ကရင်ပြည်နယ်သဘာ၀ဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာ လုပ်ငန်းဆွေးနွေးပွဲ ကျင်းပပြုလုပ်မှုသတင်း

လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ပြည်ထောင်စု၀န်ကြီး ဒေါက်တာ ၀င်းမြတ်အေးသည် (၂၁-၈-၂၀၁၆) ရက်နေ့၊ နံနက်ပိုင်းတွင် မွန်ပြည်နယ် ဘီးလင်းမြို့သို့ရောက်ရှိပြီး ဘီးလင်းမြစ် ရေကြီးရေလျှံမှုများ နှစ်စဉ်ကြုံတွေ့နေရခြင်းကြောင့် ယခုနှစ်အတွင်း ဘီးလင်းမြစ်အတွင်း ရေစီးရေလာကောင်းစေရန် သဲသောင်များ တူးဖော်ထားရှိသဖြင့် ‌ဘီးလင်းမြို့တွင် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်မှုမရှိသေးကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး၏ ရှင်းလင်တင်ပြချက်အရ သိရှိရပါသည်။

ထို့နောက် သထုံခရိုင်ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးမှူးရုံးသို့ ရောက်ရှိရာ မွန်ပြည်နယ်ဦးစီးမှူးမှ မွန်ပြည်နယ်အတွင်း သဘာ၀ဘေးအန္တရာယ်ကာကွယ်ရေးအတွက် ပြည်နယ်/ ခရိုင်/မြို့နယ်နှင့် ရပ်ကွက်ကျေးရွာအဆင့်အထိ သဘာ၀ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့များ ဖွဲ့စည်းထားရှိမှု၊ ကယ်ဆယ်ရေးပစ္စည်းများ အသင့်သိုလှောင်ထားရှိမှု၊ ပြည်နယ်အတွင်း သဘာ၀ဘေး အန္တရာယ်လျော့ပါးရေးအတွက် ရေကြီးရေလျှံခြင်းမှ ကာကွယ်ရန် ဆည်မြောင်းဦးစီးဌာနမှ အကောင်အထည်ဖော်ဆောင်ရွက်မည့် ရေထိန်းတံခါးနှင့် ရေတံခါးရွက်အသစ် တပ်ဆင်ခြင်း၊ ရေနုတ်မြောင်းများ တူးဖော်ခြင်း၊ ရေငန်တားတမံ တည်ဆောက်ခြင်း၊ ကျောက်စီနံရံတည်ဆောက်ခြင်း လုပ်ငန်းများ၊ ရေအရင်းမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဆောင်ရွက်မည့် သဲစုပ်သောင် တူးဖော်ခြင်း၊ ဖြတ်မြောင်းတူးဖော်ခြင်းလုပ်ငန်းများအား ရှင်းလင်းတင်ပြခဲ့ပါသည်။ ယင်းနောက် ပြည်ထောင်စု၀န်ကြီးသည် သထုံခရိုင်ကယ်ဆယ်ရေးပစ္စည်းသိုလှောင်ရုံအား ကြည့်ရှု၍ ကယ်ဆယ်ရေး ပစ္စည်းများ ပျက်စီးပျောက််ဆုံးမှုမရှိစေရေး၊ ဘေးဖြစ်ပွားပါက ချက်ချင်းထောက်ပံ့နိုင်ရေးနှင့် ဖွဲ့စည်းထားသည့်အဖွဲ့များ လက်တွေ့တွင် အသက်၀င်ဆောင်ရွက်နိုင်ရေး ဆောင်ရွက်ထားရှိရန် ဆွေးနွေးပြောကြားခဲ့ပါသည်။

မွန်းလွဲပိုင်းတွင်  ပြည်ထောင်စု၀န်ကြီးသည် ကရင်ပြည်နယ်၊ ဘားအံမြို့၊ ဇွဲကပင်ခန်းမတွင် ကျင်းပပြုလုပ်သော  ကရင်ပြည်နယ်သဘာ၀ဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာ လုပ်ငန်းဆွေးနွေးပွဲ သို့ တက်ရောက်၍ မိမိတို့အစိုးရအဖွဲ့သည် ပြည်သူ့အစိုးရဖြစ်သည်နှင့်အညီ ပြည်သူ့ဆန္ဒကို အကောင် အထည်ဖော် ဆောင်ရွက်ပေးနိုင်ရန်အတွက် ပြည်သူအားလုံး လွတ်လပ် လုံခြုံစွာ ဖွံ့ဖြိုးတိုးတက်ရေးကို ရည်မှန်းချက်ထား ဆောင်ရွက်လျက်ရှိပါကြောင်း၊ သဘာ၀ဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး၊ ပြင်ဆင်ရေး၊ တုံ့ပြန်ရေးနှင့် ပြန်လည် ထူထောင်ရေးလုပ်ငန်းများကို ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိခြင်းဖြင့် ဘေးအန္တရာယ်ဖြစ်ပွားပေါ်ပေါက်ပါက ပြည်သူတို့၏ အသက်အိုးအိမ်ပစ္စည်းများ ဆုံးရှုံးမှု လျော့နည်းသက်သာစေမည်ဖြစ်ကြောင်း၊ သို့မှသာ ဖွံ့ဖြိုးတိုးတက်ရေး အမှန်ရရှိမည်ဖြစ်ကြောင်း၊ ပြည်သူများ၏ လိုအပ်ချက်များကို ထိရောက်စွာဖြည့်ဆည်းပေးနိုင်ရေးအတွက် အရပ်ဘက်လူမှုအဖွဲ့အစည်းများနှင့် လုပ်ငန်းများပူးပေါင်းဆောင်ရွက်ရန်ဖြစ်ကြောင်း၊ သဘာ၀ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုနှင့်ပတ်သက်၍ ဥပဒေ၊ နည်းဥပဒေများထုတ်ပြန်ပြီးဖြစ်၍ လိုက်နာဆောင်ရွက်ရန် လိုကြောင်း သဘာ၀ဘေးအန္တရာယ်နှင့်ပတ်သက်ပြီး ရေတိုရေရှည်စီမံချက်များ ချမှတ်ဆောင်ရွက်ရမည်ဖြစ်ရာ ဆည်၊ တာတမံလုပ်ငန်းများ၊ ရေအရင်းမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို  နိုင်ငံတော်၏စီမံချက်ဖြင့် ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ ယခုနှစ် မိုးကာလအလွန်တွင် လာနီညာကြောင့် အအေးဓါတ်ပိုကဲခြင်း၊ မုန်တိုင်းများနှင့် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နိုင်သည်ဖြစ်ရာ ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်ထားရှိရန် လိုအပ်ကြောင်း ပြောကြားခဲ့ပါသည်။

ဆက်လက်၍ ကရင်ပြည်နယ် လူမှုရေး၀န်ကြီး ဒေါက်တာတင်၀င်းကျော်နှင့် တာ၀န်ရှိသူများမှ ကရင်ပြည်နယ် သဘာ၀ဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာ လုပ်ငန်းဆောင်ရွက်ထားရှိမှုများအား ရှင်းလင်း ဆွေးနွေးခဲ့ကြပါသည်။ ယင်းနောက် တက်ရောက်လာသူများ၏ ဆွေးနွေးမေးမြန်းချက်များနှင့် စပ်လျဉ်း၍ ပြည်ထောင်စု၀န်ကြီးနှင့် တာ၀န်ရှိသူများမှ  ရှင်းလင်းဖြေကြားပေးခဲ့ပါသည်။

ညနေပိုင်းတွင် ပြည်ထောင်စု၀န်ကြီးသည် ကရင်ပြည်နယ် ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးမှူးရုံးသို့ ရောက်ရှိပြီး ကယ်ဆယ်ရေးပစ္စည်းများ သိုလှောင်ထားရှိမှုအား ကြည့်ရှုခဲ့ပါကြောင်း သတင်းရရှိပါသည်။

Sign Up

Upcoming Events