ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး ဘိုးဘွားရိပ်သာများတွင် စောင့်ရှောက်ထားသော သက်ကြီးရွယ်အိုများအား COVID-19 ကပ်ရောဂါဘေးမှကင်းဝေးရေးနှင့် မသန်စွမ်းနှင့် ခိုကိုးရာမဲ့ ဘိုးဘွားများအား ကူညီထောက်ပံ့ခြင်းဆိုင်ရာ Online ဆွေးနွေးပွဲတက်ရောက်

 

အောက်တိုဘာ ၂၈၊ နေပြည်တော်

 

COVID-19 ကူးစက်ရောဂါဖြစ်ပွားမှုနှုန်း မြင့်မားနေသည့်ကာလအတွင်း ဘိုးဘွားရိပ်သာ များတွင် လက်ခံစောင့်ရှောက်ထားသော သက်ကြီးရွယ်အိုများအား စနစ်တကျပြုစုစောင့်ရှောက် ရန်နှင့်စပ်လျဉ်းသည့် အစည်းအဝေးကို  Video Conferencing စနစ်အသုံးပြု၍ ရိပ်သာတာဝန်ခံ များ၊ တိုင်းဒေသကြီး/ ပြည်နယ်လူမှုဝန်ထမ်းဦးစီးမှူးများနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန တာဝန်ရှိသူများဖြင့် ဆောင်ရွက်ခဲ့ပါသည်။

ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် လက်တလောဖြစ်ပွား နေသည့် COVID-19 ကူးစက်ရောဂါသည် တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် ဖြစ်ပွားနေကြောင်း၊ ရောဂါလက္ခဏာမပြဘဲ ကူးစက်ခံနေရနေသူများလည်းရှိကြောင်း၊ ထို့ကြောင့် မိမိကိုယ်အတွင်း ရောဂါပိုးရှိနိုင်သည်ဟု သဘောထားရန်နှင့် မိမိပတ်ဝန်းကျင်တွင်လည်း ရောဂါပိုးရှိသည်ဟု မှတ်ယူပြီး ကြိုတင်ကာကွယ်မှုများ ပြုလုပ်ရန်ဖြစ်ကြောင်း၊ အသက်အရွယ်ကြီးရင့်သူများအနေဖြင့် ရောဂါပိုးကူးစက်ခံရပါက အသက်အန္တရာယ်ရှိနိုင်ပါကြောင်း၊ ထို့ကြောင့်သက်ကြီးရွယ်အိုများကို ပြုစုစောင့်ရှောက်ရာတွင်  နေပြည်တော်ကောင်စီနယ်မြေအပါအဝင် တိုင်းဒေသကြီး/ပြည်နယ်များရှိ ဘိုးဘွားရိပ်သာ တာဝန်ရှိသူများအနေဖြင့်လည်း လိုအပ်သည့်ကာကွယ်ခြင်းများ၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသော စည်းမျဉ်း/စည်းကမ်းများ၊ သတ်မှတ်ညွှန်ကြား ချက်များနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနက ပြုစုပေးပို့ ထားသော စံလုပ်ငန်းလမ်းညွှန်အတိုင်း စနစ်တကျအကောင်အထည်ဖော်လိုက်နာ ဆောင်ရွက် ကြမှသာ COVID-19 ကာလအတွင်း ဘိုးဘွားများ အန္တရာယ်ကင်းမည်ဖြစ်ကြောင်း ပြောကြား ခဲ့ပါသည်။

ဆက်လက်၍ လူမှုဝန်ထမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစန်းစန်းအေးက ဘိုးဘွားရိပ်သာများတွင် လက်ခံစောင့်ရှောက်ပေးထားသော သက်ကြီးရွယ်အိုများအား COVID-19 ကူးစက်ရောဂါဖြစ်ပွားနေသည့် ကာလအတွင်း ပြုစုစောင့်ရှောက်ရန် စံလုပ်ငန်းလမ်းညွှန်များကို ရှင်းလင်းဆွေးနွေးခဲ့ပြီး ရိပ်သာတာဝန်ခံများက မိမိတို့သိရှိလိုသည်များနှင့် လုပ်ငန်းလိုအပ်ချက်များ ကို မေးမြန်းဆွေးနွေးရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဖြေကြားခဲ့ကြပါသည်။

ဆက်လက်၍ မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ကိုဗစ်-၁၉ ကာလအတွင်း ထောက်ပံ့ကြေးငွေခံစားရရှိသော မသန်စွမ်းသက်ကြီးဘိုးဘွားများနှင့်တွေ့ဆုံ၍ အားပေးစကား ပြောကြားခြင်းအခမ်းအနားကို တက်ရောက်ခဲ့ပါသည်။

ပြည်ထောင်စုဝန်ကြီးကပြောကြားရာတွင် မိမိတို့ဝန်ကြီးဌာနအနေဖြင့် လူ့ဘဝစက်ဝန်း တစ်လျှောက် ပဋိသန္ဓေတည်စမှစ၍ သက်ကြီးရွယ်အိုအထိ လူတစ်ဦးချင်း၏ အခွင့်အရေးကို ခံစားရရှိနိုင်ရန် မူဝါဒ၊ ဥပဒေများချမှတ်၍ အကောင်အထည်ဖော်လျက်ရှိပါကြောင်း၊ ၂၀၁၆ သက်ကြီးရွယ်အိုဥပဒေအရ အကျုံးဝင်သော သက်ကြီးရွယ်အိုအားလုံး  သာတူညီမျှခံစားရရှိစေရန် လစဉ်လူမှုရေးပင်စင်ကို ပေးအပ်ခဲ့ပါကြောင်း၊ COVID-19 ကာလအတွင်း လစဉ်ခံစားရရှိသည့် လူမှုရေးပင်စင်အပြင်  ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်၊ ပြန်လည်ထူထောင်ရေးဦးစီးဌာန၏ ဘဏ္ဍာငွေမှ အသက် (၆၀) နှစ်နှင့်အထက် မသန်စွမ်းသူဘိုးဘွားများနှင့် ခိုကိုးရာမဲ့ဘိုးဘွားများ စုစုပေါင်း (၃,၃၉၇) ဦးတို့အတွက် တစ်ဦးလျှင် ငွေကျပ် သုံးသောင်း(၃၀,၀၀၀)နှုန်းဖြင့် စုစုပေါင်းထောက်ပံ့ ငွေကျပ် (၁၀၁.၉) သန်းကို ထောက်ပံ့ပေးနိုင်ခဲ့ပါကြောင်း၊ ယခုဖြစ်ပွားနေသော COVID-19 ကာလအတွင်း ငွေကြေးထောက်ပံ့မှု ခံစားရရှိ သည့်အပြင် ဘိုးဘွားများအန္တရာယ် ကင်းစေရန်လည်း အသိ၊ သတိဖြင့် နေထိုင်ခြင်း၊  မိသားစုဝင်များ နှင့် သက်ကြီးရွယ်အိုများကို ကူညီစောင့်ရှောက်ပေး နေကြသူများကလည်း သက်ကြီးရွယ်အိုများအပေါ် အထူးအလေးထားစောင့်ရှောက်ပေးကြရန် လိုအပ်ကြောင်းနှင့် ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ နေထိုင် ကြစေလိုကြောင်းဖြင့် ပြောကြားခဲ့ပါသည်။

ဆက်လက်၍ မြန်မာသက်ကြီးချိတ်ဆက်ကွန်ရက်အဖွဲ့၊ မြန်မာသက်ကြီးအဖွဲ့ချုပ်၊ အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုစောင့်ရှောက်ရေးအဖွဲ့၊ သက်ကြီးရွယ်အိုများထောက်ပံ့ကြေး ရရှိရန် ပံ့ပိုးကူညီကြသူများနှင့် အမြင်အာရုံနှင့်ကိုယ်အင်္ဂါမသန်စွမ်းသူများက ကျေးဇူးတင်စကား ပြန်လည်ပြောကြားကြရာတွင် နိုင်ငံတော် အစိုးရက အထူးအစီအစဉ်ဖြင့်ပေးအပ်သော ထောက်ပံ့ ကြေးများရရှိခြင်းအတွက် လွန်စွာကျေးဇူးတင် ဝမ်းသာမိပါကြောင်း၊ ငွေကြေးထောက်ပံ့ခြင်းသည် ငွေကြေးအတွက်သာမက မသန်စွမ်းဘိုးဘွားများနှင့် ခိုကိုးရာမဲ့ဘိုးဘွားများကို အရေးတယူ ပြုမှုနှင့် ဂရုစိုက်မှုများအတွက် စိတ်ခွန်အားဖြစ်စေသည့်အတွက် များစွာပီတိဖြစ်ရပါကြောင်း၊ နိုင်ငံတော် ပံ့ပိုးငွေဖြင့် အစာအာဟာရ ဝယ်ယူခြင်း၊ ဆေးဝါးဝယ်ယူခြင်း၊ ကုသိုလ်ကောင်းမှုအတွက် လှူဒါန်း ခြင်းများ ဆောင်ရွက်နိုင်ခဲ့သဖြင့် လွန်စွာဝမ်းသာ ကြည်နူးဖြစ်ရပါကြောင်း၊ ပူးပေါင်းပါဝင်သူ များအနေဖြင့်လည်း ကပ်ရောဂါကာလအတွင်း စာရင်းကောက်ယူပြုစု ထောက်ပံ့ရခြင်း ဖြစ်သောကြောင့် မခံစားရသူအချို့အတွက်လည်းရရှိရန် ဆက်လက်ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

အဆိုပါအခမ်းအနားသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ဌာန၊ ဒုတိယဝန်ကြီး ဦးစိုးအောင်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ ဆရာဝန်အသင်း၊ သက်ကြီးဆရာဝန်များထောက်ကူအဖွဲ့၊ မြန်မာ့သက်ကြီးအဖွဲ့ချုပ်၊ အပြည်ပြည် ဆိုင်ရာ သက်ကြီးရွယ်အို စောင့်ရှောက်ရေးအဖွဲ့များမှ တာဝန်ရှိသူများနှင့်  ထောက်ပံ့ကြေး ခံစားရရှိ သော မသန်စွမ်းသူ ဘိုးဘွားများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။

#hl1

#npw_oct2020

 

 

Source: MOSWRR

Sign Up

Upcoming Events