်စွာ အကောင်အထည် ဖော်ရန် တိုက်တွန်းပါကြောင်းဖြင့် ပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

#hl_1

#npw_dec2020

Source:             MOSWRR

ဒီဇင်ဘာ ၁၉ ၊ နေပြည်တော်

Sign Up

Upcoming Events