ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးက အနာကြီးရောဂါနာတာရှည်ဝေဒနာခံစားနေရသူများနှင့် နောက်ဆက်တွဲ မသန်စွမ်းမှုဆိုင်ရာ ပံ့ပိုးကူညီနိုင်မည့်ကိစ္စရပ်များကို Video Conferencing စနစ်ဖြင့် တွေ့ဆုံဆွေးနွေး

          လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် ယမန်နေ့  မွန်းလွဲပိုင်းတွင် အနာကြီးရောဂါနာတာရှည်ဝေဒနာ ခံစားနေရသူများနှင့် နောက်ဆက်တွဲ မသန်စွမ်းမှုဆိုင်ရာပံ့ပိုးကူညီနိုင်မည့်ကိစ္စရပ်များကို Video Conferencing စနစ်ဖြင့် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

ဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီးက မိမိတို့ဝန်ကြီးဌာနအနေဖြင့် ပဋိသန္ဓေတည်ချိန်မှစ၍ သက်ကြီးရွယ်အိုအထိ ဘဝစက်ဝန်းတစ်လျှောက် လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်း များကိုဆောင်ရွက်ရာတွင် တစ်ဦးတစ်ယောက်မျှမကျန်ရှိစေရေးအတွက် အလေးထားဆောင်ရွက် လျက်ရှိရာ ပြည်သူများနှင့် ပိုမိုနီးစပ်လာသည်ဟု ခံစားရပါကြောင်း၊ နိုင်ငံ၏ဒီမိုကရေစီ အပြောင်းအလဲတွင် လူတစ်ဦးချင်း၏အခွင့်အရေးကို ဖော်ဆောင်ရာတွင် ဒီမိုကရေစီစံနှုန်းကို မြှင့်တင်ရန်နှင့် တရားဥပဒေစိုးမိုးမှုရှိရန် အဓိကကျပါကြောင်း၊  ကလေးသူငယ်၊ အမျိုးသမီး၊ သက်ကြီးရွယ်အို၊ မသန်စွမ်းသူများကို ကာကွယ်စောင့်ရှောက်ရာတွင်ရေရှည်တည်တံ့ခိုင်မြဲသည့် ဖွံ့ဖြိုးမှုရရှိရန် မူဝါဒ၊ ဥပဒေ၊ မဟာဗျူဟာများချမှတ်ပြီး စနစ်တကျဖော်ဆောင်မှသာ အောင်မြင်မှုရမည်ဖြစ်ကြောင်း၊ အနာကြီးရောဂါခံစားရသူများသည် ကိုယ်အင်္ဂါမသန်စွမ်းကြသော်လည်း စိတ်သန်စွမ်းသူများဖြစ်အောင် မိမိကိုယ်တိုင်နှင့် ပတ်ဝန်းကျင်က ကြိုးပမ်းကြရမည်ဖြစ်ကြောင်း၊ ခွဲခြားဆက်ဆံခြင်းကင်းပြီး ကိုယ်ချင်းစာစိတ်ဖြင့် အသိပညာပေးခြင်း၊ ပံ့ပိုးကူညီခြင်းများကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

ဆက်လက်၍ မြန်မာနိုင်ငံအနာကြီးရောဂါခံစားနေရသူများအသင်း ဥက္ကဋ္ဌ ဦးစိုးဝင်းက ပြောင်းလဲလာသောဒီမိုကရေစီစနစ်ကြောင့် မိမိတို့ကို လူအများ၏နောက်ကွယ်တွင် နေထိုင်ကြရသောသူများဟု နောက်ချန်မထားခဲ့ဘဲ အသိအမှတ်ပြုခံရခြင်းအတွက် ကျေးဇူးတင်ဝမ်းသာမိ ပါကြောင်း၊ မိမိတို့အသင်းအဖွဲ့အနေဖြင့် မှတ်ပုံတင်ခြင်းလုပ်ငန်းများဆောင်ရွက်ခြင်း၊ မြို့နယ်အဖွဲ့ခွဲများ ဖွဲ့စည်းခြင်းများကို သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ပူးပေါင်းဆောင်ရွက်နေပါကြောင်းနှင့် အနာကြီးရောဂါခံစားနေရသူများ၏ အရှက်၊ သိက္ခာများအတွက် မားမားမတ်မတ်ရပ်တည်ပေးနေခြင်းကိုလည်း‌ ကျေးဇူးတင်ပါကြောင်း၊ ကိုဗစ်-၁၉ ရောဂါ ကာလအတွင်း မိမိဘဝ၊ မိမိအသက်ကို ရှင်သန်အောင် ကြိုးစားနေထိုင်စဉ် ယခုကဲ့သို့ ထောက်ပံ့ခြင်းများကို ကြားရ ကြုံရခြင်းအတွက် ကျေးဇူးအထူးတင်ပါကြောင်း ပြောကြားခဲ့ပါသည်။

ထို့နောက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဦးစိုးအောင်က မြန်မာနိုင်ငံနေရာ၊ ဒေသအနှံ့အပြားတွင် အနာကြီးရောဂါခံစားနေရသူများရှိသည်ကို သိရှိပါကြောင်း၊ ယခု ကိုဗစ်-၁၉ ကာလအတွင်း ထောက်ပံ့မှုများဆောင်ရွက်ရာတွင် ကျန်ရှိနေသူများရှိနိုင်သည့်အတွက် ထပ်မံထောက်ပံ့နိုင်ရေးကိုလည်း ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ တစ်ဦးချင်းရပိုင်ခွင့်၊ ဖွံ့ဖြိုးတိုးတက်ခွင့်များကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် အတူတကွ ပူးပေါင်းဆောင်ရွက်ပေးခြင်းကို ကျေးဇူးတင်ကြောင်း ပြောကြားခဲ့ပါသည်။

အဆိုပါအခမ်းအနားသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ဌာနမှ  အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ၊ ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၊ The Leprosy Mission (မြန်မာ)၊ မြန်မာနိုင်ငံအနာကြီးရောဂါခံစားနေရသူများအသင်း၊ အနာကြီးနှင့် မသန်စွမ်းမှုကာကွယ်ရေးနှင့် ပြန်လည်ထူထောင်ရေးအဖွဲ့များမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။

 

#hl_1

#npw_oct2020

Source:             MSWRR

အောက်တိုဘာ () နေပြည်တော်

Sign Up

Upcoming Events