လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြတ်မြတ်အုန်းခင်သည် ဒီဇင်ဘာလ (၂၀) ရက်နေ့တွင်အောက်ခြေကျေးရွာများအထိ လူမှုစီးပွားမြှင့်တင်ရေးလုပ်ငန်းများ ဆောင်ရွက်ခြင်း

လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများဆောင်ရွက်ရန် စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့၌ ရောက်ရှိနေသော လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြတ်မြတ်အုန်းခင်သည် ဒီဇင်ဘာလ (၂၀) ရက်နေ့တွင် ခန္တီးမြို့နယ်၊ ပဒူးမုန်းကျေးရွာသို့ ရောက်ရှိပြီး တောင်တန်းသာသနာပြုဘုန်းတော်ကြီးကျောင်း၌ ကျောင်းပြုပြင်ရန် (၃) သိန်း၊ ဆင်းရဲနွမ်းပါးသော သက်ကြီးရွယ်အိုများ၏ နေအိမ်များပြုပြင်ရန် ပဒူးမုန်းရွာမကျေးရွာအတွက် (၁၅) သိန်းနှင့် ပဒူးမုန်းရွာသစ်ကျေးရွာအတွက် (၂၁) သိန်းနှင့် အဝတ်အထည်များအား ထောက်ပံ့ပေးပါသည်။ ဆက်လက်၍ လက်ပံသာကျေးရွာသို့ ရောက်ရှိပြီး မူကြိုကျောင်းပြုပြင်ရန် (၅) သိန်း၊ လူမှုစီးပွားဘဝများမြှင့်တင်ရေးအတွက် (၂) သိန်းနှင့် အဝတ်အထည်များအား ထောက်ပံ့ပေးပါသည်။
ဒီဇင်ဘာလ (၂၁) ရက်နေ့တွင် ခန္တီးမြို့နယ်၊ စိန်နန်းကျေးရွာသို့ ရောက်ရှိပြီး ကျေးလက်ဖွံဖြိုးရေးအတွက် (၃) သိန်း၊ ဟိန်စွန်းကျေးရွာအတွက် (၂) သိန်းကျပ်နှင့် အဝတ်အထည်များအား ထောက်ပံ့ပေးပါသည်။ ထို့နောက် သာယာကုန်းကျေးရွာသို့ရောက်ရှိပြီး ကျေးလက်ဖွံဖြိုးရေးလုပ်ငန်းများဆောင်ရွက်ရန် သာယာကုန်းကျေးရွာနှင့် ကတိုးကြီးကျေးရွာအတွက် (၂) သိန်းကျပ်စီနှင့် အဝတ်အထည်များအား ထောက်ပံ့ပေးပါသည်။
ဆက်လက်၍ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့နယ်၊ လောင်ငေါက်ကျေးရွာသို့ရောက်ရှိပြီး နာဂရိုးရာနှစ်သစ်ကူးပွဲတော် လူမှုစီးပွားမြင့်မာရေးဆောင်ရွက်ရန် လောင်ငေါက်ကျေးရွာနှင့် နောက်လော်ကျေးရွာအတွက် (၁) သိန်းကျပ်စီနှင့် အဝတ်အထည်များအားထောက်ပံ့ပေးပြီး တောင်တန်းသာသနာပြုဆရာတော်ထံ လှူဖွယ်ပစ္စည်းများ ဆက်ကပ်ပါသည်။ ညပိုင်းတွင် လဟယ်မြို့၌ နာဂရိုးရာနှစ်သစ်ကူးပွဲတော်အကြို မီးပုံပွဲအား ကြည့်ရှုအားပေးပြီး ရိုးရာအကအဖွဲ့များထံ ထောက်ပံ့ငွေပေးအပ်ပါသည်။
ဒီဇင်ဘာလ(၂၂)ရက်နေ့တွင် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့ဆေးရုံသို့ ကြည့်ရှုပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းပေးပါသည်။ ဆက်လက်၍ လဟယ်မြို့၊ မြို့မရပ်ကွက်၌ ဝန်ကြီးဌာနမှ လှူဒါန်းမည့် မူကြိုကျောင်းဆောက်လုပ်မည့် မြေနေရာအား ကြည့်ရှု့ပြီး တောင်တန်းသာသနာပြု ဘုန်းတော်ကြီးများအား ကြည်ညိုဆည်းကပ်၍ လှူဖွယ်ပစ္စည်များ လှူဒါန်းပါသည်။ ထို့နောက် အမျိုးသမီးအိမ်တွင်းမှု လုပ်ငန်းသင်တန်းကျောင်း၌ ကျင်းပပြုလုပ်သည့် ကျေးရွာလူထုနှင့် တွေ့ဆုံပွဲသို့တက်ရောက်ပြီး မူကြိုကျောင်းဆောက်လုပ်ရန် (၃၀၀) သိန်းနှင့် သွပ်အချပ် (၂၀၀)၊ နာဂပွဲတော် လူမှုစီးပွားမြင့်မားရေးများဆောင်ရွက်ရန် ဂဟုန်းကျေးရွာ၊ စံပြကျေးရွာ၊ ဆပ္ပလော်ရှောင်ကျေးရွာ၊ ခါးငွေကျေးရွာ၊ ကုန်းလမ်းကျေးရွာ၊ လုံခင်ကျေးရွာ၊ ခါးလယ်ကျေးရွာ၊ ဝုထကျေးရွာ၊ မကျန်ကျေးရွာနှင့် လောင်တန်းကျေးရွာများအတွက် (၁)ရွာလျင် (၁)သိန်းနှုန်းဖြင့် (၁၀)သိန်းနှင့် အဝတ်အထည်များအား ထောက်ပံ့ပေးပါသည်။
ဆက်လက်၍ လူမှုစီးပွားမြင့်မားရေးများဆောင်ရွက်ရန်အတွက် တည်ဆောက်လျက်ရှိသော ရေအားလျှပ်စပ်ဓါတ်အားပေးစက်ရုံသို့ ကြည့်ရှုအားပေးပါသည်။ ထို့နောက် ဆော်လော်နောက်အင်းကျေးရွာသို့ ရောက်ရှိပြီး ကျေးလက်ဖွံ့ဖြိုးရေးလုပ်ငန်းဆောင်ရွက်ရန် ဆော်လော်နောက်အင်းကျေးရွာ၊ မွန်ထွေကျေးရွာနှင့် မွန်နောက်ပြောင်ကျေးရွာများအတွက် (၁) သိန်းကျပ်စီနှင့် အဝတ်အထည်များအား ထောက်ပံ့ပေးပါသည်။ ထို့နောက် ခန္တီးမြို့နယ်၊ သက္ကတောင်ကျေးရွာသို့ရောက်ရှိ၍ တောင်တန်းသာသနာပြု ဘုန်းတော်ကြီးထံ လှူဖွယ်ပစ္စည်များ လှူဒါန်းခဲ့ပါသည်။
ဒီဇင်ဘာလ (၂၃) ရက်နေ့တွင် ခန္တီးမြို့၊ မြို့မရပ်ကွက်၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းသို့ရောက်ရှိပြီး သက်ကြီးဘိုးဘွားများနှင့် ကိုယ်ဝန်ဆောင်မိခင်များအတွက် အဟာရကျွေးမွေးရန် (၁.၈) သိန်းကျပ် ထောက်ပံ့ခဲ့ပါကြောင်း သိရှိရပါသည်။

Sign Up

Upcoming Events