လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဒေါ်မြတ်မြတ်အုန်းခင်သည် ဇန်နဝါရီလ (၅) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် အဆိုပါဝန်ကြီးရုံး စုပေါင်းခန်းမ၌ ကျင်းပပြုလုပ်သော ဝန်ထမ်းများအင်္ဂလိပ်စာအရည်အသွေးမြှင့်တင်ရေးသင်တန်းအမှတ်စဉ် (၁/၂၀၁၅) ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြားခြင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဒေါ်မြတ်မြတ်အုန်းခင်သည် ဇန်နဝါရီလ (၅) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် အဆိုပါဝန်ကြီးရုံး စုပေါင်းခန်းမ၌ ကျင်းပပြုလုပ်သော အရာထမ်း၊ အမှုထမ်းများအတွက် အင်္ဂလိပ်စာအရည်အသွေးမြှင့်တင်ရေးသင်တန်းအမှတ်စဉ် (၁/၂၀၁၅) ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြားရာတွင် ဝန်ထမ်းများအနေနဲ့ ပြောင်းလဲလာတဲ့ ခေတ်စနစ်နှင့်အညီ လိုက်ပါဆောင်ရွက်နိုင်စေရန် အင်္ဂလိပ်စာအရည်အသွေးတိုးတက်မြင့်မားလာစေဖို့ လိုအပ်ပါကြောင်း၊ ဝန်ထမ်းများ အရည်အသွေးပြည့်ဝနေမယ်ဆိုရင် ဘယ်ခေတ်၊ ဘယ်စနစ်ပဲပြောင်းပြောင်း ခေတ်နဲ့အညီလိုက်ပြီး ပြည်သူများရဲ့ တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်နိုင်မှာဖြစ်ပါကြောင်း၊ လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းတွေနဲ့ သဘာဝဘေးလျော့ပါးရေးလုပ်ငန်းများကို နိုင်ငံတကာ စံချိန်စံညွှန်းများနှင့်အညီ အကောင်အထည်ဖော်ရာတွင် လည်းကောင်း၊ ဖွံ့ဖြိုးမှု မိတ်ဖက်အဖွဲ့အစည်းများနှင့် ပြောဆိုဆက်ဆံရာတွင်လည်းကောင်း၊ အလုပ်ရုံဆွေးနွေးပွဲများ တက်ရောက်ရာတွင် နိုင်ငံတကာသုံးဘာသာစကားဖြစ်တဲ့ အင်္ဂလိပ်စာကို ကျွမ်းကျင်စွာ တတ်မြောက်ရေးမှာ အဓိက လိုအပ်သည့်အတွက် ယခုလို သင်တန်းမျိုး ဖွင့်လှစ်ရခြင်းဖြစ်ပါကြောင်း၊ သင်တန်းသား/သူများအနေနဲ့ ဝန်ကြီးဌာနနှင့် ပြည်သူပြည်သားများ အားကိုးအားထားရသော ကျွမ်းကျင်ဝန်ထမ်းကောင်းများ ဖြစ်လာစေရန် ကြိုးကြိုးစားစား သင်ယူကြရန် လိုအပ်ပါကြောင်း၊ သင်တန်းမှရရှိသော အတွေ့အကြုံများ၊ ပညာရပ်များကိုလည်း လုပ်ဖော်ကိုင်ဖက်များသို့ တစ်ဆင့်မျှဝေပေးကြပါလို့ တိုက်တွန်းပြောကြားလိုပါကြောင်း စသည်ဖြင့် အမှာစကားပြောကြားပါသည်။
အစီအစဉ်အရ United Nations Development Programme ( UNDP ) မှ Country Director Mr. Toily Karvanov က သင်တန်းဖွင့်လှစ်ရခြင်းနှင့် ပတ်သက်၍ နှုတ်ခွန်းဆက်စကား ပြောကြားခဲ့ပါသည်။ ထို့နောက် (၂) လကြာ ဖွင့်လှစ်မည့်သင်တန်းသို့ တက်ရောက်လာသော ပြည်နယ်နှင့် တိုင်းဒေသကြီး အသီးသီးရှိ အရာထမ်း၊ အမှုထမ်း ဝန်ထမ်းစုစုပေါင်း (၄၄) ဦးတို့မှ တစ်ဦးချင်း မိတ်ဆက်စကားပြောကြားခဲ့ပါကြောင်း သိရှိရပါသည်။

Sign Up

Upcoming Events