ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ စေတနာ့ဝန်ထမ်း အရေးပေါ်ယာဉ် ယာဉ်မောင်းများနှင့် အကူတို့အတွက် အသိပညာပေးအစီအစဉ်တက်ရောက်

~~~~~~
Source: MOSWRR
~~~~~~
အောက်တိုဘာလ ၂၂ ရက်၊ နေပြည်တော်
~~~~~~
 
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် (၂၂-၁၀-၂၀၂၀) ရက်နေ့၊ နံနက်ပိုင်းက ပြုလုပ်သည့် အမျိုးသားအဆင့်စေတနာ့ဝန်ထမ်းဦးဆောင်အဖွဲ့နှင့် မြန်မာနိုင်ငံဆရာဝန်အသင်းတို့ပူးပေါင်း၍ နေပြည်တော်ကောင်စီအပါအဝင် တိုင်းဒေသကြီး/ ပြည်နယ်များရှိ အရေးပေါ်လူနာတင်ယာဉ်များဖြင့် COVID-19 ရောဂါပိုးရှိသူများ၊ ရောဂါပိုးရှိကြောင်း သံသယရှိသူများ၊ ရောဂါပိုးရှိသူနှင့် ဆက်စပ်သူများအား သယ်ယူ/ပို့ဆောင်ပေးခြင်းလုပ်ငန်းများတွင် စေတနာ့ဝန်ထမ်းဆောင်ရွက်နေကြသော မော်တော်ယာဉ်မောင်းများနှင့် ယာဉ်ပေါ်တွင် လိုက်ပါကူညီဆောင်ရွက်နေသော စေတနာ့ဝန်ထမ်းများအား Video Conferencing စနစ်ဖြင့် အသိပညာပေးအစီအစဉ်သို့ တက်ရောက်ခဲ့ပါသည်။
 
အဆိုပါ အသိပညာပေးအစီအစဉ်သို့ ဒုတိယဝန်ကြီး ဦးစိုးအောင်၊ အမြဲတမ်းအတွင်းဝန်နှင့် ညွှန်ကြားရေးမှူးချုပ်များ၊ မြန်မာနိုင်ငံဆရာဝန်အသင်းမှ ဥက္ကဌ၊ ဒုတိယဥက္ကဌနှင့် တာဝန်ရှိသူများ၊ လူမှုဝန်ထမ်းဦးစီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။
 
အသိပညာပေးအစီအစဉ်တွင် ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် နိုင်ငံတော်အနေဖြင့် စေတနာ့ဝန်ထမ်းများအားလုပ်ငန်းများ စနစ်တကျ ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ အမျိုးသားအဆင့်စေတနာ့ဝန်ထမ်းဦးဆောင်အဖွဲ့အား ဖွဲ့စည်းဆောင်ရွက်လျက်ရှိပါကြောင်း၊ စေတနာ့ဝန်ထမ်းဦးဆောင်အဖွဲ့အနေဖြင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ မြန်မာနိုင်ငံဆရာဝန်အသင်း (MMA) တို့နှင့် ပူးပေါင်း၍ စေတနာ့ဝန်ထမ်းလက်စွဲစာအုပ်၊ စေတနာ့ဝန်ထမ်းနည်းပြလက်စွဲစာအုပ်များအား ပြုစုဖြန့်ဝေခဲ့ပြီးဖြစ်ပါကြောင်း၊ COVID 19 ကာကွယ်၊ ထိန်းချုပ်၊ ကုသ၊ တုံ့ပြန်ရေးလုပ်ငန်းများတွင် စေတနာ့ဝန်ထမ်းဆောင်ရွက်သူများကို လေ့ကျင့်သင်တန်းပေးရာတွင် စေတနာ့ဝန်ထမ်း အရေးပေါ်ယာဉ်မောင်းများနှင့် ယာဉ်ပေါ်တွင် လိုက်ပါကူညီဆောင်ရွက်နေကြသော စေတနာ့ဝန်ထမ်းများကိုလည်း အသိပညာပေးလျက်ရှိရာ တတိယအကြိမ်မြောက် အသိပညာပေးအစီအစဉ်ကို ဆောင်ရွက်နိုင်ခဲ့ပြီဖြစ်ပါကြောင်း၊ မိမိတို့အနေဖြင့် နေပြည်တော်ကောင်စီ၊ ကယားပြည်နယ်၊ မွန်ပြည်နယ်နှင့် ရခိုင်ပြည်နယ်၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးတို့ရှိ စေတနာ့ဝန်ထမ်း အရေးပေါ်ယာဉ်မောင်းများနှင့် ယာဉ်ပေါ်တွင် လိုက်ပါကူညီဆောင်ရွက်နေကြသော စေတနာ့ဝန်ထမ်းများ စုစုပေါင်း (၂၃၁)ဦး ကို အသိပညာများ မျှဝေပေးခဲ့ပြီးဖြစ်ပါကြောင်း၊ ယနေ့ အသိပညာပေးအစီအစဉ်တွင် ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးတို့မှ စေတနာ့ဝန်ထမ်းစုစုပေါင်း (၁၆၄) ဦးကို လူနာတင်ယာဉ် ဖွဲ့စည်းပုံနှင့် အသက်ရှုစက်များ အလုပ်လုပ်ပုံ၊ နာတာရှည် ရောဂါခံစားနေရသူများနှင့်ပတ်သက်၍ ဆောင်ရွက်ရမည့်နည်းလမ်း၊ ကာကွယ်ရေးပစ္စည်းများ စနစ်တကျ ဝတ်ဆင်သည့်နည်းလမ်းနှင့် စွန့်ပစ်အမှိုက်များနှင့် ပတ်သက်၍ စနစ်တကျဆောင်ရွက်ရန်နှင့် လူနာတင်ယာဉ်များတွင် ကိုယ်ဝန်ဆောင်မိခင်များပါလာပါက ဆောင်ရွက်ရမည့် အခြေအနေများကို မြန်မာနိုင်ငံဆရာဝန်အသင်းရှိ ကျွမ်းကျင်ပညာရှင်များက အသိပညာမျှဝေ ပေးသွားမည်ဖြစ်ပါကြောင်း၊ တက်ရောက်လာကြသူများအနေဖြင့် မိမိတို့သိရှိလိုသည်များကို မေးမြန်းဆွေးနွေးကြရန် တိုက်တွန်းလိုပါကြောင်း၊ COVID-19 ကူးစက်ပြန့်နှံ့မှုကို ထိန်းချုပ်ရာတွင် COVID-19 ပိုးတွေ့လူနာများနှင့် သံသယလူနာများ သယ်ယူပို့ဆောင် ပေးသော စေတနာ့ဝန်ထမ်းများ၏ အခန်းကဏ္ဍသည် အရေးပါပါကြောင်း၊ အရေးပေါ်လူနာတင်ယာဉ်ယာဉ်မောင်းနှင့်အကူတို့အတွက် အသိပညာပေးလက်စွဲစာအုပ် လိုအပ်လျက်ရှိပါကြောင်း၊ ယခုအခါ လက်စွဲစာအုပ်ကို ရေးသားပြုစုပြီးဖြစ်သဖြင့် အမြန်ထုတ်ဝေနိုင်ရေးဆောင်ရွက်လျက်ရှိပါကြောင်း၊ ယခုလို COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသ၊ တုံ့ပြန်ရေး လုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်လျက်ရှိကြသော စေတနာ့ဝန်ထမ်းတစ်ယောက်စီတိုင်းကို အထူးကျေးဇူးတင်ကြောင်းနှင့် လုပ်ငန်းများဆောင်ရွက်ရာတွင် အသိ၊ သတိနှင့် ဆောင်ရွက်ကြရန်လိုကြောင်း ပြောကြားခဲ့ပါသည်။
ဆက်လက်၍ မြန်မာနိုင်ငံဆရာဝန်အသင်းမှ ဥက္ကဋ္ဌ ဒေါက်တာ ထင်အောင်စောက စေတနာ့ဝန်ထမ်း တာဝန်ထမ်းဆောင်နေသောသူများအတွက် လိုအပ်ချက်ရှိသည်များကို မြန်မာနိုင်ငံဆရာဝန်အသင်းမှ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနနှင့် ပညာရပ်ပိုင်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်ခွင့်ရတဲ့အတွက် ကျေးဇူးတင်ပါ ကြောင်း ပြောကြားခဲ့ပါသည်။
ဆက်လက်၍ သက်ဆိုင်ရာ ခေါင်းစဉ်အလိုက် တာဝန်ရှိသူများက သက်ဆိုင်ရာ ကဏ္ဍ အလိုက်ဆွေးနွေးပို့ချခဲ့ကြပြီး စေတနာ့ဝန်ထမ်းများက သိလိုသည်များကို မေးမြန်းမှုများအပေါ် အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။

Sign Up

Upcoming Events