ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး ပြည်သူလူထုအခြေပြု COVID–19 ကာကွယ် ထိန်းချုပ်ရေး အထူးစီမံချက်တွင် ချိတ်ဆက် ပူးပေါင်း ကူညီဆောင်ရွက်နိုင်ရေး ကိစ္စရပ်များ ညှိနှိုင်းဆွေးနွေး

~~~~~~
Source: MOSWRR
~~~~~~
ဒီဇင်ဘာ ၁၄ ၊ နေပြည်တော်
~~~~~~
 
အမျိုးသားအဆင့်စေတနာ့ဝန်ထမ်းဦးဆောင်အဖွဲ့ အတွင်းရေးမှူး၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် ပြည်သူလူထုအခြေပြု COVID–19 ကာကွယ်ထိန်းချုပ်ရေး အထူးစီမံချက်တွင် ချိတ်ဆက်ပူးပေါင်း ကူညီဆောင်ရွက်နိုင်ရေး ကိစ္စရပ်များ ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက အဆိုပါဝန်ကြီးရုံး၌ Video Conferencing စနစ်ဖြင့် ဆောင်ရွက်ခဲ့ပါသည်။
 
အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက ယခုလက်ရှိအခြေအနေတွင် COVID–19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်း များဆောင်ရွက်ရာ၌ လိုအပ်ချက်အရ နည်းဗျူဟာများ ပြောင်းလဲဆောင်ရွက်လျက်ရှိရာ ပြည်သူလူထုအခြေပြု COVID – 19 ထိန်းချုပ်ရေးအဖြစ် ပြည်သူလူထုကြားတွင် ပိုမိုထိရောက်သည့်နည်းလမ်းများ ဖော်ဆောင်ရန်ဖြစ်ကြောင်း၊ အောက်ခြေတွင် လက်တွေ့ဆောင်ရွက်နေကြသူများက အခက်အခဲ စိန်ခေါ်မှုများကို ပိုမိုသိရှိပြီး လိုအပ်သော လက်တွေ့ကျကျ ချိတ်ဆက်ဆောင်ရွက်မှုများအတွက် အကြံပြုကြရန်ဖြစ်ကြောင်း၊ နေပြည်တော်ကောင်စီနယ်မြေ၊ တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့များ၏ ဆောင်ရွက်ချက်များကို ပူးပေါင်းဆောင်ရွက် ပံ့ပိုးကူညီရန် ဖြစ်ကြောင်း၊ COVID–19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဗဟိုကော်မတီနှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနတို့က ချမှတ်ထားသော မဟာဗျူဟာနှင့်အညီ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံဆရာဝန်အသင်း၊ မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ လူမှုအဖွဲ့အစည်းများ၊ ပရဟိတအဖွဲ့အစည်းများ၊ မြန်မာနိုင်ငံလူငယ်ရေးရာကော်မတီဝင်များ၊ စေတနာ့ဝန်ထမ်းများနှင့်အတူ ပူးပေါင်းဆောင်ရွက်ကြရန်ဖြစ်ကြောင်း၊ နည်းဗျူဟာများ ပြောင်းလဲဆောင်ရွက်ရာတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန အနေဖြင့် ပြည်သူလူထုအခြေပြု COVID–19 ကာကွယ်ထိန်းချုပ်ရေး အထူးစီမံချက်ဖြင့် ဆောင်ရွက်နိုင်ရန် ရောဂါအဖြစ်များသည့် ရန်ကုန်တိုင်းအစိုးရအဖွဲ့နှင့် ညှိနှိုင်းဆွေးနွေးမှုများကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ မိမိတို့တွင် စေတနာ့ဝန်ထမ်းနည်းပြသင်တန်း ရရှိပြီးသူများ၊ စေတနာ့ဝန်ထမ်းဆင့်ပွားသင်တန်းရရှိပြီးသူများ၊ အရေးပေါ်ယာဉ်မောင်းများ ပညာပေးသင်တန်း ရရှိပြီးသူများ ရှိပါကြောင်း၊ အဆိုပါအင်အားများကို ပြည်သူလူထုအခြေပြု COVID-19 စေတနာ့ဝန်ထမ်းများအဖြစ် စနစ်တကျ ပါဝင်နိုင်အောင် ချိတ်ဆက် ဆောင်ရွက်မည်ဖြစ်ကြောင်း၊ ယနေ့အစည်းအဝေးတွင် စနစ်တကျ ချိတ်ဆက်နိုင်မည့် နည်းလမ်းများနှင့် အကောင်အထည်ဖော်မည့်နည်းလမ်းများကို ဖော်ထုတ်ဆွေးနွေးကြရန် ဖြစ်ပါကြောင်း၊ ပြည်သူလူထုအနေဖြင့် ကျန်းမာရေး ပညာပေးနှင့် ပတ်သက်၍ ပြောင်းလဲ ကျင့်သုံးလာသည့် နည်းဗျူဟာများကို ရှင်းရှင်းလင်းလင်း နားလည်သဘောပေါက်ရန် လိုအပ်ပါကြောင်း၊ ထို့အပြင် ပြည်သူလူထုခံစားရမှုများကို သက်သာစေရန်နှင့် လိုအပ်ချက် အရ ချိတ်ဆက်ဆောင်ရွက်ရမည့်နည်းလမ်းများကို ပြည်သူလူထုအခြေပြု ကိုဗစ်ကပ်ရောဂါ ဆိုင်ရာ နှစ်သိမ့်ဆွေးနွေးခြင်း အစီအစဉ်အဖြစ် မြန်မာနိုင်ငံဆရာဝန် အသင်းက ဦးဆောင်၍ ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ယခုပြောင်းလဲဆောင်ရွက်လျက်ရှိသော ပြည်သူလူထု အခြေပြု COVID–19 ထိန်းချုပ်ရေး လုပ်ငန်းစဉ်အောင်မြင်ရေး ဝိုင်းဝန်းဆောင်ရွက်ပေးကြရန်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။
 
ထို့နောက် ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ် လူမှုရေးဝန်ကြီးများ၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့က တာဝန်ရှိသူများ၊ လူမှုဝန်ထမ်းဦးစီးဌာန တိုင်းဒေသကြီး/ ပြည်နယ်ညွှန်ကြားရေးမှူးများ၊ မြန်မာနိုင်ငံ ဆရာဝန်အသင်း၊ မြန်မာနိုင်ငံ လူငယ်ရေးရာကော်မတီ၊ မြန်မာနိုင်ငံကြက်ခြေနီအသင်းတို့က သက်ဆိုင်ရာကဏ္ဍအလိုက် ချိတ်ဆက်ဆောင်ရွက်နိုင်မည့်နည်းလမ်းများ၊ အကြံဉာဏ်များကို အသီးသီး ဆွေးနွေးခဲ့ကြပါသည်။
 
ယင်းနောက် ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်စကား ပြောကြားရာတွင် သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့များ၏ ပြည်သူလူထုအခြေပြု COVID-19 ထိန်းချုပ်ရေး အထူးစီမံချက်ကို ပြည်သူလူထုအခြေပြု ကိုဗစ်ကပ်ရောဂါဆိုင်ရာ နှစ်သိမ့်ဆွေးနွေးခြင်း အစီအစဉ်နှင့် ပြည်သူလူထုအခြေပြု COVID-19 စေတနာ့ဝန်ထမ်းများ၏ သက်ဆိုင်ရာဌာနဆိုင်ရာများ၊ အဖွဲ့အစည်းများနှင့် ထိရောက်စွာ ချိတ်ဆက်ဆောင်ရွက်မှုများဖြင့် အောင်မြင်အောင် အကောင်အထည်ဖော်နိုင်မည်ဟု ယုံကြည်ပါကြောင်း၊ စေတနာ့ဝန်ထမ်းများအနေဖြင့် လတ်တလောတွင် ပြည်သူလူထုအခြေပြု COVID-19 ထိန်းချုပ်ရေးအတွက် ဆောင်ရွက် နေသော်လည်း ရေရှည်တွင် ရပ်ကွက်/ကျေးရွာများအထိ လူငယ်ရေးရာမူဝါဒနှင့် မဟာဗျူဟာများအကောင်အထည်ဖော်ခြင်းများတွင် ပါဝင်ဆောင်ရွက်ရန်ဖြစ်ကြောင်း၊ ထို့အပြင် လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းစဉ်များ၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုများနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းစဉ်များတွင်လည်း စွမ်းရည်မြှင့်တင်မှုများ၊ ပံ့ပိုးကူညီမှုများဖြင့် ဆက်လက်ချိတ်ဆက် ဆောင်ရွက်သွားနိုင်မှာဖြစ်ကြောင်းနှင့် ဆက်လက်၍ ပူးပေါင်းဆောင်ရွက်ပေးကြပါရန် တိုက်တွန်းပြောကြားခဲ့ပါသည်။
 
ယနေ့ Video Conferencing စနစ်ဖြင့် ညှိနှိုင်းဆွေးနွေးခြင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ မွန်ပြည်နယ်နှင့် မကွေးတိုင်းဒေသကြီးတို့မှ လူမှုရေးဝန်ကြီးများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန တာဝန်ရှိသူများ၊ လူငယ့်ရေးရာကော်မတီဝင်များ၊ မြန်မာနိုင်ငံဆရာဝန်အသင်းနှင့် မြန်မာနိုင်ငံကြက်ခြေနီအသင်းတို့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။

Sign Up

Upcoming Events