လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး မြေငလျင်ကြောင့် အသက် ဆုံးရှုံးပျက်စီးမှုများကို လိုက်လံကြည့်ရှုအားပေးစကားပြောကြားခြင်း

2

၂၀၁၆ ခုနှစ် သြဂုတ်လ ၂၄ ရက်နေ့ညနေပိုင်းတွင် ဖြစ်ပေါ်ခဲ့သော မြေငလျင်ကြောင့် မြန်မာနိုင်ငံရှိဒေသအချို့တွင် စေတီပုထိုးများ ပြိုကျပျက်စီး ခြင်း၊ ဘုန်းကြီးကျောင်းနှင့် လူနေအဆောက်အဦများ ပျက်စီးခြင်း၊ လမ်း တံတားများပျက်စီးခြင်းနှင့် လူများထိခိုက်ဒဏ်ရာရရှိခြင်း၊ လူ (၃) ဦး သေဆုံးခြင်းများ ဖြစ်ပေါ်ခဲ့ရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး သည် ယနေ့နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး၊ ပုဂံမြို့ရှိ ငလျင်ဒဏ် ကြောင့် ပြိုကျပျက်စီးခဲ့သော စူဠာမဏိစေတီ၊ စေတနာကြီးပုထိုးတော်တို့အား ကြည့်ရှုလေ့လာခဲ့ပါသည်။ မြေငလျင်ကြောင့် ပုဂံယဉ်ကျေးမှုနယ်မြေအတွင်း  စေတီပုထိုးပေါင်း (၁၈၄) ဆူထိခိုက်ပျက်စီးခဲ့ရပြီး နိုင်ငံခြားခရီးသွားဧည့်သည် စပိန်နိုင်ငံသူတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မော်တော်ယာဉ်ဖြင့် မကွေး တိုင်းဒေသကြီး၊ ပခုက္ကူမြို့ မဟာဝိသုတာရာမတိုက် (အလယ်တိုက်) ကျောင်း သို့ ရောက်ရှိပြီး ဆရာတော်အား ဖူးမျှော်ကန်တော့ကာ ကျောင်းဝင်းအတွင်းရှိ မြေငလျင်ကြောင့် ပြိုကျပျက်စီးခဲ့သော မုဒ်ဦးနှင့် ကျောင်းတိုက်တို့အား လှည့်လည်ကြည့်ရှုကာ အလှူငွေများ ပေးအပ်လှူဒါန်းခဲ့ပါသည်။ ဆက်လက် ၍ မြေငလျင်ကြောင့် မြေခခဲ့သော ရွှေမုဌောစေတီ၏ စိန်ဖူးတော်နှင့် စေတီ တော်ကို ဖူးမြော်ကန်တော့ခဲ့ပါသည်။ ၄င်းနောက် ဗာဂျီးနီးယားဆေးပေါင်း စက်ရုံပြိုကျသဖြင့် အသက်ဆုံးရှုံးခဲ့ရသည့် မောင်ထက်မြတ်အောင်၏ ဖခင် အား  နာရေးထောက်ပံ့ငွေကို ပေးအပ်ခဲ့ပါသည်။ ပခုက္ကူမြို့ အထွေထွေရောဂါ ကုဆေးရုံတွင် ဆေးကုသမှုခံယူလျက်ရှိသော မြေငလျင်ဒဏ်ကြောင့်  ဒဏ်ရာရ ရှိသူ သံဃာတော် (၂) ပါးနှင့် လူပုဂ္ဂိုလ် (၂) ဦးတို့အား ကြည့်ရှုအားပေးစကား ပြောကြားပြီး ထောက်ပံ့ငွေများ ပေးအပ်ခဲ့ရာ ဝေဠုကျော်ဖောင်ဒေးရှင်းက လည်း ပါဝင်ထောက်ပံ့ကူညီခဲ့ပါသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မွန်းလွဲပိုင်းတွင် ရေနံ ချောင်းမြို့သို့ရောက်ရှိပြီး မြို့မမြောက်ရုံးရပ်ရှိလောကမာန်အောင်စေတီတော် မြတ် ပြိုကျပျက်စီးမှုအခြေအနေကိုကြည့်ကာ မြေငလျင်ကြောင့် အသက် ဆုံးရှုံးခဲ့ရသည့် မနှင်းနှင်းနွယ် (၁၅) နှစ် (အဘ) ဦးကြိုင်စိုး၊ မခင်အေးငြိမ်း (၇) နှစ် (အဘ) ဦးမြငွေတို့အတွက် ထောက်ပံ့ငွေများနှင့် နေအိမ်ပြိုကျခဲ့သည့် မိသားစုအတွက် ထောက်ပံ့ငွေများ ပေးအပ်ခဲ့ပါသည်။ ရေနံချောင်းမြို့ သူဌေးကုန်းကျေးရွာရှိ အထက်တန်းနှင့် အလယ်တန်းကျောင်းသား/ ကျောင်း သူများ နေ့စဉ်ကျောင်းတက်ရာတွင် အန္တရာယ်ကင်းစေရန်အတွက် အသုံးပြု ရန်လိုအပ်လျက်ရှိသော စက်တပ်လှေနှင့် အသက်ကယ်အင်္ကျီများ ဝယ်ယူရန် ထောက်ပံ့ခဲ့ကြောင်း သိရှိရပါသည်။

Source:  MSWRR

Sign Up

Upcoming Events