နိုဝင်ဘာ ၂၃ ၊ နေပြည်တော်
ကချင်ပြည်နယ်အတွင်းရှိ နေရပ်စွန့်ခွာရသူ(IDPs)များ ပြန်လည်နေရာချထားမှု အကောင်အထည်ဖော်ရာတွင် UN Agency များ၏ ကဏ္ဍအလိုက် ညှိနှိုင်းမှုသေချာစေရေးအတွက် နည်းပညာဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့၏ လုပ်ငန်းလမ်းညွှန်နှင့် ပတ်သက်၍ ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲ ပိုင်းက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရချထားရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံး၊ အစည်းအဝေးခန်းမ၌ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ ဒုတိယဝန်ကြီး ဦးစိုးအောင်၊ အမြဲတမ်း အတွင်းဝန် ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။
အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက ကချင်ပြည်နယ်အတွင်းရှိ နေရပ်စွန့်ခွာရသူ (IDPs)များအတွက် ပြန်လည် နေရာချထားရေးလုပ်ငန်းများဆောင်ရွက်ရာတွင် ပြည်တွင်းနေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေးနှင့် ယာယီခိုလံရာ စခန်းများ ပိတ်သိမ်းရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျဟာအရ ဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ ဘေးကင်းလုံခြုံရန်၊ ဂုဏ်သိက္ခာရှိရန်နှင့် မှီခိုမှုကင်းသော ဘ၀များရရှိရန်တို့အတွက် ရည်ရွယ်ကြောင်း၊ ပြန်လည် နေရာချထားမည့်လုပ်ငန်းစဉ်များကို မဟာဗျူဟာတွင် စနစ်တကျထည့်သွင်း ရေးသားထားပြီး ဖြစ်ကြောင်း၊ ပြည်နယ်လုပ်ငန်းကော်မတီက လုပ်ငန်းကဏ္ဍအလိုက် ဆပ်ကော်မတီ(၉)ခု ဖွဲ့စည်း ဆောင်ရွက်လျက်ရှိကြောင်း၊ အဆိုပါလုပ်ငန်းစဉ်တွင် အစိုးရဌာနဆိုင်ရာများ၊ ပြည်တွင်းလူမှုအဖွဲ့ အစည်းများ၊ ပြည်သူများသာမက ကုလသမဂ္ဂအဖွဲ့အစည်းများ၊ အစိုးရမဟုတ်သော နိုင်ငံတကာ အဖွဲ့အစည်းများ၊ ပြည်တွင်း အဖွဲ့အစည်းများကလည်း ပူးပေါင်းဆောင်ရွက်ရန်လိုအပ်ကြောင်း၊ ကချင်ပြည်နယ်အတွင်းရှိ ပြန်လည်နေရာချထားရေးလုပ်ငန်း စဉ်များတွင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေး၊ ကျန်းမာရေး၊ ပညာရေးနှင့် အသက်မွေး၀မ်းကျောင်း ဆိုင်ရာ လုပ်ငန်းများ ဖော်ဆောင်ရေး၊ လူမှုပေါင်းစည်းရေး၊ အခြေခံအဆောက်အဦဆိုင်ရာ စီမံခန့်ခွဲရေး၊ သတင်းနှင့်ပြန်ကြားရေး၊ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် လွတ်လပ်စွာသွားလာခွင့်မြှင့်တင်ပေးရေး၊ နိုင်ငံသားစိစစ်ရေးလုပ်ငန်းစဉ် အထောက် အကူပြုရေး စသည့်ကဏ္ဍအသီးသီးတွင် မဟာဗျူဟာပါ ဖြေရှင်းဆောင်ရွက်မှု နည်းလမ်းများကို တည်ဆဲဥပဒေများ၊ နိုင်ငံတကာ စံချိန်စံညွှန်း များ၊ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ (၂၁)ရာစု ပင်လုံအစည်းအဝေးများတွင် လက်မှတ်ရေးထိုး ခဲ့သော ပြည်ထောင်စုသဘောတူစာချုပ်၊ လူမှုရေးကဏ္ဍအခြေခံမူသဘောတူညီချက်တို့နှင့်အညီ ဆောင်ရွက်အကောင်အထည် ဖော်နိုင် ရန်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ၏ ရှေ့ဆက်သွားမည့် နိုင်ငံရေး လမ်းစဉ်တွင် တိုင်းရင်းသားများအရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေးကို ဦးစားပေးဆောင်ရွက်မည် ဖြစ်ကြောင်း၊နိုင်ငံခြားရေးရာမူဝါဒတွင်လည်း ကမာ္ဘ့ကုလသမဂ္ဂအဖွဲ့အစည်းများနှင့် ရင်းနှီးခင်မင်စွာ ဆက်ဆံသွားမည်ဖြစ်ကြောင်း၊ ကချင်ပြည်နယ်နေရပ်ပြန်လုပ်ငန်းများတွင် UN Core Group ဝင်များ ဖြစ်ကြသော ကုလသမဂ္ဂဌာနေညှိနှိုင်းရေးမှူးရုံး (UNRCO)၊ ကုလသမဂ္ဂ ဖွံ့ဖြိုးမှုအစီအစဉ် (UNDP)၊ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်း ရေးမှူးရုံး (UNOCHA)၊ ကုလသမဂ္ဂကလေးများရန်ပုံငွေအဖွဲ့ (UNICEF)၊ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး (UNHCR)၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)၊ ကုလသမဂ္ဂလူဦးရေရန်ပုံငွေအဖွဲ့ (UNFPA)၊ ကုလသမဂ္ဂစားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ (FAO)၊ အပြည်ပြည်ဆိုင်ရာအလုပ်သမားအဖွဲ့ (ILO)၊ ရွှေ့ပြောင်းနေထိုင်မှုဆိုင်ရာအပြည်ပြည်ဆိုင်ရာ အဖွဲ့ အစည်း(IOM)၊ ကုလသမဂ္ဂမြို့ပြအခြေချနေထိုင်မှုအစီအစဉ် (UN Habitat)၊ ကုလသမဂ္ဂအမျိုးသမီးများအဖွဲ့ (UN Women)နှင့် ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP)တို့က ကဏ္ဍအလိုက် နည်းပညာနှင့် လိုအပ်သောကူညီထောက်ပံ့မှုများ ပေးသွားကြမည် ဖြစ်ကြောင်း၊ ထို့ကြောင့် အစိုးရကဦးဆောင်သည့် နည်းပညာဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့၏ လုပ်ငန်းလမ်းညွန်ကို ရေးဆွဲရခြင်း ဖြစ်ကြောင်း၊ နိုင်ငံတကာက အသိအမှတ်ပြုထားပြီး အစိုးရကအတည်ပြုထုတ်ပြန်ထားသည့် ပြည်တွင်းနေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေးနှင့် ယာယီခိုလှုံရာစခန်းများ ပိတ်သိမ်းရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာပါအချက်များနှင့် ကိုက်ညီအောင်လည်း ရေးဆွဲရန်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။
ထို့နောက် ဒုတိယ၀န်ကြီး၊ အမြဲတမ်းအတွင်း၀န်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် သက်ဆိုင်ရာ ညွှန်ကြားရေးမှူးများက ကဏ္ဍအလိုက် ဆွေးနွေးအကြံပြုခဲ့ကြပါသည်။ ထိုနည်းပညာဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့၏ လုပ်ငန်းလမ်းညွှန်သည် အစိုးရကို နည်းပညာပေါင်းစပ်ညှိနှိုင်းရေးအတွက် ထိရောက်စွာ အထောက်အကူဖြစ်စေမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။
#hl1_otr
#npw_nov2020
Source: MOSWRR