မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ လုပ်ငန်းကော်မတီအစည်းအဝေး ( ၂/၂၀၂၀) ကျင်းပ

မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ လုပ်ငန်းကော်မတီအစည်းအဝေး (၂/ ၂၀၂၀)ကို လုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးဦးဆောင်၍ ယမန်နေ့ မွန်းလွဲပိုင်းက Video Conferencing ဖြင့်ကျင်းပရာ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ  လုပ်ငန်းကော်မတီဝင်များ၊ မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီအဖွဲ့ဝင်များနှင့် မသန်စွမ်းအဖွဲ့အစည်းများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။

ရှေးဦးစွာ မသန်စွမ်းသူများ၏အခွင့်အရေးများဆိုင်ရာ လုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက အဖွင့်မိန့်ခွန်းပြောကြားရာတွင် COVID-19 ကာလအတွင်း မသန်စွမ်းသူများအတွက် မိမိတို့ဝန်ကြီးဌာနက လမ်းပေါ်နေကလေးများ၊ ထိခိုက်လွယ်အခြေအနေတွင်ရှိသော အမျိုးသမီးများ၊ သက်ကြီးရွယ်အိုများနှင့် အနာကြီးရောဂါခံစားနေရသူများအား ငွေကြေးထောက်ပံ့ခြင်းနှင့် အာဟာရပြည့်ဝနိုင်စေရန် အထောက်အကူပြုစေရေး စားရေရိက္ခာများပံ့ပိုးကူညီခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးနိုင်ခဲ့ပါကြောင်း၊ မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ လုပ်ငန်းကော်မတီအစည်းအဝေးများကို (၂၀၁၈)ခုနှစ်မှစ၍ (၁)နှစ်လျှင်  (၂) ကြိမ်ကျင်းပနိုင်ခဲ့ပြီး ယခုအစည်းအဝေးသည် (၂၀၂၀) ပြည့်နှစ်အတွက် ဒုတိယအကြိမ်ဖြစ်ကြောင်း၊ အစည်းအဝေးဆုံးဖြတ်ချက်များကိုလည်း သက်ဆိုင်ရာအဖွဲ့အစည်းများနှင့်ပူးပေါင်း အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့ပါ‌ကြောင်း၊ မသန်စွမ်းသူများအတွက် Barrier Free Community ဖြစ်စေရန် နေပြည်တော် မြို့မဈေးနှင့် ရေပန်းဥယျာဉ်တို့တွင် စံနမူနာပြဆောင်ရွက်ထားပြီး COVID-19 အလွန်ကာလ ခရီးသွားလုပ်ငန်းများ တိုးတက်လာနိုင်သဖြင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနက မြန်မာနိုင်ငံရှိ ခရီးသွားဒေသများတွင်ပါဝင်သော နေပြည်တော်ပြည်ထောင်စုနယ်မြေ၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် ပုဂံမြို့များရှိ ခရီးသွားလုပ်ငန်းနှင့် သက်ဆိုင်သော အထင်ကရနေရာများတွင် မသန်စွမ်းသူများအနေဖြင့် အတားအဆီးကင်းမဲ့စွာသွားလာနိုင်ရေး ရှေ့ပြေးစီမံကိန်း (Myanmar Barrier Free Tourism Pilot Project)အား အကောင်အထည်ဖော်ရန်ချမှတ်ခဲ့ပြီးဖြစ်ပါကြောင်း၊ မသန်စွမ်းမှုအဆင့်သတ်မှတ် ခြင်းနှင့် မသန်စွမ်းသူများမှတ်ပုံတင်ခြင်း ကနဦးစီမံကိန်းတို့ကို ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင် မြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ်၊ ကရင်ပြည်နယ် ဘားအံမြို့နယ်နှင့် ကြာအင်း ဆိပ်ကြီးမြို့နယ်တို့တွင် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ကရင်ပြည်နယ်တွင် COVID-19 ကာလ ပုံစံသစ်ဖြင့် အဝေးရောက်အကဲဖြတ်ခြင်းနှင့် အီလက်ထရောနစ် နည်းလမ်းတို့ဖြင့် (၂၀၂၀) ပြည့်နှစ်၊ နှစ်ကုန်ပိုင်းတွင် ပြည်နယ်တစ်ခုလုံး လွှမ်းခြုံစေရန်ဆောင်ရွက်လျက်ရှိပါကြောင်း၊ မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ လုပ်ငန်းကော်မတီအနေဖြင့် မသန်စွမ်းမှုအမျိုးအစားအလိုက် တစ်ဦးချင်းစီက အခွင့်အရေးများကို ပြည့်ပြည့်ဝဝရရှိနိုင်ရန် ဆပ်ကော်မတီ(၉)ခုကို ဖွဲ့စည်းထားရှိပြီး မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ အမျိုးသားအဆင့်မဟာဗျူဟာ (၅)နှစ်စီမံကိန်းကို အောင်မြင်စွာရေးဆွဲနိုင်ရေးအတွက် စီမံကိန်းရေးဆွဲရေးဆိုင်ရာ Technical Core Group ကို ဖွဲ့စည်းပြီး Online အစည်းအဝေးများ ကျင်းပဆောင်ရွက်လျက်ရှိကြောင်း၊ စီမံကိန်းမူကြမ်းကို ယခုနှစ်ကုန်တွင် အတည်ပြုနိုင်ရေး  ဆောင်ရွက်လျက်ရှိပါကြောင်း၊ COVID-19 ကာလအတွင်း မသန်စွမ်းသူများ၏အခွင့်အရေးများဆိုင်ရာ လုပ်ငန်းကော်မတီလုပ်ငန်းစဉ်များကို ရပ်တန့်မသွားဘဲ အရှိန်အဟုန်မပျက် ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း ပြောကြားခဲ့ပါသည်။

ထို့နောက် ဒုတိယဥက္ကဋ္ဌ (၁)၊ ဒုတိယဝန်ကြီး ဦးစိုးအောင်က မသန်စွမ်းသူများ၏ အခွင့်အရေး များဆိုင်ရာ လုပ်ငန်းကော်မတီ၏ သဘောတူဆုံးဖြတ်ချက်ဖြစ်သော မသန်စွမ်းသူများအတွက် အရင်းမပျောက် မတည်ငွေ ကျပ်(၃) ဘီလီယံ  သုံးစွဲမည့် လျာထားချက်လုပ်ငန်းခေါင်းစဉ်များနှင့် ပတ်သက်၍ ရန်ပုံငွေထူထောင်ခြင်း၊ ချေးငွေလုပ်ငန်းဆိုင်ရာဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ဆောင်ရွက်ရမည့် အခြေအနေများနှင့် ယခင်အစည်းအဝေးက ဆုံးဖြတ်ခဲ့သော ဆောင်ရွက်ရန်ကျန်လုပ်ငန်းများကို ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်ရန်ပြောကြား ခဲ့ပါသည်။

ဆက်လက်၍ လုပ်ငန်းကော်မတီ အတွင်းရေးမှူး(၁) ပြန်လည်ထူထောင်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝင်းနိုင်ထွန်းနှင့် လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ စန်းစန်းအေးတို့က ကော်မတီအနေဖြင့် ဆောင်ရွက်နေသော လုပ်ငန်းဆောင်ရွက်ချက်များနှင့် ပတ်သက်၍ ယခင်အစည်းအဝေးဆုံးဖြတ်ချက်များကို အကောင်အထည်ဖော်ဆောင်ရွက်နေမှု အခြေအနေများနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များကို  ရှင်းလင်းတင်ပြခဲ့ကြပါသည်။

ထိုသို့တင်ပြချက်များအပေါ် တက်ရောက်ကြသော မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ လုပ်ငန်းကော်မတီအဖွဲ့ဝင်များက မိမိတို့ဝန်ကြီးဌာနနှင့် အဖွဲ့အစည်းများအနေဖြင့် ပူးပေါင်း အကောင်အထည်ဖော်ဆောင်ရွက်နေသည့် အခြေအနေများ၊ ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းများနှင့် အောင်မြင်မှုများကို ဆွေးနွေးတင်ပြကြပြီး တွဲဖက်အတွင်းရေးမှူး(၁) ဦးမြတ်သူဝင်းက မိမိတို့မသန်စွမ်းသူများအတွက်  နိုင်ငံတော်အစိုးရနှင့် ဝန်ကြီးဌာနများ၊ ဆက်စပ်အဖွဲ့အစည်းများက အလေးထား အကောင်အထည်ဖော်ဆောင်ရွက်ပေးခြင်းများအပေါ် ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပါသည်။

ထို့နောက် မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက နိဂုံးချုပ် အမှာစကားပြောကြားခဲ့ကြောင်း သတင်း ရရှိပါသည်။

 

#hl_1
#npw_oct2020

မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ လုပ်ငန်းကော်မတီအစည်းအဝေး ( ၂/၂၀၂၀) ကျင်းပ

Source:         MSWRR

အောက်တိုဘာ (၇)၊ နေပြည်တော်

Sign Up

Upcoming Events