ဒီဇင်ဘာ ၃၊ ရန်ကုန်
မြန်မာနိုင်ငံမသန်စွမ်းသူများအသင်းချုပ်မှ ၂၀၂၀ပြည့်နှစ်၊ ဒီဇင်ဘာလ (၃)ရက် နေ့တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူ များနေ့ အခမ်းအနားကို Video Conferencing စနစ်ဖြင့် ယနေ့ နေ့လယ်(၂)နာရီတွင် ကျင်းပပြုလုပ်ခဲ့ရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးအောင် တက်ရောက်၍ အဖွင့်မိန့်ခွန်း ပြောကြားခဲ့ပါသည်။
ဒုတိယဝန်ကြီးက အဖွင့်မိန့်ခွန်းပြောကြားရာတွင် ယနေ့ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့၏ ဆောင်ပုဒ်မှာ “ပိုမိုကောင်းမွန်သည့် COVID-19 အလွန်ကမ္ဘာတည်ဆောက်ဖို့ မသန်စွမ်းသူများ လက်လှမ်းမီပါဝင်ပြီး ရေရှည်တည်တံ့စေရန် ကြိုးစားစို့” ဖြစ်ပါကြောင်း၊ ယနေ့နံနက်တွင် မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီဥက္ကဌ၊ နိုင်ငံတော်ဒုတိယသမ္မတ ဦးဆောင်သည့် နိုင်ငံတော်အဆင့် အခမ်းအနားတစ်ရပ်ကို Video Conferencing မှတစ်ဆင့် ကျင်းပပြုလုပ်ခဲ့ပြီးဖြစ်ပါကြောင်း၊ ယခုအခါ မြန်မာနိုင်ငံ မသန်စွမ်းသူများ အသင်းချုပ်အနေဖြင့် ကိုဗစ်-၁၉ ကပ်ရောဂါကာလ ဖြစ်ပွားနေသော်လည်း Video Conferencing စနစ်ဖြင့် အခမ်းအနား ကျင်းပ နိုင်သည့်အတွက် ဝန်ကြီးဌာနက ဂုဏ်ယူဝမ်းမြောက်ပါ ကြောင်း၊ မသန်စွမ်းသူများသည် လူ့အဖွဲ့အစည်းဝင် လူသားများဖြစ်ပြီး တန်ဖိုးရှိသော နိုင်ငံသားများပင် ဖြစ်ပါကြောင်း၊ ၂၀၁၉ ကြားဖြတ်သန်းခေါင်းစာရင်း ရှေ့ပြေးရလဒ်များအရ နိုင်ငံတော်လူဦးရေ၏ ၁၂.၈ ရာခိုင်နှုန်း (၅၉)သိန်း ကျော်ခန့်သည် မသန်စွမ်းသူများ ဖြစ်ပါကြောင်း၊ ယခုကဲ့သို့များပြားလှသည့် မသန်စွမ်းလူဦးရေအရ နိုင်ငံတော်ဘက်စုံ ဖွံ့ဖြိုးတိုးတက်မှုအတွက် အသုံးဝင်သော လူ့စွမ်းအားအရင်းအမြစ်များဖြစ်လာစေရန် ဆောင်ရွက်ဖို့လိုပါကြောင်း၊ နိုင်ငံတော်၏ ဦးဆောင်လမ်းညွှန်မှုနှင့်အတူ ဝန်ကြီးဌာန အနေဖြင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်တို့ကို ဆောင်ရွက်သည့်နေရာတွင် မည်သူမျှနောက်ကျ မကျန်ရစ်စေရေးအတွက် ကြိုးစားဆောင်ရွက်လျက်ရှိရာတွင် မြန်မာနိုင်ငံမသန်စွမ်းသူများ အသင်းချုပ်က တတ်နိုင်သည့်ဘက်မှ ပါဝင်ဖြည့်ဆည်း ဆောင်ရွက်ပေးခြင်းကို လွန်စွာဝမ်းမြောက်ဂုဏ်ယူမိပါကြောင်း၊ ယနေ့နိုင်ငံတော်အတွင်း ကြုံတွေ့နေရသည့် ကိုဗစ်-၁၉ ကပ်ရောဂါကို မသန်စွမ်းသူ နိုင်ငံသူ နိုင်ငံသားများ အပါအဝင် နိုင်ငံသားအားလုံး စည်းကမ်းများနှင့်အညီ ကျော်လွှားနိုင်ရန် လိုအပ်ပါကြောင်း၊ ကိုဗစ်-၁၉အလွန်ကာလ မသန်စွမ်းသူများ၏ ပြန်လည်ထူထောင်ရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းစဉ်တို့ကိုလည်း ဝန်ကြီးဌာနအနေဖြင့် မြန်မာနိုင်ငံမသန်စွမ်းသူများ အသင်းချုပ်နှင့် တိုင်းဒေသကြီး၊ ပြည်နယ် မသန်စွမ်းအသင်းများနှင့် ပူးပေါင်းဆောင်ရွက် ခြင်းတို့ကို ပိုမိုတိုးမြှင့် ပြုလုပ်သွားမည်ဖြစ်ပါကြောင်း၊ မသန်စွမ်းသူများအပြင် မသန်စွမ်း သူများ၏ မိဘနှင့် မိသားစုဝင်များအနေဖြင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ကြေငြာထားသည့် လမ်းညွှန်ချက်တို့ကို လိုက်နာဆောင်ရွက်ကြစေလိုပါ ကြောင်း၊ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် စီးပွားရေး၊ကျန်းမာရေးနှင့် ဘဝရပ်တည်မှုခက်ခဲ နေကြသည့် မသန်စွမ်းသူ များအတွက် နိုင်ငံတော်မှ CERP အစီအစဉ်အရ မသန်စွမ်းသူ တစ်ဦးလျှင် (၃)သောင်းကျပ်နှုန်းဖြင့် မသန်စွမ်းသူ(၂)သိန်းကို ပံ့ပိုးပေးနိုင်ခဲ့ပြီး ဆက်လက်ထောက်ပံ့နိုင်ရေးကို ဦးစီးဌာနဘတ်ဂျက်အသစ်တွင် ထည့်သွင်းလျာထားပြီဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။
ဆက်လက်၍ ပြန်လည်ထူထောင်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ မြန်မာနိုင်ငံ မသန်စွမ်းသူများအသင်းချုပ်၊ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်၊ ညီမျှခြင်းမြန်မာ နှင့် ICRC တို့မှ တာဝန်ရှိသူများက ကြိုဆိုနှုတ်ခွန်းဆက်စကားတို့ကို ပြောကြားခဲ့ပါသည်။ အစီအစဉ် ဒုတိယ ပိုင်းအဖြစ် ကိုယ်အင်္ဂါမသန်စွမ်းသူများနှင့် မသန်စွမ်းအခွင့်အရေး၊ အမြင်အာရုံ မသန်စွမ်းသူများနှင့် မသန်စွမ်းအခွင့်အရေး၊ အကြားအာရုံ မသန်စွမ်း သူများနှင့် မသန်စွမ်းအခွင့်အရေး၊ ဉာဏ်ရည်မသန်စွမ်းသူများနှင့် မသန်စွမ်း အခွင့်အရေးတို့ကို Video Clip တို့ဖြင့်ပြသခဲ့ပြီး မသန်စွမ်းခေါင်းဆောင် တစ်ဦးက ကျေးဇူးတင်စကား ပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။
#hl2_otr
#npw_dec2020
Source: MOSWRR