ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး ကချင်ပြည်နယ်အတွင်းရှိ နေရပ်စွန့်ခွာရသူများ ပြန်လည်နေရာချထားမှုဆိုင်ရာ အရှိန်အဟုန်မြှင့် ဆောင်ရွက်နိုင်ရေး ညှိနှိုင်းဆွေးနွေးမှုသတင်း

ဒီဇင်ဘာ ၁၆၊ နေပြည်တော်

ကချင်ပြည်နယ်အတွင်းရှိ နေရပ်စွန့်ခွာရသူများ ပြန်လည်နေရာချထားမှု အကောင်အထည်ဖော်ရေးဆိုင်ရာလုပ်ငန်းအဖွဲ့နှင့် ကချင်ဒေသ စစ်ဘေး ရှောင်ပြည်သူများအား ကူညီစောင့်ရှောက် ရေးကော်မတီ (KHCC) တို့၏ စတုတ္ထအကြိမ်အစည်းအဝေးကို ယနေ့မွန်းလွဲပိုင်း၌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနတွင် Video Conferencing စနစ်ဖြင့် ပြုလုပ်ရာ ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး တက်ရောက်အမှာစကားပြောကြားခဲ့ပါသည်။

ပြည်ထောင်စုဝန်ကြီးက မိမိတို့အစိုးရအဖွဲ့အနေဖြင့် ပြည်တွင်းနေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေးနှင့် ယာယီခိုလှုံရာစခန်းများ ပိတ်သိမ်းရေးကို ဦးစားပေး ဆောင်ရွက်နေခြင်းသည် တိုင်းရင်းသားအရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေးကို ဆောင်ရွက်ခြင်း ဖြစ်ပြီး ထာဝရ ငြိမ်းချမ်းရေးနှင့် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအတွက် ဦးတည်ခြင်းဖြစ်ပါကြောင်း၊ တိုက်ပွဲရှောင်များသည် လူသားများ ဖြစ်ကြသည့်အတွက် လူတစ်ဦးချင်းစီ၏ ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ လုံခြုံမှုရရှိပြီး ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ရန် ပြည်သူ့အစိုးရက အဓိကရည်ရွယ်ပြီး အကောင်အထည်ဖော်နေခြင်း ဖြစ်ပါ ကြောင်း၊ အစိုးရအနေဖြင့် တိုင်းရင်းသားများနှင့် လက်တွဲဆောင်ရွက်မှုကို ပိုမို မြှင့်တင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ဆက်လက်လျှောက်လှမ်းမည့် နိုင်ငံရေးလမ်းစဉ်တွင် ဒီမိုကရေစီအရေး၊ လူ့အခွင့်အရေးနှင့် တရားဥပဒေစိုးမိုးရေး တို့ကို ထိရောက်စွာ ချိတ်ဆက် ဖော်ဆောင်ရင်း ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေး ရည်မှန်းချက်ကို အကောင်အထည်ဖော် သွားမည်ဖြစ်ပါကြောင်း၊ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ (၂၁)ရာစု ပင်လုံအစည်းအဝေးများမှ အတည်ပြုချက်ရရှိသော ပြည်ထောင်စု၏ သဘောတူညီချက် အစိတ်အပိုင်းများသည် ဝန်ကြီးဌာနကဖော်ဆောင်နေသော လုပ်လက်စလုပ်ငန်းစဉ်များဖြစ်၍ ဝန်ကြီးဌာနနှင့် သက်ဆိုင်သော ကဏ္ဍများကို ထိထိရောက်ရောက်ဆက်လက် အကောင် အထည်ဖော်ဆောင်ရွက်ခြင်းဖြင့် တိုင်းရင်းသားအရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေးအတွက် ရလဒ်ကောင်းများ ရရှိလာမည်ဖြစ်ပါကြောင်း၊ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ပြည်သူများက တရားဥပဒေစိုးမိုးမှုရှိသည်ဟု ခံစားလာ ရအောင် ဆောင်ရွက်ရမည်ဖြစ်ပါ ကြောင်း၊ အောက်ခြေလူထုနှင့် ထိတွေ့မှုသည် အလွန်အရေးကြီးပါကြောင်း၊ အစိုးရအနေဖြင့် တိုက်ရိုက်ထိတွေ့ ဖို့လိုပါကြောင်း၊ သို့ရာတွင် အောက်ခြေပြည်သူလူထုနှင့် တိုက်ရိုက်ထိတွေ့ နေသည့် လူမှုအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ပါက တာဝန်ကို မျှထမ်းသကဲ့သို့ ဖြစ်ပြီး မြန်ဆန်ထိရောက်မည်ဟု ယူဆပါကြောင်း၊  နေရာစုံ အစိုးရ မထိတွေ့နိုင်သည်ကို ဟာကွက်မရှိဖြည့်ဆည်းနိုင်မည်ဟု ယူဆပါကြောင်း၊ အရပ်ဘက်အဖွဲ့ အစည်းများလည်း ပြည်သူထဲက ပြည်သူများပင်ဖြစ်သည့်အတွက် ပြည်သူ့အကျိုးအတွက် ယုံကြည်မှုအပြည့်ဖြင့် အစိုးရနှင့် အရပ်ဘက်အဖွဲ့အစည်းများ ပူးပေါင်းဆောင်ရွက်မှု ပိုမိုအားကောင်းအောင် ကြိုးစားကြဖို့ လိုအပ်ပါကြောင်း၊ ပြည်သူ့ကိုယ်စားလှယ် များဖြစ်သော လွှတ်တော်ကိုယ်စားလှယ်များကလည်း အရပ်ဘက်အဖွဲ့အစည်းများနှင့်အတူ လက်တွဲဆောင်ရွက်ကြဖို့ လိုအပ်ပါကြောင်း၊ ပြည်တွင်း နေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေးနှင့်ယာယီခိုလှုံရာ စခန်းများပိတ်သိမ်းရေးဆိုင်ရာ အမျိုးသားအဆင့်မဟာဗျူဟာတွင်လည်း အရပ်ဘက်အဖွဲ့အစည်းများ၊ နေရပ်စွန့်ခွာရသူများ၊ ကုလသမဂ္ဂအဖွဲ့အစည်းများ၊ ပြည်တွင်းနှင့် နိုင်ငံတကာ အစိုးရမဟုတ်သော အဖွဲ့အစည်းများ နှင့် လိုအပ်သလို ပူးပေါင်းဆောင်ရွက်နိုင်ရေးနှင့် အမျိုးသမီးကိုယ်စားလှယ်များ ပိုမိုပါဝင်နိုင်ရေး မဟာဗျူဟာတွင် ထည့်သွင်းရေးဆွဲထားပါ ကြောင်း၊ ကုလသမဂ္ဂအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်နိုင်ရန် အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC)က လည်း နည်းပညာဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (Technical Coordination Group) ဖွဲ့စည်းဆောင်ရွက်ရန် ဆက်သွယ်မည့် Focal Person အဖြစ် ကချင်ပြည်နယ် အစိုးရအဖွဲ့အတွင်းရေးမှူးနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန ကချင်ပြည်နယ်ဦးစီးမှူးတို့အား သတ်မှတ်တာဝန်ပေး ထားပြီးဖြစ်ပါကြောင်း၊ လုပ်ငန်းလမ်းညွှန် (TOR) ရေးဆွဲထားပြီးဖြစ်သည့်အတွက် UN နှင့် နိုင်ငံတကာအဖွဲ့အစည်း များ၏ အကူအညီများလည်း ရရှိကြမှာ ဖြစ်ပါကြောင်း၊ လုပ်ငန်းစဉ်အရ ကဏ္ဍအသီးသီးတွင် သက်ဆိုင်ရာအစိုးရဝန်ကြီးဌာနများနှင့် ပြည်နယ်အစိုးရတို့၏ ဘတ်ဂျက်ရန်ပုံငွေ၊ မိတ်ဆွေ နိုင်ငံများ၏ ပံ့ပိုးကူညီမှုများကိုလည်း ရရှိအောင် ကြိုးပမ်းကြရမည်ဖြစ်ပါကြောင်း၊ အမျိုးသားအဆင့် မဟာဗျူဟာအရ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် လွတ်လပ်စွာ သွားလာခွင့်ကဏ္ဍတွင် ပြန်လည်နေရာချထားမည့်နေရာများနှင့် လူမှုစီးပွားဘဝ ဖွံ့ဖြိုး တိုးတက်ရေးအတွက် လုပ်ဆောင်ရမည့်နေရာများတွင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ မိုင်းရှင်းလင်းခြင်းလုပ်ငန်းများ (Humanitarian Demining) ဆောင်ရွက် နိုင်ရန် ညှိနှိုင်းပေါင်းစပ်ပေးခြင်းအပါအဝင် ဘေးကင်းလုံခြုံရေး အစီအမံများကို တိုးမြှင့်ဆောင်ရွက်ပေးရန် အထူးလိုအပ်ပါကြောင်း၊ ကချင် ပြည်နယ်အတွင်းရှိ နေရပ်စွန့်ခွာရသူများ (IDPs) ပြန်လည်နေရာချထားမှုအကောင်အထည်ဖော်ရေးဆိုင်ရာ လုပ်ငန်းအဖွဲ့ကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးက အဖွဲ့ခေါင်းဆောင်အဖြစ် ဦးဆောင်ပြီး အဖွဲ့ဝင်(၁၂)ဦးဖြင့် နိုင်ငံတော် သမ္မတရုံးမှ(၈-၅-၂၀၁၉)ရက်နေ့ အမိန့် ကြော်ငြာစာအမှတ် (၆၂/၂၀၁၉)ဖြင့် ဖွဲ့စည်းတာဝန်ပေးအပ်ထားပြီး ဖြစ်ကြောင်း၊  ယနေ့ အစည်းအဝေးကို တက်ရောက်လာကြသူများအနေဖြင့် လုပ်ငန်းစဉ်များကို တိုင်ပင်ညှိနှိုင်း အကြံပြုဆွေးနွေးပေးကြပါရန် တိုက်တွန်းပါကြောင်းနှင့် ယနေ့အစည်း အဝေး၏ ဆုံးဖြတ်ချက်များကို အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန – NRPC သို့ တင်ပြ၍ ပံ့ပိုးကူညီဆောင်ရွက်မှုကို ရယူ ကာ နိုင်ငံတော်အစိုးရ၏မူဝါဒနှင့်အညီ ဆက်လက်ပူးပေါင်း ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။

ထို့နောက် အစည်းအဝေးကို ဆက်လက်ဆောင်ရွက်ရာ ကချင်ဒေသစစ်ဘေးရှောင် ပြည်သူများအား ကူညီစောင့်ရှောက်ရေး ကော်မတီ (KHCC)ဥက္ကဋ္ဌ သိက္ခာတော်ရဆရာတော် ဒေါက်တာခလမ်ဆမ်ဆွန်က အမှာစကားပြောကြားပါသည်။ ဆက်လက်၍ လုပ်ငန်းအဖွဲ့ အတွင်းရေးမှူး ပြည်လည်ထူထောင်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က တတိယအကြိမ် အစည်းအဝေးဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှုများကို တင်ပြခဲ့ပါသည်။

ယင်းနောက် ကချင်ဒေသစစ်ဘေးရှောင်ပြည်သူများအား ကူညီစောင့်ရှောက်ရေး ကော်မတီ(KHCC)က တတိယအကြိမ်အစည်းအဝေး ဆုံးဖြတ်ချက်များမှ လက်ရှိအကောင် အထည်ဖော်ဆောင်ရွက်နေမှုများ၊ နေရပ်ပြန်ကျေးရွာ(၁၇)ရွာကို အကောင်အထည်ဖော်ရေး ဆိုင်ရာကိစ္စများ၊ ဝိုင်းမော် – ကန်ပိုင်တီလမ်းမပေါ်ရှိကျေးရွာများနှင့် စိန်လုံ၊ လွယ်ဂျယ်လမ်းမ ပေါ်ရှိကျေးရွာများ နေရပ်ပြန်ရေးကိစ္စများ၊ ပြည်တွင်း နေရပ် စွန့်ခွာသူများ၏ နေအိမ်ပုံစံနှင့် ကုန်ကျစရိတ်ကိစ္စများနှင့် လူသားချင်းစာနာထောက်ထားမှု မိုင်းအန္တရာယ်ဆိုင်ရာ သင်တန်းကိစ္စများကို တင်ပြ ဆွေးနွေးခဲ့ကြပါသည်။

ထို့နောက် ကချင်ပြည်နယ်အစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး၊ လူမှုရေးဝန်ကြီး၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် စစ်ဦးစီး (ဗိုလ်မှူးကြီး)၊ ကချင်ပြည်နယ်အတွင်းရှိ နေရပ်စွန့်ခွာရသူများ ပြန်လည်နေရာချထားမှု အကောင်အထည်ဖော်ရေးဆိုင်ရာလုပ်ငန်းအဖွဲ့ အဖွဲ့ခေါင်းဆောင် ဒုတိယဝန်ကြီးနှင့်အဖွဲ့ဝင်များက ကဏ္ဍအလိုက် ဆွေးနွေးခဲ့ကြပါသည်။

အဆိုပါအစည်းအဝေးသို့ ဒုတိယဝန်ကြီးနှင့် ကချင်ပြည်နယ်အစိုးရအဖွဲ့မှဝန်ကြီးများ၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် စစ်ဦးစီး (ဗိုလ်မှူးကြီး) နှင့် ဖိတ်ကြားထားသူများ၊ကချင်ပြည်နယ်အတွင်းရှိ နေရပ်စွန့်ခွာရသူများ(IDPs) ပြန်လည်နေရာချထားမှု အကောင်အထည်ဖော်ရေးဆိုင်ရာ လုပ်ငန်းအဖွဲ့ဝင်များနှင့် ကချင်ဒေသစစ်ဘေးရှောင် ပြည်သူများအားကူညီစောင့်ရှောက် ရေးကော်မတီ (KHCC) ဥက္ကဋ္ဌ သိက္ခာတော်ရဆရာတော် ဒေါက်တာခလမ်ဆမ်ဆွန်နှင့် အဖွဲ့ဝင် များနှင့် တာဝန်ရှိသူများတက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။

#hl1_otr

#npw_dec2020

Source:  MOSWRR

Sign Up

Upcoming Events