အောက်တိုဘာ ၉၊ နေပြည်တော်
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် ယနေ့ မွန်းလွဲပိုင်းက ရှမ်းပြည်နယ်၊ ကျောက်မဲမြို့နယ်ရှိ တိုက်ပွဲရှောင်တိုင်းရင်းသားများအတွက် စားနပ်ရိက္ခာထောက်ပံ့ငွေ ပေးအပ်ခြင်းအခမ်းအနားကို Video Conferencing စနစ်ဖြင့် ဆောင်ရွက်ခဲ့ပါသည်။
အခမ်းအနားသို့ ဒုတိယဝန်ကြီးဦးစိုးအောင်၊ အမြဲတမ်းအတွင်းဝန် ဒေါက်တာကိုကိုနိုင်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ရှမ်းပြည်နယ် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ တာဝန်ရှိသူများ၊ ကျောက်မဲခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ခရိုင်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိ သူများ၊ လူမှုရေးအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။
ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် အစိုးရအနေဖြင့် တိုင်းရင်းသားအရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေးကို ဦးစားပေးဆောင်ရွက်လျက်ရှိကြောင်း၊ ပြည်နယ်များ၏ ဖွံ့ဖြိုးတိုးတက်ရေးကို ဖွံ့ဖြိုးမှုအညွှန်းကိန်းများအလိုက် ဦးစားပေးအစီအစဉ်ဖြင့် အစဉ် တစိုက် ဆောင်ရွက်လျက်ရှိကြောင်း၊ ဖွံ့ဖြိုးတိုးတက်ရေးသည် ငြိမ်းချမ်းရေးအပေါ်တွင်မူတည်ကြောင်း၊ အားလုံးသာတူညီမျှခံစားရရှိရေး၊ ကိုယ်ပိုင် အုပ်ချုပ်ခွင့်များရရှိရေးအတွက် လိုအပ်သော အခြေခံမူများ၊ ဥပဒေများချမှတ်နိုင်ရေး၊ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်နိုင်ရေး ထာဝရငြိမ်းချမ်းရေး ရရှိရေးအတွက် ဦးတည် ကြိုးပမ်းလျက်ရှိသော်လည်း၊ လက်နက်ကိုင်ပဋိပက္ခများရှိနေဆဲဖြစ်ပြီး ယခုလို COVID – 19 ကာလ စိန်ခေါ်မှုများကို ကျော်လွှားနေရချိန်တွင် တိုက်ပွဲရှောင်များ၏ ဒုက္ခကို ကိုယ်ချင်းစာပါကြောင်း၊ တိုက်ပွဲရှောင်များ၊ နေရပ်စွန့်ခွာရသူများကို ပံ့ပိုး ကူညီခြင်း၊ ပြည်လည်ထူထောင်ခြင်း၊ ပြန်လည်နေရာချထားခြင်း လုပ်ငန်းများကို မိမိတို့ဝန်ကြီးက အဓိက တာဝန်ယူဆောင်ရွက်ရကြောင်း၊ တိုက်ပွဲရှောင် ပြည်သူများအတွက် ကူညီကယ်ဆယ်မှုများ ဆောင်ရွက်ရာတွင် ပြည်ထောင်စုအစိုးရ၊ ပြည်နယ်အစိုးရ ၊ လူမှုရေးအဖွဲ့အစည်းများနှင့် ငြိမ်းချမ်းရေးအတွက် ဆောင်ရွက်နေသူအားလုံး တစ်စိတ်တစ်ဝမ်းတည်းဖြင့် ပူးပေါင်းဆောင်ရွက်မှသာ ငြိမ်းချမ်းရေးကိုဦးတည်သည့် ကူညီ ဆောင်ရွက်မှုများဖြစ်ပြီး ပိုမိုထိရောက်အောင်မြင်မည်ဖြစ်ကြောင်း၊ ယခု ရှမ်းပြည်နယ်၊ ကျောက်မဲမြို့နယ်အတွင်း (၃.၁၀.၂၀၂၀) ရက်နေ့မှစ၍ တိုက်ပွဲများဖြစ်ပွားလျက်ရှိရာ (၉.၁၀.၂၀၂၀) ရက်နေ့အခြေအနေအရ ကျေးရွာအုပ်စု (၅) စု ၊ ကျေးရွာ (၉) ရွာတို့မှ အိမ်ထောင်စု (၄၀၄) စု၊ လူဦးရေ (၁၂၄၁) ဦးတို့သည် တောင်ထိပ်ဘုန်းကြီးကျောင်း၊ ပုံဝိုးဘုန်းတော်ကြီးကျောင်း၊ နားဆောင်းဘုန်းတော်ကြီးကျောင်း၊ ခဲရှင်ဘုန်းတော်ကြီးကျောင်း နှင့် နောင်ကွမ်ဘုန်းတော်ကြီးကျောင်းများတွင် တိမ်းရှောင်လျက်ရှိ သည်ဟု သိရကြောင်း၊ ၎င်းတို့အတွက် ဆန်ရိက္ခာဖိုး (၂) ပတ်စာ စုစုပေါင်း ငွေကျပ် (၅၂၁၂၂၀၀) (ကျပ်ငါးဆယ့်နှစ်သိန်း တစ်သောင်း နှစ်ထောင့်နှစ်ရာ) ကို ကနဦးအနေဖြင့် ယနေ့ထောက်ပံ့ခြင်း ဖြစ်ပြီး လိုအပ်မှုများ အပေါ်မူတည်၍ ဆက်လက်ကူညီဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးဦးစိုးအောင်က တစ်နိုင်ငံလုံးရှိ တိုက်ပွဲရှောင်များအား ထောက်ပံ့ဆောင်ရွက်နိုင်မှုအခြေအနေ၊ အရေးပေါ် ထောက်ပံ့မှုများသာမက ပညာရေး၊ ကျန်းမာရေး၊ အသက်မွေးဝမ်းကျောင်းလုပ်ငန်းများစသည်ဖြင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အထွေ ထွေအုပ်ချုပ်ရေးဦးစီးဌာနအပါအဝင် သက်ဆိုင်ရာဌာနအဖွဲ့အစည်းများ၊ လူမှုရေးအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်မှု အခြေအနေများကို ရှင်းလင်းပြောကြားခဲ့ပါသည်။
ထို့နောက် အမြဲတမ်းအတွင်းဝန် ဒေါက်တာကိုကိုနိုင်က တိုက်ပွဲရှောင်များ ရောက်ရှိနေမှု အခြေအနေ၊ ထောက်ပံ့ပေးမည့် အခြေအနေ၊ ဆက်လက်ပူးပေါင်းဆောင်ရွက်မည့် အခြေအနေများကို ဆွေးနွေးပြီး တက်ရောက်လာကြသူများက တိုက်ပွဲရှောင် ပြည်သူများနှင့်ပတ်သက်၍ အကောင်းဆုံး ဖြည့်ဆည်းပေးနိုင်မည့် အခြေအနေများကို ဆွေးနွေးခဲ့ကြပါသည်။
ဆက်လက်၍ တိုက်ပွဲရှောင်ပြည်သူများအတွက် ဆန်ရိက္ခာဖိုး (၂) ပတ်စာ စုစုပေါင်းငွေကျပ် (၅၂၁၂၂၀၀)(ကျပ်ငါးဆယ့်နှစ်သိန်း တစ်သောင်း နှစ်ထောင့်နှစ်ရာ) ကို ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ကျောက်မဲခရိုင်ဦးစီးမှူးက ကျောက်မဲခရိုင် အုပ်ချုပ်ရေးမှူးထံသို့ လွှဲပြောင်း ပေးအပ်ခဲ့ပါပြီး လူမှုအဖွဲ့ အစည်းများနှင့်ပူးပေါင်း၍ တိုက်ပွဲရှောင်ပြည်သူများ လက်ဝယ်အရောက် ဆက်လက်ပေးအပ်သွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။
#hl1_otr
#npw_oct2020
Source: MoSWRR