လူမှုရေးဆိုင်ရာ စီမံခန့်ခွဲမှု သတင်းအချက်အလက်စနစ် စတင်တည်ဆောက်ခြင်း ကနဦး အလုပ်ရုံဆွေးနွေးပွဲကို အွန်လိုင်းစနစ်ဖြင့် ကျင်းပပြုလုပ်

လူမှုရေးဆိုင်ရာ စီမံခန့်ခွဲမှုသတင်းအချက်အလက်စနစ် စတင်တည်ဆောက်ခြင်းကနဦး အလုပ်ရုံဆွေးနွေးပွဲကို အွန်းလိုင်စနစ်ဖြင့် ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာ ဝင်းမြတ်အေးတက်ရောက်၍ အမှာစကားပြောကြားခဲ့ပါသည်။

အဆိုပါ အလုပ်ရုံဆွေးနွေးပွဲသို့ ပြည်ထောင်စုဝန်ကြီးနှင့်အတူ ဒုတိယဝန်ကြီး ဦးစိုးအောင်၊ အမြဲတမ်းအတွင်းဝန် ဒေါက်တာကိုကိုနိုင်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဆက်စပ်ဝန်ကြီးဌာနများမှ တာဝန်ရှိသူများ၊ ဖွံ့ဖြိုးမှုမိတ်ဖက်အဖွဲ့အစည်းများနှင့် ပုဂ္ဂလိကအဖွဲ့အစည်းများမှ တာဝန်ရှိသူများ စုစုပေါင်း (၉၄) ဦးတက်ရောက် ဆွေးနွေးခဲ့ကြပါသည်။

ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် နိုင်ငံတော်အစိုးရအနေဖြင့် E-government စနစ်ကို ကျယ်ကျယ် ပြန့်ပြန့် အသုံးပြုနိုင်ရန်အတွက် တွန်းအားပေးဆောင်ရွက်လျက် ရှိပါကြောင်း၊ မိမိတို့ဝန်ကြီးဌာနအနေနှင့် လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ပုံမှန်ဆောင်ရွက်လျက်ရှိသော နည်းလမ်းများမှ ဒစ်ဂျစ်တယ်နည်းလမ်းများကို ပြောင်းလဲ၍ ဆောင်ရွက်နိုင်ရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိ ပါကြောင်း၊ ထိုသို့ ပြောင်းလဲဆောင်ရွက်ရာတွင် လူမှုရေးဆိုင်ရာစီမံခန့်ခွဲမှု သတင်းအချက် အလက်စနစ် (Social Management Information System – SMIS) ၏ အခန်းကဏ္ဍသည် အရေးကြီးပါကြောင်း၊ အဆိုပါစနစ်တည်ဆောက်နိုင်ရန်အတွက် လိုအပ်ချက်များကို ဆန်းစစ်ခြင်း၊ ဒီဇိုင်းရေးဆွဲခြင်းနှင့် စနစ်တည်ဆောက်ရေးတို့အတွက် တင်ဒါခေါ်ယူခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ပြီးဖြစ်ပါကြောင်း၊ တင်ဒါအောင်မြင်သည့် Development Pathways အကြံပေးအဖွဲ့က စနစ်တည်ဆောက်ခြင်းကို စတင်ဆောင်ရွက်နေပြီ ဖြစ်ပါကြောင်း၊ စနစ်တည်ဆောက်ရာတွင် နည်းပညာပိုင်းဆိုင်ရာ၊ ရန်ပုံငွေပိုင်းဆိုင်ရာ ရေရှည်တည်တံ့နိုင်သည့်စနစ်မျိုးဖြစ်စေရန် ကြိုတင်စဉ်းစားဆောင်ရွက်သွားကြရမည် ဖြစ်ပါကြောင်း၊ သတ်မှတ်အချိန်ကာလအတွင်း ပြီးစီးအောင်တည်ဆောက်နိုင်ရေးအတွက်လည်း အလေးထားဆောင်ရွက်စေလိုပါကြောင်း ပြောကြားခဲ့ပါသည်။

ဆက်လက်၍ ယူနီဆက်(မြန်မာ)မှ ဌာနေကိုယ်စားလှယ် Ms. June Kunugi က လူမှုရေးဆိုင်ရာ စီမံခန့်ခွဲမှုသတင်းအချက်အလက်စနစ် စတင်တည်ဆောက်ခြင်းနှင့် ပတ်သက်၍ မှတ်ချက်ပြုစကားပြောကြားခဲ့ပါသည်။

ထို့နောက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာန၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနနှင့် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန တာဝန်ရှိသူများက စီမံခန့်ခွဲမှုအသင်းအချက်အလက်စနစ် တည်ထောင်ခြင်းဆိုင်ရာ ဝန်ကြီးဌာန အလိုက် အတွေ့အကြုံများကို ရှင်းလင်းပြောကြားခြင်း၊ အကြုံပြုဆွေးနွေးခြင်းများ ပြုလုပ်ခဲ့ ကြပါသည်။

ယင်းနောက် လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစန်းစန်းအေး၊ လူမှုကာကွယ်စောင့်ရှောက်ရေးဌာနခွဲ ညွှန်ကြားရေးမှူးနှင့် စနစ်တည်ဆောက်ရေးအတွက် တင်ဒါ အောင်မြင်ခဲ့သော Development Pathways အဖွဲ့တို့မှ တာဝန်ရှိသူများက လူမှုရေးဆိုင်ရာ စီမံခန့်ခွဲမှုသတင်းအချက်အလက်စနစ် စတင်တည်ဆောက်ခြင်းနှင့်ပတ်သက်၍ ဆောင်ရွက်သွား မည့် အစီအစဉ်များကို တင်ပြကြရာ ဒုတိယဝန်ကြီးနှင့် တက်ရောက်လာကြသူများက ပြန်လည် အကြံပြု ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။

 

#hl_1

#npw_oct2020

 

Source:             MSWRR

အောက်တိုဘာ ၂၇၊ နေပြည်တော်

Sign Up

Upcoming Events