ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး (၈)ကြိမ်မြောက် အာဆီယံသဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုဆိုင်ရာ ဝန်ကြီးများအဆင့် အစည်းအဝေးသို့ တက်ရောက်

(၈)ကြိမ်မြောက် အာဆီယံသဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာ ဝန်ကြီးများအဆင့် အစည်းအဝေးကို ယနေ့နံနက်ပိုင်းက  Video Conferencing စနစ်ဖြင့် ကျင်းပပြုလုပ်ရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ဦးဆောင်သော မြန်မာကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပါသည်။
အဆိုပါ အစည်းအဝေးတွင် အာဆီယံနှင့် UNESCAP တို့ ပူးပေါင်းရေးဆွဲသည့် ASEAN-UNESCAP Ready for the Dry Years အစီရင်ခံစာ ဒုတိယအကြိမ်ထုတ်ဝေမှုကို မိတ်ဆက်ခြင်းနှင့်  ဒေသတွင်း မိုးခေါင်ရေရှားဘေးအန္တရာယ်ဆိုင်ရာ မှတ်တမ်းတင်ဗွီဒီယိုပြသခြင်းတို့ကို ဆောင်ရွက်ခဲ့ ပါသည်။

ထို့နောက် အာဆီယံသဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာ ဝန်ကြီးများအဆင့် အစည်း အဝေးကို ဆက်လက်ကျင်းပပြုလုပ်ရာ အလှည့်ကျအိမ်ရှင်ဖြစ်သည့် ဖိလစ်ပိုင်နိုင်ငံ၊ Office of the Civil Defense မှ Under Secretary ဖြစ်သူ H.E. Mr. Ricardo B. Jalad က ကြိုဆိုနှုတ်ခွန်းဆက် စကား ပြောကြားခဲ့ပါသည်။

ဆက်လက်၍ အာဆီယံသဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာဝန်ကြီးများက နိုင်ငံအလိုက် မိန့်ခွန်းများ အသီးသီးပြောကြားခဲ့ကြရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထား ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ဖိလစ်ပိုင်နိုင်ငံအတွင်း ဝင်ရောက်တိုက်ခတ်ခဲ့သည့် အင်အားပြင်းထန်သော တိုင်ဖွန်းမုန်တိုင်းများကြောင့် သေဆုံးခဲ့သူများနှင့် ထိခိုက်ဆုံးရှုံးမှုများ အတွက် များစွာစိတ်ထိခိုက်ရပါကြောင်း၊ ပေါင်းစည်းညီညွတ်သည့် အာဆီယံအစဉ်အလာနှင့်အညီ ဖိလစ်ပိုင်နိုင်ငံနှင့် အတူတကွရှိပါကြောင်း၊ အခက်အခဲများအကြားတွင် အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးနှင့် ဝန်ကြီးအဆင့်အစည်းအဝေးများကို ကျင်းပပြုလုပ်နိုင်သည့်အတွက်လည်း ဂုဏ်ယူမိပါကြောင်း၊ ဘေးအန္တရာယ်များသည် နိုင်ငံများအတွက် စိန်ခေါ်မှုတစ်ရပ်ဖြစ်သကဲ့သို့ ဒေသတွင်းစိုးရိမ်ဖွယ်ရာကိစ္စဖြစ်သည့်အပြင် ကမ္ဘာ့အဆင့်တွင် မဖြစ်မနေ ရင်ဆိုင်တုံ့ပြန်ရမည့် လုပ်ငန်းစဉ်တစ်ခုလည်း ဖြစ်လာပါကြောင်း၊ ကမ္ဘာ့နိုင်ငံများတွင် လတ်တလောရင်ဆိုင်ကြုံတွေ့ နေရသည့် COVID-19  ကပ်ရောဂါသည် အာဆီယံနိုင်ငံများအတွက်လည်း စိန်ခေါ်မှုတစ်ခုဖြစ်ရာ ပြီးပြည့်စုံသည့် အာဆီယံ ပြန်လည်ထူထောင်ရေးဆိုင်ရာမူဘောင်သည် COVID-19 ကြောင့် ဖြစ်ပေါ်လာသည့် ရေရှည်အကျိုးဆက်များကို ကုစားပေးနိုင်ရေးအတွက် ဦးစားပေးအစီအစဉ်တစ်ခု ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့်လည်း COVID-19 စီးပွားရေးကုစားမှုအစီအစဉ်ကို ထိရောက်စွာ အကောင်အထည်ဖော်လျက်ရှိပြီး ထိခိုက်လွယ်အုပ်စုများအတွက် ကာကွယ်စောင့်ရှောက် ထောက်ပံ့မှုများကို တိုးမြှင့်ဆောင်ရွက် ပေးလျက်ရှိပါကြောင်း၊ သဘာဝဘေးစီမံခန့်ခွဲရေးနှင့် အရေးပေါ် တုံ့ပြန်ရေးဆိုင်ရာ အာဆီယံသဘောတူစာချုပ်အရ လုပ်ငန်းအစီအစဉ် (AADMER Work Programme – AWP) (၂၀၂၁-၂၀၂၅)ကို အသစ်ရေးဆွဲထားပြီးဖြစ်ရာ အကောင်အထည်ဖော်မှုများကို ဆက်လက်လုပ်ဆောင်သွားရမည်ဖြစ်ပါကြောင်း၊ ဘေးအန္တရာယ်ကျရောက်ချိန်များတွင် ပညာရေးနှင့် ကျန်းမာရေးကဏ္ဍများ၏ ဘေးဒဏ်ရင်ဆိုင်တုံ့ပြန်နိုင်စွမ်းသည် များစွာအရေးကြီးသည်ဖြစ်ရာ ယင်းအတွက်ကိုလည်း အားထုတ်ကြိုးပမ်းဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း၊ အာဆီယံဒေသ အနေဖြင့် ဖြစ်ရိုးဖြစ်စဉ် ဘေးအန္တရာယ်များအပြင် အခြားသောသဘာဝပတ်ဝန်းကျင်ဆိုင်ရာ၊ နည်းပညာဆိုင်ရာနှင့် ဇီဝဆိုင်ရာဘေးအန္တရာယ်များအတွက်ပါ အသင့်ဖြစ်နေစေရန် ပူးပေါင်း ဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း၊ (၃၇)ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ပြောကြားခဲ့သည့်အတိုင်း ဒေသတွင်းစည်းလုံးညီညွတ်မှုနှင့် ဒေသပြင်ပ၏ တည်ငြိမ်အေးချမ်းမှုကို တိုးမြှင့်လုပ်ဆောင်ပေးခြင်းအားဖြင့် ပြောင်းလဲမှုအမျိုးမျိုးကို ထိရောက်စွာ တုံ့ပြန်ဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း၊ အာဆီယံ၏စည်းလုံးညီညွတ်မှုနှင့် ပူးပေါင်း ဆောင်ရွက်မှုအစဉ်အလာကောင်းကို ဆက်လက်ထိန်းသိမ်းကာ ၂၀၂၅ အာဆီယံမျှော်မှန်းချက် ဖြစ်သည့် ဘေးအန္တရာယ်စီမံခန့်ခွဲမှုတွင် ကမ္ဘာ့အဆင့်ဦးဆောင်သူ ဖြစ်လာစေရေးကို အကောင်အထည် ဖော်ရမည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။

ထို့နောက် အာဆီယံသဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာအဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးနှင့် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုအတွက် လူသားချင်းစာနာကူညီမှုဆိုင်ရာ အာဆီယံညှိနှိုင်းရေးမှူးရုံး (AHA Centre) အုပ်ချုပ်မှုအဖွဲ့ အစည်းအဝေးအစီရင်ခံစာများကို ဖတ်ကြားတင်ပြခဲ့ရာ ဝန်ကြီးများက လိုအပ်သည်များကို အကြံပြု လမ်းညွှန်ပေးခဲ့ကြပါသည်။

ဆက်လက်၍ ၂၀၂၀ ပြည့်နှစ်တွင် အသစ်ရေးဆွဲထားသည့်  သဘာဝဘေးစီမံခန့်ခွဲရေးနှင့် အရေးပေါ်တုံ့ပြန်ရေးဆိုင်ရာ အာဆီယံသဘောတူစာချုပ်အရ လုပ်ငန်းအစီအစဉ် (၂၀၂၁-၂၀၂၅)ကို ဝန်ကြီးများက အတည်ပြုခဲ့ကြပြီး အထိမ်းအမှတ် မှတ်တမ်းဓါတ်ပုံများ ရိုက်ကူးခဲ့ကြပါသည်။

ထို့အပြင် (၈)ကြိမ်မြောက် အာဆီယံသဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာ ဝန်ကြီးများ အဆင့် အစည်းအဝေး၏ သဘာပတိကြေညာစာတမ်းကို ထုတ်ပြန်ခြင်း၊ ဖိလစ်ပိုင်နိုင်ငံက ဥက္ကဌအဖြစ် တာဝန်ယူစဉ်အတွင်း ဆောင်ရွက်တိုးတက်မှုများကို မှတ်တမ်းတင်ဗွီဒီယို ပြသခြင်း၊ ၂၀၂၁ခုနှစ်၏ အလှည့်ကျ ဥက္ကဌဖြစ်သူ၊ စင်္ကာပူနိုင်ငံသို့ ဥက္ကဌတာဝန် လွှဲပြောင်းပေးအပ်ခြင်းနှင့် စင်္ကာပူနိုင်ငံက နှုတ်ခွန်းဆက်စကား ပြောကြားခြင်း၊ (၉)ကြိမ်မြောက် ဝန်ကြီးအဆင့်အစည်းအဝေး ကျင်းပမည့်နေ့ရက်နှင့်နေရာ သတ်မှတ်ခြင်း၊ ဝန်ကြီးအဆင့်အစည်းအဝေးအစီရင်ခံစာမူကြမ်းအား ဆွေးနွေးခြင်းတို့ကို ဆောင်ရွက်ခဲ့ကြပါသည်။

ယနေ့ကျင်းပသည့် ဝန်ကြီးအဆင့်အစည်းအဝေးမတိုင်မီ ၂၅ရက်နေ့နှင့် ၂၆ရက်နေ့များ တွင်လည်း အာဆီယံသဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုကော်မတီ၏ အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများကို ကျင်းပပြုလုပ်ခဲ့ရာ အဆိုပါကော်မတီ၏ အဖွဲ့ဝင် ဖြစ်သူ၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကိုကိုနိုင် ဦးဆောင်၍ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။

(၈)ကြိမ်မြောက်ဝန်ကြီးအဆင့် အစည်းအဝေးသို့ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ သဘာဝဘေး အန္တရာယ် စီမံခန့်ခွဲမှုဆိုင်ရာ ဝန်ကြီးများ၊ အာဆီယံ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုကော်မတီ၏ အဆင့်မြင့် အရာရှိကြီးများ၊ အာဆီယံအတွင်းရေးမှူးချုပ်ရုံးနှင့် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု အတွက် လူသားချင်းစာနာကူညီမှုဆိုင်ရာ အာဆီယံညှိနှိုင်းရေးမှူးရုံး (AHA Centre) တို့မှ ကိုယ်စားလှယ်များက ပါဝင်တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။

#hl_1

#npw_nov2020

Source:             MSWRR

နေပြည်တော်၊ နိုဝင်ဘာ ၂၇

Sign Up

Upcoming Events