၁။ ၂၀၁၆ ခုနှစ်၊ ဇူလိုင်လလယ်ခန့်မှ စတင်ဖြစ်ပွားလျက်ရှိသော ရေကြီးရေလျှံမှုများကြောင့် တိုင်းဒေသကြီး/ ပြည်နယ်(၁၁)ခုတွင် ပြည်သူများအား ဘေးလွတ်ကင်းရာ နေရာများသို့ ယာယီ ပြောင်းရွှေ့နေရာချထားပေးမှုများ ရှိခဲ့ရာ (၂၀-၈-၂၀၁၆)နေ့အထိ အိမ်ထောင်စု(၁)သိန်း (၁)သောင်းကျော်မှ လူဦးရေ(၄)သိန်း(၇)သောင်းကျော်ကို ဘေးလွတ်ရာနေရာများသို့ ပြောင်းရွှေ့ နေရာချထားပေးခဲ့ရပါသည်။ လူ(၈)ဦး သေဆုံးခဲ့ပါသည်။ သို့သော် ယခုအခါ အချို့နေရာများတွင် ရေများပြန်လည် ကျဆင်းသွားပြီဖြစ်သဖြင့် မူလနေရာများသို့ ပြန်လည် ရွှေ့ပြောင်းလျက်ရှိရာ –
၂။ အဆိုပါ ရေဘေးဒဏ်ခံစားခဲ့ရသည့် ပြည်သူများအတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာနမှ ကူညီထောက်ပံ့မှုများ ဆောင်ရွက်လျက်ရှိရာ (၁၅-၇-၂၀၁၆) မှ (၂၀-၈-၂၀၁၆) ရက်နေ့အထိ ဆန်၊ ခေါက်ဆွဲ၊ ရေသန့်၊ ငါးသေတ္တာ၊ ရေသန့်ဆေးပြား၊ ကယ်ဆယ်ရေးပစ္စည်းများ၊ မိုးကာစ၊ ရေမျောပါပျက်စီးသည့်အိမ်များအတွက် ထောက်ပံ့မှု၊ သေဆုံးသူထောက်ပံ့မှုများအတွက် စုစုပေါင်းတန်ဖိုး ကျပ်သိန်းပေါင်း (၇၂၀၀)ကျော် ထောက်ပံ့ပေးခဲ့ပြီးဖြစ်ကြောင်း၊ သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ် အစိုးရ အဖွဲ့များ၊ ခရိုင်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနများ၊ လူမှုရေးအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ထောက်ပံ့မှုများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။
၃။ ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ ကုန်တန်းစျေးကျေးရွာ၌ (၁၉-၈-၂၀၁၆)နေ့တွင် စက်လှေ နစ်မြုပ်မှု ကြောင့် ကျောင်းသူ(၄)ဦး သေဆုံးခဲ့မှုအတွက်လည်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ရခိုင်ပြည်နယ်ဦးစီးမှူးသည် ရခိုင်ပြည်နယ် ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့်အတူ (၁၉-၈-၂၀၁၆)နေ့တွင်ပင် ချက်ချင်းသွားရောက်၍ သေဆုံးသူ(၁)ဦး လျှင် ကျပ်(၁)သိန်းနှုန်းဖြင့် ထောက်ပံ့ငွေကျပ်(၄)သိန်းအား ကျန်ရစ်သူမိသားစုများထံ သွားရောက် ထောက်ပံ့ ပေးခဲ့ပါသည်။