
ဒီဇင်ဘာ ၁၅၊ နေပြည်တော်
ပြည်တွင်းနေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေးနှင့် ယာယီခိုလှုံရာစခန်းများ ပိတ်သိမ်းရေးဆိုင်ရာ အမျိုးသားအဆင့်ကော်မတီ ဥက္ကဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးသည် ကရင်ပြည်နယ်၊ မြိုင်ကြီးငူအထူးဒေသရှိ IDP စခန်းများ ပိတ်သိမ်းရေးနှင့် ပြန်လည်နေရာချထားရေး ဆက်လက် ဆောင်ရွက်မည့်လုပ်ငန်းများ ညှိနှိုင်းဆွေးနွေးခြင်းကို ယနေ့မွန်းလွဲပိုင်းက အဆိုပါဝန်ကြီးရုံး၌ Video Conferencing စနစ်ဖြင့် ဆောင်ရွက်ခဲ့ပါသည်။
အစည်းအဝေးသို့ ကရင်ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်နှင့် ကရင် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်နှင့် ညွှန်ကြားရေးမှူးချုပ်များ၊ IDP စခန်းများမှ ကိုယ်စားလှယ်များနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ဆွေးနွေးခဲ့ကြပါသည်။
ပြည်ထောင်စုဝန်ကြီးက မိမိတို့အနေဖြင့် ကရင်ပြည်နယ်၊ မြိုင်ကြီငူအထူးဒေသရှိ IDP စခန်း များတွင် နေထိုင်သူများအား ပြန်လည်နေရာချထားရေး၊ စခန်းများပိတ်သိမ်းရေးကို ပြည်တွင်း နေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေးနှင့် ယာယီခိုလှုံရာစခန်းများ ပိတ်သိမ်းရေးဆိုင်ရာ အမျိုးသားအဆင့်မဟာဗျူဟာအတိုင်း ဆောင်ရွက်လျက်ရှိကြောင်း၊ နိုင်ငံတော်အစိုးရက ဦးတည် ဆောင်ရွက်လျက်ရှိသော တိုင်းရင်းသားအရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေး၊ ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေးနှင့် ရေရှည်တည်တံ့ခိုင်မြဲမည့် လုံခြုံဖွံ့ဖြိုးတိုးတက်ရေးတို့ကို မိမိတို့ဝန်ကြီးဌာနက တာဝန်ယူ ဆောင်ရွက်ရသည့် ကဏ္ဍအလိုက် ကြိုးစားအကောင်အထည် ဖော်ခြင်း ဖြစ်ကြောင်း၊ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ (၂၁) ရာစုပင်လုံ အစည်းအဝေးက ချမှတ်ထားသော ပြည်ထောင်စုသဘောတူစာချုပ်များ၏ လူမှုရေးကဏ္ဍတွင် ပြည်တွင်းနေရပ်စွန့်ခွာ သူများအား ခွဲခြားဆက်ဆံမှုမရှိဘဲ နိုင်ငံတကာစံချိန် စံညွှန်းများနှင့်အညီ လူ့အခွင့်အရေးကို လေးစားလိုက်နာပြီး ရေရှည်ရှင်သန်ရပ်တည်ရေးကို ဦးတည်၍ စနစ်တကျ ဆောင်ရွက်ရန်နှင့် ပြည်တွင်းနေရပ်စွန့်ခွာရသူများအား မိမိနေရပ် (သို့မဟုတ်) အခြားသင့်တော်သည့် အားလုံးသဘော တူညီသော နေရာတစ်ခုတွင် လူ့ဂုဏ်သိက္ခာနှင့်အညီ ဘေးကင်းလုံခြုံစွာ အခြေချ ပြန်လည် နေထိုင်ရန်ဆိုသည့် အချက်များကို အကောင်အထည်ဖော်ခြင်းလည်း ဖြစ်ပါကြောင်း၊ မြိုင်ကြီးငူ အထူးဒေသရှိ IDP စခန်းများတွင် နေထိုင်ကြသူများအား ပြန်လည်နေရာချထားရေး၊ စခန်းများ ပိတ်သိမ်းရေးနှင့်ပတ်သက်၍ ပြည်ထောင်စုအစိုးရ၊ ပြည်နယ်အစိုးရတို့ ပူးပေါင်း၍ အမျိုးသားအဆင့် မဟာဗျူဟာကို ၂၀၁၉ ခုနှစ် စက်တင်ဘာလ၌ အတည်မပြုမီကပင် စတင်ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း၊ မဟာဗျူဟာပါ လုပ်ငန်းစီမံချက်များကို ရေးဆွဲရန်နှင့် ပြည်နယ်အဆင့် ကော်မတီများ ဖွဲ့စည်းရန်ကိုလည်း ဆက်လက်ဆောင်ရွက်ခဲ့ကြောင်း၊ ကရင်ပြည်နယ်အနေဖြင့် ပြည်တွင်းနေရပ် စွန့်ခွာသူများ ပြန်လည်နေရာချထားရေးနှင့် ယာယီခိုလှုံရာစခန်းများ ပိတ်သိမ်းရေးဆိုင်ရာ ပြည်နယ်အဆင့်ကော်မတီကို ဖွဲ့စည်းပြီးဖြစ်ကြောင်း၊ မိမိတို့ဝန်ကြီးဌာနနှင့် ကရင်ပြည်နယ် အစိုးရအဖွဲ့တို့ပူးပေါင်း၍ မြိုင်ကြီးငူအထူးဒေသရှိ မြတ်ပန်းဝတ်မှုံစခန်းနှင့် အေးလင်းမြတ်ရှင် (ကျောက်စာတိုင်ကွင်း) စခန်းများရှိ နေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေးအတွက် (၈.၂.၂၀၂၀) ရက်နေ့က ကွင်းဆင်း ဆောင်ရွက်ခဲ့ပြီး မဟာဗျူဟာပါကဏ္ဍအလိုက် ဆောင်ရွက်ရန် လိုအပ်ချက်များကို ကနဦး ညှိနှိုင်းဆောင်ရွက်ခဲ့ပြီးဖြစ်ကြောင်း၊ COVID – 19 ကာလနှင့် ကြုံဆုံ ခဲ့သော်လည်း အမျိုးသားအဆင့်ကော်မတီအနေဖြင့် လုပ်ငန်းများရပ်တန့်သွားခြင်း မရှိစေရေး အတွက် ပုံမှန်အစည်းအဝေးများကို Virtual Meeting ဖြင့် ဆောင်ရွက်ခြင်း၊ ပြည်နယ်အဆင့် ကော်မတီအနေဖြင့်လည်း ကွင်းဆင်းညှိနှိုင်းမှုများကို COVID – 19 ဆိုင်ရာ သတ်မှတ်စည်းကမ်းချက် များနှင့်အညီ အရှိန်အဟုန်မပြတ် ဆက်လက်ဆောင်ရွက်လျက်ရှိသည်ကို သိရှိရကြောင်း၊ ပြန်လည်နေရာချထားရေးလုပ်ငန်းများအတွက် စီစဉ်ဆောင်ရွက်နေစဉ်ကာလအတွင်း လိုအပ်သော ထောက်ပံ့မှုများကိုလည်း ပြည်နယ်အစိုးရနှင့် မိမိတို့ဝန်ကြီးဌာနတို့ ပူးပေါင်းဆောင်ရွက်ခဲ့ကြ ကြောင်း၊ ယခုအစည်းအဝေးတွင် လက်ရှိဆောင်ရွက်ပြီး အခြေအနေများကို ဆန်းစစ်ပြီး ရှေ့ဆက်၍ ပိုမိုတိုးတက်မှုရရှိအောင် ဆောင်ရွက်နိုင်ရေး ဆွေးနွေးပေးကြရန်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။
ထို့နောက် ပြည်တွင်းနေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေးနှင့် ယာယီခိုလှုံရာ စခန်းများ ပိတ်သိမ်းရေးဆိုင်ရာ ပြည်နယ်အဆင့်ကော်မတီဥက္ကဌ ကရင်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဒေါ်နန်းခင်ထွေးမြင့်က လက်ရှိတွင် မြိုင်ကြီးငူအထူးဒေသရှိ IDP စခန်းများတွင် နေထိုင်ကြသည့် အိမ်ထောင်စုတချို့အား ပြန်လည်နေရာချထားပေးနိုင်သည့် အခြေအနေများ၊ ကျန်ရှိသည့် အိမ်ထောင်စုများအတွက်လည်း အားလုံးသဘောတူသည့် မြေနေရာရွေးချယ်၍ လျာထားဆောင်ရွက်နေသည့် အခြေအနေများ၊ ဝန်ကြီးဌာနနှင့် ပူးပေါင်း ထောက်ပံ့ပေးနေသည့် အခြေအနေများကို ဆွေးနွေးပြောကြားခဲ့ပါသည်။
ဆက်လက်၍ ကရင်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးက မြိုင်ကြီးငူ အထူးဒေသသို့ ကွင်းဆင်း ညှိနှိုင်းဆောင်ရွက်ခဲ့သည့် အခြေအနေများကို ရှင်းလင်း တင်ပြခဲ့ပါသည်။
ထို့နောက် တက်ရောက်လာကြသော IDP စခန်းများရှိ နေရပ်စွန့်ခွာဒေသခံ ပြည်သူများက ပြန်လည်နေရာချထားရေးလုပ်ငန်းစဉ်နှင့်ပတ်သက်၍ ၎င်းတို့၏ ဆန္ဒများ၊ လိုအပ်ချက်များနှင့် ပူးပေါင်းဆောင်ရွက်မည့် ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြပါသည်။
ဆက်လက်၍ သက်ဆိုင်ရာ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန တာဝန်ရှိသူက ဆောင်ရွက် ထားရှိသည့် အစီအမံများကို ရှင်းလင်းတင်ပြပါသည်။
ယင်းနောက် ဒုတိယဝန်ကြီး၊ ကရင်ပြည်နယ်လူမှုရေးဝန်ကြီး၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်တို့က တိုက်ပွဲရှောင်ပြည်သူများအတွက် ဘေးကင်း လုံခြုံသော၊ ဂုဏ်သိက္ခာရှိသော၊ အမှီခိုကင်းသောဘဝများ ပြန်လည်တည်ဆောက်နိုင်ရေး၊ ပြန်လည်နေရာချထားမည့် နေရာဒေသများရှိ နေထိုင်သူများအားလုံး၏ ပညာရေး၊ ကျန်းမာရေးနှင့် အခြေခံဝန်ဆောင်မှုများ၊ နေအိမ်အဆောက်အဦများနှင့် သက်မွေးဝမ်းကျောင်းဆိုင်ရာ အခွင့်အလမ်း များ ရရှိရေးတို့နှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြပါသည်။
ကရင်ပြည်နယ် မြိုင်ကြီးငူအထူးဒေသရှိ တိုက်ပွဲရှောင်စခန်းများသို့ ရောက်ရှိနေထိုင်သူ များသည် ၂၀၁၆ ခုနှစ်၊ စက်တင်ဘာလအတွင်း၌ အိမ်ထောင်စု (၆၇၅) စု၊ လူဦးရေ (၃,၈၇၄) ဦး ရှိခဲ့ကာ ၂၀၁၇ ခုနှစ်၊ နှစ်ဆန်းပိုင်းတွင်မူ အိမ်ထောင်စု (၃၃၂) စု၊ လူဦးရေ (၁,၆၅၂) ဦးသို့ ပြန်လည်လျော့ကျခဲ့ပါသည်။ သို့ရာတွင် နယ်မြေအခြေအနေအရ ၂၀၁၇ ခုနှစ်၊ မတ်လအတွင်းမှစ၍ အိမ်ထောင်စု (၁,၀၀၇) စု၊ လူဦးရေ (၅,၅၂၆)ဦးအထိ ပြန်လည်များပြားလာခဲ့ပြီး ၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလတွင် အိမ်ထောင်စု (၈၇၁) စု၊ လူဦးရေ (၅,၂၈၁) ဦးရှိပါသည်။ (၁၅.၁၂.၂၀၂၀) ရက်နေ့စာရင်းအရ အိမ်ထောင်စုပေါင်း (၇၂၄) စု၊ လူဦးရေ (၄,၅၇၄) ဦးရှိကြောင်း သိရှိရပါသည်။ အဆိုပါ နေရပ်စွန့်ခွာ တိုက်ပွဲရှောင်ပြည်သူများအတွက် စားနပ်ရိက္ခာထောက်ပံ့ခြင်း၊ လူမှုကာကွယ် စောင့်ရှောက်ရေး လုပ်ငန်းများအတွက် ထောက်ပံ့ခြင်း၊ အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ အတွက် ထောက်ပံ့ခြင်း၊ မိုင်းထိဒဏ်ရာရသူများအား ထောက်ပံ့ခြင်းများအတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက ကျပ်(၂၁၇)သန်းကျော်နှင့် ကရင် ပြည်နယ်အစိုးရအဖွဲ့က ကျပ်(၅၅) သန်းကျော် ထောက်ပံ့ကူညီပေးခဲ့ပြီးဖြစ်ပါသည်။ ညှိနှိုင်း ဆောင်ရွက်ထားရှိမှုများအရ လက်ရှိတွင် ပြန်လည်နေရာချထားရန် အိမ်ထောင်စု (၄၉၉)စု ကျန်ရှိပြီး ပြည်တွင်းနေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေးနှင့် ယာယီခိုလှုံရာစခန်းများ ပိတ်သိမ်းရေး ဆိုင်ရာအမျိုးသားအဆင့် မဟာဗျူဟာနှင့်အညီ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိ ပါသည်။
#hl1
#npw_dec2020
Source: MSWRR