လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများဆောင်ရွက်ရန် ချင်းပြည်နယ်၊ မင်းတပ်မြို့သို့ ရောက်ရှိနေသော လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီး ဌာန၊ လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ လုပ်ငန်းကော်မတီ ဥက္ကဌ၊ ပြည်ထောင်စု ဝန်ကြီးဒေါက်တာမြတ်မြတ်အုန်းခင်သည် တာဝန်ရှိသူများလိုက်ပါလျှက် ဇန်နဝါရီလ (၉) ရက်နေ့တွင် ချင်းပြည်နယ် မင်းတပ်မြို့၊ ကွက်စိပ် (၅) ရပ်ကွက်တွင် နေထိုင်သော အသက် (၁၀၄) နှစ်ရှိ အဘိုးဦးမိန်ထုံထံသို့ သွားရောက်ကာ နိုင်ငံတော် သမ္မတကြီး ကိုယ်တိုင် လက်မှတ်ရေးထိုးထားသော ဂုဏ်ပြုလွှာနှင့် နိုင်ငံတော်သမ္မတ၊ ဒုတိယ သမ္မတများ၊ ပြည်ထောင်စုဝန်ကြီးများနှင့် ဒုတိယ ဝန်ကြီးများ၏ ချီးမြှင့်ငွေ (၂၅) ရာခိုင်နှုန်းမှ ထောက်ပံ့ငွေ (၂) သိန်းကျပ်အား နိုင်ငံတော်တော် ကိုယ်စားပေးအပ်ကာ အဘိုးနှင့် မိသားစုဝင်များအား ဂုဏ်ယူဝမ်းမြောက်ပါကြောင်း ပြောကြားပါသည်။ ထို့နောက် မင်းတပ်ခရိုင် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဦးစီးဌာန ရုံးတည်ဆောက် မည့် မြေနေရာအား သွားရောက်ကြည့်ရှုကာ လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ ပါသည်။ ဆက်လက်၍ မင်းတပ်မြို့ အ.ထ.က (၁)တွင် ကျင်းပသော ချင်းပြည်နယ် အတွင်းရှိ အသက်(၁၀၀) နှစ်နှင့် အထက် သက်ကြီးဝါကြီးများကို ဂုဏ်ပြုလွှာနှင့် ထောက်ပံ့ငွေချီးမြှင့်ပွဲ၊ စေတနာ့ဝန်ထမ်း အဖွဲ့အစည်းများအား (၂၀၁၄-၂၀၁၅) ဘဏ္ဍာရေးနှစ်၊ ထောက်ပံ့ငွေပေးအပ်ပွဲနှင့် လူမှုစောင့်ရှောက်ရေးနှင့် သဘာဝဘေးလျော့ပါးရေး စေတနာ့ဝန်ထမ်းလူငယ်များနည်းပြသင်တန်း(၂/၂၀၁၅)ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက် အမှာစကားပြောကြားပါသည်။ အစီအစဉ်အရ ချင်းပြည်နယ်အစိုးရ အဖွဲ့ဝင်၊ လူမှုရေးဝန်ကြီး ဒေါက်တာဘမောင် က ချင်းပြည်နယ်အတွင်း ဆောင်ရွက်လျက်ရှိသော လူမှုစီးပွားဘဝမြင့်မားရေးလုပ်ငန်းများအကြောင်း၊ လူမှုဝန်ထမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ ဦးစိုးကြည်က လူမှုစောင့်ရှောက်ရေး စေတနာ့ဝန်ထမ်းလူငယ်များ စီမံကိန်းအကြောင်းနှင့် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးစိုးအောင်က သဘာဝဘေးလျော့ပါးရေး စေတနာ့ဝန်ထမ်းလူငယ်များ စီမံကိန်းအကြောင်း ရှင်းလင်းပြောကြားကြပါသည်။ ထို့နောက် မင်းတပ်မြို့၊ ကွက်စိပ် (၅) အနောက်ရပ်ကွက်နေ (၁၀၄) နှစ်ရှိ ဦးမိန်ထုံနှင့် ဟားခါးမြို့၊ မြို့သစ်ရပ်ကွက်နေ အသက် (၁၀၂) နှစ်ရှိ အဘွား-ဒေါ်ဟွတ်ဒွေးတို့အတွက် နိုင်ငံတော်သမ္မတကြီးကိုယ်တိုင် လက်မှတ်ရေးထိုးထားသော ဂုဏ်ပြုလွှာများနှင့် နိုင်ငံတော်သမ္မတ၊ ဒုတိယသမ္မတများ၊ ပြည်ထောင်စုဝန်ကြီးများနှင့် ဒုတိယဝန်ကြီးများ၏ ချီးမြှင့်ငွေ (၂၅) ရာခိုင်နှုန်းမှ ထောက်ပံ့ငွေ (၂) သိန်းကျပ်စီအား နိုင်ငံတော်ကိုယ်စား အတူနေမိသားစုဝင်များကို ပေးအပ်ပါသည်။ဆက်လက်၍ မင်းတပ်မြို့နယ်အတွင်းရှိ ခြုံကျေးရွာ လူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာအတွက် (၄၇.၄)သိန်း၊ အရှေ့ပြင်ရပ်ကွက် (သိပ္ပံ) လူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာအတွက် (၄၄.၄၈)သိန်း ၊ဝမ္မသူးလူငယ် ဖွံ့ဖြိုးရေး ပရဟိတဂေဟာ အတွက် (၄၄.၄၈) သိန်း၊ ဝကောက်လူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာအတွက် (၂၉.၂) သိန်းနှင့် မေတ္တာစမ်းရေ ဘိုးဘွားရိပ်သာအတွက် (၆) သိန်း၊ ကန်ပက်လက်မြို့နယ် အတွင်းရှိ ထေရဝါဒဗုဒ္ဓသာသနာပြု (ဗဟို) လူငယ်ဖွံ့ဖြိုးရေး (၄၉.၄) သိန်း၊ ခေါနုသုံ လူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာအတွက် (၂၅.၅) သိန်း၊ ဘဝအလင်း လူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာအတွက် (၁၂)သိန်းနှင့် ရင်သွေးငယ်များခိုလှုံရာလူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာအတွက် (၁၂) သိန်း၊ မတူပီမြို့နယ် ခိုဘွေရပ် လူငယ်ဖွံ့ဖြိုးရေး ပရဟိ တဂေဟာအတွက် (၁၈.၂) သိန်း၊ ပလက်ဝမြို့နယ်၊ ပလက်ဝလူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာအတွက် (၁၄.၆) သိန်း၊ မင်းတပ်ခရိုင်အတွင်းရှိ ကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်း (၄) ကျောင်းအတွက် (၂၄) သိန်း၊ ဖလမ်းမြို့နယ်အတွင်းရှိ တောင်တန်းသာသနာပြု လူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာအတွက် (၄၀.၁၀) သိန်း၊ ဗားလုံလူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာအတွက် (၁၀.၅) သိန်း၊ နာဇရက် လူငယ် ဖွံ့ဖြိုးရေး ပရဟိတဂေဟာအတွက် (၉) သိန်းနှင့် အဂ္ဂပ္ပါယ်လူငယ်ဖွံ့ဖြိုးရေး ပရဟိ တဂေဟာအတွက် (၉) သိန်း၊ တီးတိန်မြို့နယ် ဗေသေသဒ လူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာအတွက် (၃၃.၂၅) သိန်း၊ ဖလမ်းခရိုင်အတွင်းရှိ ကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်း(၁၅)ကျောင်းအတွက် (၉၀) သိန်း၊ ထန်တလန်မြို့နယ် ထန်တလန် လူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာအတွက် (၂၉.၁၅) သိန်း၊ နိုမန်ပန်းဥယျာဉ် လူငယ်ဖွံ့ဖြိုး ပရဟိတဂေဟာအတွက် (၂၁.၈၅) သိန်းနှင့် ဟရဖီးလူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာ အတွက် (၉) သိန်း၊ ဟားခါးမြို့နယ်အတွင်းရှိ ကျုံးကျုံးလူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာအတွက် (၁.၂၅) သိန်းနှင့် ဗေသလဘိုးဘွားရိပ်သာအတွက် (၁၄.၆) သိန်း၊ ဟားခါးခရိုင်အတွင်းရှိ ကိုယ့်အားကိုယ်ကိုးမူလတန်းကြိုကျောင်း (၁၁) ကျောင်း အတွက် (၆၆) သိန်း စုစုပေါင်း ကျပ်သိန်းပေါင်း (၆၈၁.၃၆) သိန်းအား သက်ဆိုင်သူများထံ ထောက်ပံ့ပေးအပ်ခဲ့ပါသည်။ ထို့နောက် ဂေဟာအုပ်ချုပ်ရေးမှူး တစ်ဦးမှ ကျေးဇူးတင်စကားပြန်လည်ပြောကြားပါသည်။ ၎င်းနောက် မင်းတပ်မြို့ ကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်းသို့သွားရောက်ကာ သင်ထောက်ကူပစ္စည်းများ ထောက်ပံ့ပေးအပ်ပါသည်။ ဆက်လက်၍ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံးနှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတို့တွင် ဖွင့်လှစ်ထားသည့် လူမှု စောင့်ရှောက်ရေးနှင့် သဘာဝဘေးလျောပါးရေး စေတနာ့ဝန်ထမ်းလူငယ်များ နည်းပြ သင်တန်းတွင်တက်ရောက်နေသော လူငယ်မောင်/မယ် (၁၀၂) ဦးတို့အား ရင်းရင်းနှီးနှီး တွေ့ဆုံ နှုတ်ဆက်အားပေးစကားပြောပါသည်။ ဆက်လက်၍ ခရိုင်လူမှုဝန်ထမ်း ဦးစီးဌာနရုံးသို့ သွားရောက်ကာ ဝန်ထမ်းများနှင့်တွေ့ဆုံပြီး ဝန်ထမ်းများအား အမှာ စကားပြောကြားပါသည်။
ဇန်နဝါရီလ (၁၀) ရက်နေ့တွင် ပြည်ထောင်စုဝန်ကြီးသည် မန္တလေးတိုင်းဒေသကြီး၊ ပုဂံမူလတန်းကျောင်းအားကြည့်ရှု၍ သင်ထောက်ကူပစ္စည်းများထောက်ပံ့ပေးပြီး ခရိုင် ကယ်ဆယ်ရေးဂိုဒေါင်အား ကြည့်ရှုစစ်ဆေးပါသည်။
ဆက်လက်၍ ညောင်ဦးမြို့နယ်အတွင်းရှိ ထီးပုကျေးရွာသို့ ကွင်းဆင်းပြီး အသက်(၁၀၀) ရှိ အဘိုး-ဦးညိုကို တွေ့ဆုံ၍လည်းကောင်း၊ စပါးသင်းကျေးရွာ သို့ကွင်းဆင်း၍ အသက် (၁၀၀) ရှိ အဘွား-ဒေါ်ကလီစာကို တွေ့ဆုံ၍ လည်းကောင်း၊ ကူတောကျေးရွာနေ အသက် (၁၀၂) ရှိ အဘွား-ဒေါ်အပ်သေးကို တွေ့ဆုံ၍လည်းကောင်း နိုင်ငံတော်သမ္မတကြီး ကိုယ်တိုင်လက်မှတ်ရေးထိုးထားသော ဂုဏ်ပြုလွှာများနှင့် နိုင်ငံတော်သမ္မတ၊ ဒုတိယသမ္မတများ၊ ပြည်ထောင်စုဝန်ကြီးများနှင့် ဒုတိယဝန်ကြီးများ၏ ချီးမြှင့်ငွေ (၂၅) ရာခိုင်နှုန်းမှ ထောက်ပံ့ငွေ (၂) သိန်းကျပ်စီအား နိုင်ငံတော်ကိုယ်စား ပြည်ထောင်စုဝန်ကြီးကိုယ်တိုင် ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။