အောက်တိုဘာလ (၅) ရက်၊ ၂၀၂၀ ပြည့်နှစ်
ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးသည် လူမှုသဟဇာတဆိုင်ရာ လုပ်ငန်းများဆက်လက်ဆောင်ရွက်နိုင်ရန် လူမှုသဟဇာတဆိုင်ရာ မူဘောင် တစ်ရပ် ပေါ်ပေါက်လာရေး ယနေ့နံနက်ပိုင်းက ဝန်ကြီးဌာနတာဝန်ရှိသူများ၊ Paung Sie Facility နှင့် ဩစတြေးလျနိုင်ငံ Football United အဖွဲ့တို့နှင့် အွန်လိုင်းမှတဆင့် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။
ထိုသို့တွေ့ဆုံရာတွင် ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံအနေဖြင့် တရားဥပဒေ စိုးမိုးရေးနှင့် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေး၊ အမျိုးသားရင်ကြားစေ့ရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေး၊ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေး ဦးတည်ချက်များဖြင့် ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက် လျက်ရှိကြောင်း၊ နိုင်ငံအတွင်း ရေရှည်ပဋိပက္ခ ကင်းဝေးရေးဆောင်ရွက်ရာတွင် လူမှုသဟဇာတဖြစ်ရေးလုပ်ငန်းစဉ်သည် အရေးကြီးကြောင်း၊ လူမှုသဟ ဇာတဖြစ်ရေးနှင့်ပတ်သက်၍ ဒေသဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့အစည်းများ၊ ဒေသခံများနှင့် ညှိနှိုင်းဆွေးနွေးခြင်များ၊ တွေ့ဆုံပွဲများ၊ အလုပ်ရုံဆွေးနွေး ပွဲများကိုလည်း အခါအားလျော်စွာ ဆောင်ရွက်လျက်ရှိကြောင်း၊ လူမှုသဟဇာတဖြစ်ရေးကိုဆောင်ရွက်ရာတွင် မိမိတို့ဝန်ကြီးဌာနတစ်ခုတည်းဖြင့် ဆောင်ရွက် ၍ မရကြောင်း၊ အစိုးရဌာနများ၊ အစုအဖွဲ့များနှင့် လူမှုအဖွဲ့အစည်းများအကြား ပူးပေါင်းဆောင်ရွက်ခြင်းနှင့် မတူညီသော လူမှုအသိုက်အဝန်းများအကြား အပြန်အလှန်ညှိနှိုင်း ဆက်သွယ်ဆောင်ရွက်ခြင်း၊ ယုံကြည်မှုတည်ဆောက်ခြင်း စသည့်လုပ်ငန်းစဉ်များကို အလေးထား ဆောင်ရွက်ရ မည်ဖြစ်ကြောင်း၊ ဤလုပ်ငန်းသည် ရေရှည်လုပ်ငန်းစဉ်ဖြစ်၍ မူဘောင်တစ်ရပ်ရေးဆွဲပြီး စနစ်တကျဆောင်ရွက်ရန်လိုအပ်ကြောင်း၊ အစိုးရက ဆောင်ရွက်မည့်လုပ်ငန်းစဉ် များတွင် Paung Sie Facility နှင့် ဩစတြေးလျနိုင်ငံ Football United အဖွဲ့တို့က ပါဝင်ပူးပေါင်း ဆောင်ရွက်မည်ဖြစ်သည့်အတွက် ကြိုဆိုပါကြောင်း ပြောကြားခဲ့ပါသည်။
ထို့နောက် Paung Sie Facility နှင့် ဩစတြေးလျနိုင်ငံ Football United အဖွဲ့တို့က ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်မည့် အခြေအနေများကို ရှင်းလင်း ဆွေးနွေးကြရာ ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်နှင့် ညွှန်ကြားရေးမှူးချုပ်များက လိုအပ်သည့် အကြိုညှိနှိုင်းဆွေးနွေးရန် လိုအပ်သည့်ကိစ္စရပ်များ၊ လုပ်ငန်းများဆောင်ရွက်ရာတွင် ကိုဗစ်-၁၉ ဆိုင်ရာ လမ်းညွှန် ချက်များနှင့်အညီဆောင်ရွက်ကြရမည့် အခြေအနေများကို ပြန်လည်ညှိနှိုင်း ဆွေးနွေးခဲ့ကြ ပါသည်။ လူမှုသဟဇာတဖြစ်ရေးဆိုင်ရာ ဆက်လက်ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များကို လုပ်ထုံးလုပ်နည်းနှင့်အညီဖြစ်စေရန် စိစစ်၍အဆင့်ဆင့် ညှိနှိုင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသတင်းရရှိပါသည်။
#hl1
#npw_oct2020
Source: MOSWRR