(၂၅-၈-၂၀၁၆) ရက်နေ့ (၁၅:၀၀)နာရီအချိန်ထိ ငလျင်လှုပ်ခတ်မှုသတင်းနှင့် ပျက်စီးဆုံးရှုံးမှုအခြေအနေ

27 Capture.JPG1 28 27 26 25 24 23 22 21 20 19 18 17 16 15 14 13 12 11 10 9 8 7 6 5 1၁။      ၂၀၁၆ခုနှစ်၊ ဩဂုတ်လ (၂၄) ရက်နေ့ မြန်မာစံတော်ချိန် (၁၇) နာရီ (၀၄) မိနစ် (၅၅) စက္ကန့် အချိန်တွင် မန္တလေးမြေငလျင်စခန်းမှ အနောက်တောင်ဘက် (၁၂၃) မိုင်ခန့်ကွာ ဝေးသော မြန်မာနိုင်ငံ ပြည်တွင်း (ချောက်မြို့၏အနောက်ဘက် (၁၂)မိုင်ခန့်အကွာ) ကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာ စကေး (၆.၈) အဆင့်ရှိ အင်အားပြင်းထန်သော မြေငလျင် လှုပ်ခတ်မှုနှင့် ပတ်သက်၍ လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီးဌာနအနေဖြင့် ၀န်ကြီးဌာနတွင် ဖွင့်လှစ်ထားရှိသည့် အရေးပေါ်အခြေအနေစီမံခန့်ခွဲမှု ဗဟိုဌာနတွင် စောင့်ကြည့်လေ့လာ၍လည်းကောင်း၊ တိုင်းဒေသကြီး/ ပြည်နယ် ကယ်ဆယ်ရေး နှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဦးစီးမှူးရုံးများနှင့် ဆက်သွယ် ၍လည်းကောင်း၊ အခြားလူမှုကွန်ယက်များမှလည်းကောင်း သတင်းများ ရယူဆောင်ရွက်ခဲ့ ပါသည်။ စုံစမ်းသတင်းရယူမှုများအရ –

နေပြည်တော်လွှတ်တော်အဆောက်အဦတွင် အနည်းငယ်ပျက်စီးခြင်း၊ သုခသိဒ္ဓိရပ်ကွက်ရှိ ဓမ္မာရုံအနည်းငယ်ပျက်စီးခြင်း၊ မဟာသကျရံသီရုပ်ရှင်တော်မြတ်ကြီး ဂန္မကုဋီတိုက်၊ တနင်္ဂနွေ ထောင့်၌ မှန်များအနည်းငယ်ကြွေကျခဲ့ခြင်း၊

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေတွင် ရှေးဟောင်းဘုရားစေတီ (၁၈၇) ဆူခန့် ထီးတော်ယိုင်ခြင်း၊ စိန်ဖူးတော်မြေခခြင်း၊ ဖောင်းရစ် များအက်ကွဲခြင်း၊ ပြုတ်ကျခြင်း၊ စေတီထပ်ဖူးများပဲ့ကျခြင်း၊ ငှက်ပျောဖူးနှင့် ကြာမှောက် ကြာလန်များကျိုးကျခြင်း၊ ခေါင်းလောင်းအက်ကွဲခြင်း၊

  • မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ်၊ မြို့ဟောင်းရပ်ကွက်၊ မြနန္ဒာလမ်းနှင့် ဘုရား လမ်းထောင့်ရှိ ရွှေပြည်အေးဆီစက် အုတ်နံရံပြိုကျခြင်း၊ ရွာသစ်ကျေးရွာရှိ ဆုတောင်းပြည့် စေတီစိန်ဖူးတော်မြေခပျက်စီးခြင်း၊ မြင်ကွန်းကျေးရွာရှိ ရွှေကျုံးဦးစေတီ စိန်ဖူးတော်မြေခ ပျက်စီးခြင်း၊ ကြိုးကြာကန်ကျေးရွာရှိ မဟာထေရ်ဦးစေတီထီးတော် မြေခပျက်စီးခြင်း၊ မယ်လှတောင် ကျေးရွာရှိရှစ်မျက်နှာစေတီစိန်ဖူးတော်မြေခပျက်စီးခြင်း၊
  • ရေနံချောင်းမြို့နယ်၊ မြို့မစျေးကြီးအရှေ့ဘက် ကျမ်းကိုင်ကျွန်းဘုရား၀င်းအတွင်းရှိ စေတီတော်ပြိုကျခြင်း၊ သစ်တပွေရပ်ကွက်တွင် လူ (၂) ဦးသေဆုံးခြင်း၊ ရေနံချောင်း ဒီဂရီ ကောလိပ် ကျောင်းဆိုင်းဘုတ်နှင့် ကျောင်းဓမ္မာရုံမြင့်မိုရ် ပိတ်အနည်းငယ်ပျက်စီးခြင်း၊ ညောင်လှရပ်ကွက်ရှိ ဓမ္မာရုံမြင်းမိုရ် ပိတ်အနည်းငယ်ပျက်စီးခြင်း၊ မြို့မမြောက်ရပ်ကွက်၊ ကျမ်းကိုင်ဘုရားဝိုင်းအတွင်းရှိ လောကမာရဇိန်မြတ်စွာဘုရား တောင်ဘက်ခြမ်းရှိ ကိုယ်လုံး တော်မှ အုတ်ချပ်များပေါက်ထွက်ခြင်းနှင့် နောင်တော်ကြီးစေတီတော်ရှိစိန်ဖူးတော်မြေခခြင်း၊ မြို့မတောင်ရပ်ကွက်၊ ဆွမ်းလောင်းရုံဟောင်းစေတီငယ်မှ စိန်ဖူးတော်ယိုင်၍ တိမ်းစောင်း ခြင်း၊ တိုင်းရင်းဆေးရုံအောက်ခံဖောင်ဒေးရှင်းအနည်းငယ်အက်ကွဲ၍ ပြူတင်းပေါက်မှန် အချို့ပျက်စီးခြင်း၊ ထန်းပင်စုကျေးရွာရှိအမက (၁၁၁) စာသင်ခန်း (၁) ခန်း ပြိုကျ ပျက်စီး ခြင်း၊ အုတ်လှကျေးရွာရှိ အမက (၁၁၀) ကျောင်းနံရံအက်ကွဲခြင်း၊ ထယ်ပင်ကုန်းကျေးရွာရှိ အမက(၁၀၀)ကျောင်းကွန်ကရိကြမ်းခင်းအက်ကွဲခြင်း၊ ဘုရားကုန်းကျေးရွာရှိ ပင်းစက္ကလံပ ဘုရားအရှေ့မြောက်ထောင့်ရှိအရံစေတီတော်ပြိုကျခြင်း၊ ဒါန်ကုန်းသစ်ကျေးရွာရှိ အမက (၂၉) လခွဲကျောင်းဆောင်ယိုင်နဲ့ခြင်း၊ ရှားတောကျေးရွာရှိ နေအိမ် (၁) လုံးပြိုကျခြင်း၊ အလယ်ကုန်းကျေးရွာရှိ စာသင်ကျောင်းအမိုးယိုင်နဲ့ခြင်း၊ စေတီ (၁) ဆူကွဲအက်ခြင်း၊ စေတီ (၁) ဆူပြိုကျခြင်း၊ လွမ်းစေတီစိန်ဖူးတော်မြေခခြင်း၊ ဖိုးကိုးကျေးရွာရှိ ရွှေဘုံသာ ဘုန်းတော် ကြီး ကျောင်းအပေါ်ထပ်အရှေ့ဘက်ခြမ်းအက်ကွဲခြင်း၊ ရုံးဆိပ်မြောက်ကျေးရွာရှိ နွားထိုးကြီး (၉)တောင်ပြည့်စေတီဘေးဘက်အက်ကွဲခြင်း၊ စိန်ဖူးတော် မြေခ၍ထီးတော်စောင်းသွားခြင်း၊ ချိုင်းကျေးရွာရှိစေတီတော်ပျက်စီး၍ ချောင်းဦးစေတီနှင့် အခြားစေတီ(၂)ဆူအက်ကွဲခြင်း၊ ကျွဲဘုတ်ကျေးရွာရှိစေတီတော်ထီးတော်ယိုင်နဲ့ခြင်း၊ လေးတိုင်စင်ကျေးရွာမြောက်ဘက် ကျွန်းဘိုကုန်း ဘုရားစေတီဖောင်းရစ်မှစတင်၍ ပြိုကျပျက်စီးခြင်း၊မင်းဘူးမြို့၊ နဂါးပွက်တောင်တွင် ရွှံ့ရေပူများလျှံကျလာခြင်းနှင့် အဆောက်အဦးအချို့ပျက်စီးခြင်း၊ စလင်းမြို့နယ်တွင် ဘုရားစေတီ (၇၃) ဆူပြိုကျ/ပျက်စီးခြင်း၊ ဌာနဆိုင်ရာ အဆောက် အဦ (၅) ခု အနည်းငယ်ပျက်စီးခြင်း၊ ပွင့်ဖြူမြို့နယ်၊ ကျွဲထိကျေးရွာတွင်စေတီ (၁) ဆူပြိုကျခြင်း၊ အဆောက်အဦအချို့အနည်းငယ်ပျက်စီးခြင်း၊ ဆိပ်ဖြူမြို့နယ်ရှိ စေတီတော်အချို့ စိန်ဖူးတော် မြေခခြင်း၊ ထီးတော်တိမ်းစောင်းခြင်း၊ ဖောင်းရစ်အက်ကွဲခြင်း၊
  • ပခုက္ကူမြို့နယ်၊ ပုဂ္ဂလိကဆေးပေါင်းရုံပြိုကျ၍ လူ (၁) ဦးသေဆုံးပြီး (၁) ဦး ဒဏ်ရာ ရရှိခြင်း၊ ပခုက္ကူမြို့၌ သံဃာတော် (၂) ပါးနှင့် ကျား (၁) ဦးဒဏ်ရာရခြင်း၊ အမှတ် (၁) ရပ်ကွက်ရှိ ဖောင်တော်ဦးမြတ်စွာဘုရားမဟာအတုလတန်ဆောင်းတော်မုခ်ဦးအက်ကွဲခြင်း၊ ဘုရားရှေ့ရှိ ခြင်္သေ့ဘယ်ဘက်နားရွက် (၁) ဖက်ပျက်စီးခြင်း၊ ကျောက်စေတီဘုရား၀န်းအတွင်းရှိ စေတီရံ (၁) ဆူ ဖောင်းရစ်အခြေအက်ကွဲပြီး အနောက်မြောက်ဘက်သို့အနည်းငယ်တိမ်းစောင်းခြင်း၊ အမှတ် (၆) ရပ်ကွက်၊ ပခုက္ကူတက္ကသိုလ်အတွင်း ၀န်ထမ်းအိမ်ယာ (၄) ထပ်ဆောင် အက်ကွဲခြင်း၊ ကမ္မမြို့၊ အမှတ် (၂) ရပ်ကွက်၊ ရွာဦးမင်းကျောင်းအ၀င် မုခ်ပေါ်ရှိ ထီးတော်မြေခခြင်း၊ မုခ်ဦးပြဿဒ် (၈) ပေခန့်ပြိုကျခြင်း၊ ဘုရားနီဘုရား စေတီလုံးပတ် အက်ကွဲခြင်း၊ ရှစ်မျက်နှာဘုရားစေတီလုံးပတ်အက်ကွဲခြင်း၊ အမှတ်(၁၁)ရပ်ကွက်ရှိ ထနောင်း အနောက်ကျောင်းတိုက်၏အနောက်ဘက် အုတ်တံတိုင်း (၆၀) ပေခန့် ပြိုကျခြင်း၊ အမှတ် (၁၂) ရပ်ကွက်၊ ဂျိုးပြန်ဘုန်းတော်ကြီး ကျောင်းတိုက်အတွင်းရှိ လောကအောင်မြေ ဘုရား အနီးရှိတံခွန်တိုင်ထီးတော်မြေခခြင်း၊ သာသနာ့ဇောတိက ရာမကျောင်းတိုက်ရှိ ရှစ်မျက်နှာ ဘုရားအပေါ်ဖောင်းရစ် (၅) ပေခန့် အက်ကွဲခြင်း၊ သိမ်တော်ကျေးရွာရှိ မဟာရှင်ပင် ရွှေကူကြီးဘုရား၏ စိန်ဖူးတော်မြေခခြင်း၊ သဗ္ဗသုခနှစ်ကျိပ်ရှစ်ဆူဘုရားဖောင်းရစ် (၂) ပေခန့်ပဲ့ကျခြင်း၊ လောကချမ်းသာဘုရားဖောင်းရစ် (၅) ပေခန့်ပဲ့ကျခြင်း၊ မြို့သစ်ရပ် မြသိန်းတန်ဘုရားဖောင်းရစ် (၃) ပေခန့်ပဲ့ကျခြင်း၊ မြောက်ပိုင်းဓမ္မာရုံ၏ လေကာပြိုကျခြင်း၊ ညောင်လှကျေးရွာ ဆွေဘုရားမျိုးဘုရား၏ ထိပ်ပိုင်း (၄) ပေခန့်ပြုတ်ကျပြီး ထီးတော် မြေခခြင်း၊ မကျီးပင်ပုကျေးရွာ၊ မကျီးပင်ပုသာသနာပြု အရှေ့ကျောင်းအ၀င် မုခ်အထက် ဘုံညွှန့်များပြိုကျပျက်စီးခြင်း၊ ကျောင်း၀န်းအတွင်းရှိ ဆုတောင်းပြည့်ဘုရား ပြိုကျ ပျက်စီးခြင်း၊ စေတီတော်ထီးတော်မြေခခြင်း၊ ဘုရားကုန်းကျေးရွာ လောကမှန်ကင်း စေတီတော်ကြီးအက်၍ယိုင်စောင်းခြင်း၊ ခြင်္သေ့ရုပ်ပြိုကျခြင်း၊ သစ္စာဓိဌာန်စေတီအက်၍ ယိုင်စောင်းခြင်း၊ နှောကုန်းကျေးရွာရှိရှစ်မျက်နှာစေတီတော်နှင့် တံခွန်တိုင်ထိပ်ပိုင်း ပြုတ်ကျ ခြင်း၊ အရံစေတီ(၂)ဆူအက်ကွဲခြင်း၊ နတ်ရင်းဘုန်းတော်ကြီး ကျောင်းတွင်းရှိ စေတီ တော် ဖောင်းရစ်ပိုင်း ပြိုကျပြီးထီးတော်မြေခခြင်း၊ ဒေါင်းစားကျေးရွာရှိ မဟာအောင်စည် အုဌ်ကျောင်းရှေ့ လှေကားဆောင်အက်ကွဲခြင်း၊ ကိုင်းရွာရှိရွာလယ်ဆုတောင်းပြည့်စေတီတော် စိန်ဖူးတော်မြေခခြင်း၊ ရေနံချပ်ကျေးရွာရှိစေတီတော်၏ငှက်ပျောဖူးတိမ်းစောင်းခြင်း၊ ဥယျာဉ် တောင်စုကျေးရွာ၊ ဘုန်းတော်ကြီးကျောင်းရှိစေတီငှက်ပျောဖူးအက်ကွဲခြင်း၊ ကျောင်းစု ရွာဘုန်းတော်ကြီးကျောင်း၀န်းအတွင်းရှိ စေတီ၏ငှက်ပျောဖူး ပြုတ်ကျပြီး ထီးတော် မြေခခြင်း၊ တန်ဆောင်းအရှည်ပေ(၈၀)ခန့် အက်ကွဲခြင်း၊ မကျီးစုရွာတဲ ဦးအောင်ချမ်းသာ ဘုန်းတော်ကြီးကျောင်းရှိစေတီတော်၏စိန်ဖူးတော် မြေခခြင်း၊ တင်းဂါတ်ကျေးရွာ ရွှေနန်းဦး စေတီတော်အင်္ဂတေပဲ့ကျခြင်း၊ ရွှေပေးကျေးရွာရှိရှင် မဟံစေတီလုံးပတ် အက်ကွဲခြင်း၊ ဉာဏ်တော် အမြင့်ပေ (၄၅) ခန့်ရှိ ဖိုးလှိုင်ဘုရားပြိုကျပျက်စီးခြင်း၊ ရွှေမုဌောဘုရားစေတီ လုံးပတ်အက်ကွဲခြင်း၊ ပေါက်တောကျေးရွာနတ်ကွန်းစင်ဘုန်းတော်ကြီး ကျောင်း၀န်း အတွင်းရှိ လောကသာမိစေတီတော်၏ စေတီအထွဋ်(၄)ပေခန့် အင်္ဂတေအက်ကွဲခြင်း၊ မင်းလှမြို့နယ် တွင် ဘုရားစေတီ (၁) ဆူစိန်ဖူးတော်မြေခခြင်း၊
  • ငဖဲမြို့နယ်တွင် အိမ်အချို့ပြိုကျပျက်စီးခြင်း၊
  • ချောက်မြို့နယ်တွင် နေအိမ် (၁) လုံးတွင် ပျက်စီးခြင်း၊ အမှတ် (၁၄) ရပ်ကွက် ကိုးမော်စွန်း စေတီစိန်ဖူးတော် မြေခပျက်စီး၍ ကြာမှောက်ကြာလန်နှင့် ကိုးမော်စွန်းဓမ္မာရုံအက်ကွဲခြင်း၊ ဥယျာဉ် (၇) ရွာ ရှင်ပင်စာကြိုလှဘုရားကွင်းတောင်ပတ်ချာလည်ပဲ့ကျ စိန်ဖူးတော် စောင်းခြင်း၊ တံခွန်၏အရှေ့တောင်ဘက်ဘုရားတစ်ဆူထီးတော်မြေခ၊ ကြာဠု၀တီဘုရား ကွမ်းတောင်ရွေ့စောင်း၊ ‌ဝေဠု၀တီဘုရား ကြာမှောက်ကြာလန်ပဲ့ကျခြင်း၊ အုန်းပွဲတောရွာ ရှင်ပင်ချမ်းသာဘုရားကြာကန်အောက်အက်ကွဲခြင်း၊ ပခန်းငယ်ရွာသေခဲလှဘုရားနှင့် အောင်စေတီထီးတော်အက်၊ မဲထီးအဆက်ကျောင်းဘုရား၊ ရှင်ပင်ဘုန်းတော်ပြည့်ဘုရား၊ သိမ်ဘုရား၊ ပိဋိကတ်တိုက်စေတီ၊ ရှင်ပင်ချမ်းသာလှဘုရား၊ ရှင်ပင်ကာဆီးဘုရားနှင့် မြသိန်းတန်ဘုရားတို့ထီးတော်မြေခခြင်း၊ ညောင်ချောင်းရွာရွာဦး ဘုရားအရံစေတီ (၁) ဆူ ထီးတော်ကျိုးခြင်း၊ ကျောက်ရဲရွာရှင်ပင်သက်တော်ရှည်ဘုရား(၄)ဆူနှင့် ရှင်ပင်ချမ်းသာကြီး စေတီတို့ ထီးတော်မြေခ၊ သဲရင်းတောဘုန်းကြီးကျောင်း (၃)ထပ်တိုက်မျက်နှာစာပြိုကျ၊ ကျောင်းဆောင်စောင်းသွားခြင်း၊ ဂွေးပင်ရွာရှိနေအိမ်(၁)လုံးအုတ်တံတိုင်းပြိုလဲခြင်း၊ ၀သဲစမ်း အလကခွဲသောက်ရေကန်ကွဲအက်ခြင်း၊ ညောင်စင်ကျေးရွာလောကမာန် ဇေဘုရား စိန်ဖူးတော်ယိုင်၊ အရံစေတီ (၂) ဆူထီးတော်မြေခ၊ နရွဲတောအထကခွဲမြင့်မိုရ်ပိတ်ပြုတ်ကျ၊ ဂွေးပင်ကြီးရွာအမက(၅၇)မြင့်မိုရ်ပိတ်ပြုတ်ကျ၊ သလုံးသွေးရွာရွာဦးဘုရားစိန်ဖူးတော်မြေခ၊ ကုန်းကြီးရွာ ရွှေဘုံသာဘုရားစိန်ဖူးတော်မြေခ၊ အမှတ်(၆၂)အလကခွဲ အဆောက်အဦ နံရံအက်ကွဲ၊ တောင်တဲကျေးရွာရွာဦးဘုန်းတော်ကြီးကျောင်းနောက် ထရံခန်း(၄)ခန်းပြိုကျ၊ မြင့်မိုရ်ပိတ်ပြုတ်ကျ၊ မြသိန်းတန်စေတီ(၂)ဆူစိန်ဖူးတော်မြေခ၊ တန်ဆောင်းအုတ်နံရံလဲခြင်း၊ မိုလာရွာရွာဦး ဘုန်းတော်ကြီးကျောင်းအုတ်တံတိုင်းအက်ကွဲခြင်း၊ ပြည့်ပင်ရွာ ရွာဦး ဘုန်းတော်ကြီး ကျောင်းအုတ်တံတိုင်း(၅)ပေခန့်ပြိုကျခြင်း၊ သွေးနက်ရွာဆုတောင်းပြည့် ဘုရားနှင့် တံခွန်တိုင်အက်ကွဲခြင်း၊ ညောင်နီကျင်းရွာရွာဦးဘုရားစိန်ဖူးတော် မြေခ၊ မကျီးကန်ရွာရှင် ပင်ဂေါတမကိုယ်ပွားစေတီထီးတော်မြေခခြင်း၊ တောင်တွင်းကြီးမြို့နယ်တွင် နှစ်(၁၅၀) ကျော်ကြာရဟန်း မနေ ဘုန်းတော်ကြီးကျောင်းပြိုကျခြင်း၊ ကံပေးကြီးကျေးရွာ မိုးကောင်းဘုရားစိန်ဖူးတော်မြေခခြင်း၊
  • မြို့သစ်မြို့နယ်၊ ကံကြီး (တ) ကျေးရွာတွင်တည်ထားသောဘုရား (၅) ဆူအနက် (၁) ဆူထီးတော်မြေခ၊ (၁) ဆူအနည်းငယ်ကွဲအက်ခြင်း၊ နတ်မောက်မြို့နယ်၊ ပိတောက်ကုန်း ကျေးရွာ ရွာဦးကျောင်းအတွင်းရှိစေတီပြိုကျခြင်း၊ ၀က်ချုပ်ကျေးရွာရှိ စေတီ(၄) ဆူစိန်ဖူး တော်မြေခခြင်း၊ ကျောင်းရွာလေးရွာစေတီပြိုကျခြင်း၊ ဆင်ပေါင်ဝဲမြို့နယ် အမှတ်(၃)ရပ်ကွက်ရှိ ဘုရားငါးဆူစေတီစိန်ဖူးတော်ကြီးနှင့်အရံစိန်ဖူးတော်(၃)လုံးမြေခပျက်စီးခဲ့ခြင်း၊ ပိတောက်ကန်ကျေးရွာနေအိမ် (၁) လုံးပျက်စီးခြင်း၊
  • ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ် ညောင်ပင်ဈေးရပ်ကွက်တွင် ရတနာ့မာရ်အောင် ဘုရားကျောက်ထီးတော်သည် ကြာမောက်ကြာလန်အထိပေ (၂၀) ခန့် ပြိုကျပျက်စီးခြင်း၊ ရတနာပုံစေတီတော်၏ ကျောက်ထီးတော်အောက်ဆုံးအရစ် (၉) လက္မခန့် ပဲ့ကျခဲ့ခြင်း၊ ကိုးသောင်းဘုရား အရှေ့မြောက် လှိုဏ်ပတ်လမ်းအပေါ်ဘုရားမှ ကျောက်တုံး (၅) တုံးပြုတ် ကျမှုကြောင့် နံရံရှိ (၉) လက်မခန့် ဘုရားရုပ်ပွားတော်(၃)ဆူပဲ့ကျပျက်စီးခဲ့၊ မင်းပြားမြို့၊ အလယ်ပိုင်းရပ်ကွက်၊ အထက (၁) ရှိ (၂) ထပ်ကျောင်းဆောင်ဟောင်း၏ အနောက်ဘက် လှေကားယိမ်းယိုင်၍ နောက်ဘက်နံရံအက်ကွဲပြီး အုတ်နံရံ (၂) ခန်းပြိုကျပျက်စီး၊ ခြိတ်တောင်ကျေးရွာအုပ်စု၊ ဘုန်းကြီးကျောင်းမုခ်ဦးပြိုကျခြင်း၊ တရဂူရွာဟောင်း ကျေးရွာတွင် နေအိမ် (၁) လုံးပျက်စီးခြင်း၊ မြေပုံမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအ‌ဝေးခန်းမ၊ အနောက်ဘက် အုတ်နံရံ (၈) ပေ (၄) ပေခန့် ပြိုကျပျက်စီးခြင်း၊ ကမ်းထောင့်ကြီးမြို့၊ ရွာသာယာရပ်ကွက်၊ မဟာရတနာဒီပအုတ်ကျောင်းရှိ စေတီတော် (၃) ဆူ၏ စိန်ဖူးတော်များကျိုးကျခြင်း၊ ပုဏ္ဏားကျွန်းမြို့၊ လောကမာရဇိန်ဘုရားရှေ့မုခ်၀ပေါ်၌ ဗုဒ္ဓရုပ်ပွားတော်မြေခခြင်း၊ ရသေ့တောင်မြို့နယ် အလိုတော်ပြည့်ကျောင်းတိုက်ရှိ လောကသရဖြူအတုလှ မာန်အောင်ဗုဒ္ဓရုပ်ပွားတော်ရှိစိန်ဖူးတော်နှင့် တောင်ဘက်မုခ်၀ရှိ စိန်ဖူးတော်များမြေခခြင်း၊
  • စစ်ကိုင်းတိုင်းဒေသကြီး၊ မြင်းမူမြို့နယ်၊ ထီးဆောင်းကျေးရွာ၊ ရှင်ပင်ဂူဘုရားစေတီတော်၏ ဖောင်းရစ်၊ ကြာမှောက်ကြာလန်အက်ကွဲ၊ ထီးတော်ပြုတ်ကျခြင်း၊ ဆားလင်းကြီးမြို့နယ်၊ တောကျောင်းကျေးရွာရှိ မြတ်စေသူစေတီတော် ထီးတော်စောင်းခြင်းနှင့် ကြာမှောက်ကြာလန ကွာချခြင်း၊ အေးရွာ၊ ရွာဦးဓမ္မနာဒကျောင်းတိုက်တော်အက်ကွဲသွားခြင်း၊ နံရံကြွေပြားများ ကွာကျခြင်း၊ မြတ်ဘုန်းရှင်ဘုရားအက်ကွဲသွားခြင်း၊ ပေါင်း၀ကျေးရွာ၊ ရွှေစည်းခုံဘုရား စေတီတော်ဖောင်းရစ်အက်သွားခြင်း၊ ဓမ္မာရုံနံရံအက်ကွဲသွားခြင်းနှင့် ထီးတော် အနည်းငယ် စောင်းသွားခြင်း၊ လင်းစားကျက်ကျေးရွာ၊ အေးစေတီတော်ဘုရားဖောင်းတော်ရစ်အထက် ကျောက်ထီးတော်အက်ကွဲခြင်း၊ ထောင်ပြည့်စေတီတော် ဘုရားကျောက် ထီးတော်အရစ်ကွဲပြီး ပျက်ကျခြင်းတို့ ဖြစ်ခဲ့ကြောင်းသတင်းများရရှိပါသည်။

၂။      ငလျင်ကြီးဖြစ်ပွားပြီးချိန်တွင် နောက်ဆက်တွဲငလျင်ငယ်များ ထပ်မံလှုပ်ခတ်နိုင်သည့် အတွက်လည်းပြည်သူလူထုအနေဖြင့် သတိပြုနေထိုင်သင့်ပါသည်။ ပြည်သူလူထုအနေဖြင့် သဘာ၀ဘေးအန္တရာယ်များနှင့်ပတ်သက်သောသတင်းအချက်အလက်များကိုကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၏ Facebook Account ဖြစ်သော Relief and Resettlement Department-Myanmar တွင်လည်း ၀င်ရောက်လေ့လာကြည့်ရှုနိုင်ပါ ကြောင်းနှင့် ထပ်မံရရှိသောသတင်းများကို ဆက်လက်တင်ပြသွားမည်ဖြစ်ပါသည်။

Sign Up

Upcoming Events