
စက်တင်ဘာ ၂၇၊ နေပြည်တော်
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်၌ စက်တင်ဘာလ(၂၇)ရက်နေ့တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မြေနိမ့်ပိုင်းရပ်ကွက်များသို့ မြစ်ရေဝင်ရောက်ခဲ့ရာ မြစ်ကြီးနားမြို့၊ မြေနိမ့်ပိုင်း ရပ်ကွက်များဖြစ်သော လယ်ကုန်း၊ ကြက်ပေါင်ခြံ၊ ရမ်ပူနှင့် မြို့သစ်ကြီးရပ်ကွက်တို့မှ အိမ်ထောင်စု (၉၇)စု၊ လူဦးရေ(၄၂၄)ဦးတို့သည် ရေဘေးကယ်ဆယ်ရေးစခန်း(၆)ခုသို့ ခေတ္တပြောင်းရွှေ့ခိုလှုံလျက်ရှိ ကြောင်း သိရှိရပါသည်။
ရေကြီးရေလျှံမှုဖြစ်ပွားခဲ့သည့် နေရာများသို့ ကချင်ပြည်နယ်အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့်အတူ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကချင်ပြည်နယ် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများက သွားရောက်ကြည့်ရှုခဲ့ပြီး ရွှေ့ပြောင်းကိစ္စများ၊ ကယ်ဆယ်ရေးစခန်း ဖွင့်လှစ်ရေးကိစ္စများကို ပူးပေါင်းဆောင်ရွက်ခဲ့ပြီး ရေဘေးသင့်ပြည်သူ (၄၂၄)ဦးအတွက် စုစုပေါင်း တန်ဖိုးငွေ ကျပ်(၁,၀၂၁,၀၈ဝိ/-)ရှိ ဆန်ရိက္ခာ(၇)ရက်စာ၊ အဝတ် Mask များနှင့် ဆပ်ပြာတောင့်များ ထောက်ပံ့ပေးခဲ့ပါသည်။
အလားတူ စက်တင်ဘာလ(၂၄)ရက်နေ့နှင့် (၂၅)ရက်နေ့တို့တွင် ဖားကန့်မြို့နယ်၊ ရှဒူဇွပ် ကျေးရွာ၌ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မိုးကောင်းချောင်းရေလျှံတက်ခဲ့ပြီး မြေနိမ့်ပိုင်းနေရာ များသို့ ရေဝင်ရောက်ခဲ့ရာ နေအိမ်(၂၃)လုံး ရေစီးနှင့်မျောပါပျက်စီးခဲ့ပြီး အိမ်ထောင်စု(၄၁၀)စုမှ လူဦးရေ(၂၈၇၅)ဦးတို့သည် ရေဘေးကယ်ဆယ်ရေး စခန်း(၄)ခုနှင့် ဆွေမျိုးများနေအိမ်သို့ ခေတ္တပြောင်း ရွှေ့ခိုလှုံခဲ့ရပါသည်။ အဆိုပါ ရေဘေးသင့် ပြည်သူများအတွက် စုစုပေါင်းတန်ဖိုးငွေ ကျပ်(၉,၉၈၃,၇၄၄/-)ရှိ ဆန်ရိက္ခာ(၇)ရက်စာ၊ အိမ်ဆောက်ပစ္စည်းဖိုး၊ ကယ်ဆယ်ရေးပစ္စည်း၊ အဝတ် Mask များအား ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှ ယနေ့တွင် သွားရောက်ထောက်ပံ့ ခဲ့ပါသည်။
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနအနေဖြင့် ကယ်ဆယ်ရေးစခန်းများရှိ ရေဘေးရှောင် ပြည်သူများအား COVID-19 ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ သတ်မှတ်ချက်များကို လိုက်နာဆောင်ရွက်ကြရန်လည်း အသိပညာပေး ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: MSWRR
#ha_fld
#npw_sep2020